Wednesday, August 6, 2014

နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများ


နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ ယနေ့စတင်စစ်ဆေး
August 5, 2014
Written by: သားရွှေဦး (ကစ္ဆပ)
http://news-eleven.com
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများအား ယနေ့ သြဂုတ် ၅ ရက်တွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

၁၉၈၂ ဥပဒေအား ရခိုင်ပြည်နယ်တွင် စတင်အကောင်အထည် ဖေါ်ရန်အတွက် မြေပုံမြို့နယ်အား Pilot နယ်မြေအဖြစ် သတ်မှတ်ပြီး ပထမဆုံး လုပ်ငန်းစဉ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ စတင်လက်ခံခဲ့ကြောင်း သိရသည်။

ယင်းသို့ နိုင်ငံသားလျှောက်ထားရာတွင် ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ လျှောက်ထားစေခြင်းဖြစ်ကြောင်း သိရသည်။ ဇွန် ၁၅ ရက်မှ ဇူလှိုင် ၁၅ ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် လျှောက်လွှာပေါင်း ၁၀၉၄ စောင် လက်ခံရရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားခဲ့သည်။

နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ် တောင်ပေါ်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများအား နံနက် ၉ နာရီခွဲမှ စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် မြို့နယ်အဆင့် ဌာနပေါင်းစုံပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ခုနစ်ဦးက ဆောင်ရွက်ခြင်းဖြစ်သည်။

“ယနေ့ကနေစပြီး နိုင်ငံသားလျှောက်ထားတဲ့ သူတွေကို မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ပြည်နယ်အဆင့်က တစ်ခါစစ်ဆေးပြီး ဗဟိုအဆင့်ကို တင်ရမှာဖြစ်ပါတယ်။ ကတ်ထုတ်ပေးတဲ့ အဆင့်ထိဆိုရင် နိုဝင်ဘာလမှာ အပြီးဆောင်ရွက်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဖြစ်မှု စိစစ်ခြင်းကိစ္စတွင် ၁၅-၁၀-၁၉၈၂ နေ့နှင့် ရှေ့ပိုင်းမွေးဖွားသူများကို ပုဒ်မ ၆/ ပုဒ်မ ၄၂ ဖြင့်လည်းကောင်း၊ ၁၅.၁၀.၁၉၈၂ နေ့နောက်ပိုင်း မွေးဖွားသူများကို ပုဒ်မ ၇/ ပုဒ်မ ၄၃ ဖြင့်လည်းကောင်း တိုင်းတာဆောင်ရွက်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး စိစစ်ဆောင်ရွက်ရာတွင် လက်ခံရရှိသော လျှောက်လွှာတစ်ခုချင်းစီပါ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ၊ မိဘဘိုးဘွားများ၏ ကိုယ်ရေးအချက်အလက်များအား ရန်ကုန်မြို့မှတ်တမ်းနှင့် နေပြည်တော်ရုံးချုပ်ရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေး၍ အထောက်အထားများကို ပူးတွဲပြီး အမှုတွဲတစ်ခုချင်းစီ ပြန်လည်တည်ဆောက်ခြင်းများကို ဆောင်ရွက်ရကြောင်းနှင့် လုပ်ငန်းတစ်ခုလုံးအတွက် ခန့်မှန်း နိုဝင်ဘာလကုန်တွင် လည်းကောင်း၊ အောက်တိုဘာလကုန်ခန့်တွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးအောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြမှုအား မြေပုံတွင်ပြုလုပ်စဉ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းမှ ပြောကြားခဲ့သည်။

မြို့နယ် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်လ၀ကဦးစီးမှူး၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖနှစ်ဦးနှင့် လျှောက်ထားသူနှင့်သက်ဆိုင်သည့် ဒေသအဖွဲ့အစည်းမှ အများကြည်ညို လေးစားရသူ ဘင်္ဂါလီတစ်ဦး ပါဝင်ကြောင်း သိရသည်။

“နိုင်ငံသားလျှောက်ထားသူဟာ အသက် ၁၈ နှစ်ပြည်ပြီးသူဖြစ်ရမယ်။ ရူးသွပ်သူမဖြစ်ရဘူး။ တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုး ပြောဆိုတတ်ရမယ်။ ပြီးရင် အကျင့်စာရိတ္တ ကောင်းမွန်ရမယ်။ လျှောက်ထားတဲ့သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လ၀ကညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဘင်္ဂါလီရပ်မိရပ်ဖများအား ရှင်းလင်းပြောဆိုခဲ့သည်။

မြို့နယ်အဆင့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် မြေပုံမြို့ခံ ဦးဖေညွန့်က “ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံသားလျှောက်ထားတဲ့ လျှောက်လွှာမှာပါတဲ့ ဘင်္ဂါလီတွေကို လ၀ကအဖွဲ့တွေနဲ့ သွားစစ်တာဖြစ်ပါတယ်။ မနက်ပိုင်းမှာ သုံးဦးစစ်ဆေးပြီးပါတယ်။ စစ်ဆေးရာမှာ အနှောင့်အယှက်မရှိ ဥပဒေအတိုင်း စစ်ဆေးနိုင်ပါတယ်။ လျှောက်လွှာ ၁၀၀၀ ကျော်မှာ အခုစစ်ဆေးမှာက ၇၀၀ ကျော်ကို စစ်ဆေးမှာလို့ သိရတယ်” ဟု နိုင်ငံသားစစ်ဆေးမှုနှင့်ပတ်သက်၍ ပြောကြားသည်။

0 အကြံပြုခြင်း: