Wednesday, July 16, 2014

ဝန်ကြီးဌာနများသည်တင်ဒါမခေါ်ဘဲ ကုမ္ပဏီများထံ လက်သိပ်ထိုး


Eleven Media Group
ဝန်ကြီးဌာနများသည် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီများထံ လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်းများ၊ ပစ္စည်းများ ၀ယ်ယူရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့် သဘောများအား စာရင်းစစ်ချုပ် စစ်ဆေးတွေ့ရှိ

ဝန်ကြီးဌာနများသည် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီများထံ လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်းများ၊ ပစ္စည်းများဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့် သဘောများအား စာရင်းစစ်ချုပ် စစ်ဆေးတွေ့ရှိခဲ့သည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ ပထမခြောက်လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ၊ အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်းအစီရင်ခံစာအပေါ် လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ပြန်လည်သုံးသပ် ဖော်ပြသည့် အစီရင်ခံစာတွင် “နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း မရှိသဖြင့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား အလေးထားလိုက်နာခြင်း မရှိကြောင်း၊ တင်ဒါမခေါ်ဘဲ ကုမ္ပဏီများနှင့် ချိတ်ဆက်လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ပစ္စည်းဝယ်ယူခြင်းများသည် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့်သဘော သက်ရောက်ကြောင်း သုံးသပ်ရရှိပါသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ၊ ငွေသားများအား လက်ဝယ်ကိုင်ဆောင်ထားပြီး မိမိကိုယ်ပိုင် ငွေစုစာအုပ်တွင်ထည့်သွင်း၍ အတိုးစားခြင်း၊ နေ့ပြန်တိုးပေးခြင်း၊ မိမိလုပ်ငန်းတွင် ခေတ္တစိုက်ထုတ် ရင်းနှီးမြှုပ်နှံနိုင်ခြင်း စသည့်မသမာမှုများ ပြုလုပ်နိုင်သဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သင့်သည်ဟု အကြံပြုဖော်ပြထားသည်။

အထက်ပါ အားနည်းချက်များအား လေ့လာစိစစ်ရာ အချို့လုပ်ငန်းများမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်းကြောင့်ဟု ယူဆရသော်လည်း အချို့ငွေပမာဏများသည့် လုပ်ငန်းများသည် တာဝန်ရှိသူနှင့် ကန်ထရိုက်များအကြား ဆက်ဆံရေးမှာ ရိုးဖြောင့်မှုမရှိဟု သုံးသပ်ရရှိပါကြောင်း၊ သို့ပါ၍ လိုအပ်သလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သင့်ပါကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။

ဝန်ကြီးဌာနအချို့မှာ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသည့် ဆောင်ရွက်ချက်များ တွေ့ရှိရကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်ခြင်းသည် ငွေကြေးရှုပ်ထွေးမှု၊ အလွဲသုံးစားပြုမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြီးစွာသတိပြုရမည့် အချက်များဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနများသည် ဌာနတွင်း၊ ဌာနစိတ်အသီးသီး ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများကို ရုံးတွင်းဖွဲ့စည်းပုံအရ ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်ဌာန အကြီးအကဲများ၊ ဝန်ထမ်းများသည် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ မည်သို့ပြဌာန်းထားကြောင်း သိရှိကျွမ်းကျင်ပြီး ဖြစ်ပါလျက်နှင့် လျစ်လျူရှု၍ ဆောင်ရွက်ခြင်းများကြောင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးစေကြောင်း၊ လိုက်နာဆောင်ရွက်မှု အားနည်းနေခြင်းများကို စာရင်းစစ်ကန့်ကွက်ချက်များအရ တွေ့ရှိရသဖြင့် ပြုပြင်သင့်ကြောင်း လွှတ်တော်ကော်မတီက သုံးသပ်ထားသည်။

ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းအကြီး အကဲများသည် လက်အောက်ဝန်ထမ်း အဆင့်ဆင့်အပေါ် ကြီးကြပ်မှုအားနည်းခြင်းကြောင့် အလွဲသုံးစားမှုများ ပေါ်ပေါက်စေကြောင်း၊ ကျူးလွန်သည့်ပြစ်မှုများအပေါ် အရေးယူ အပြစ်ပေးခြင်းသည် ထိရောက်မှုမရှိသဖြင့် ဌာနတွင်း အလွဲသုံးစားမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်စေနိုင်ကြောင်း၊ အပြစ်ပေးအရေးယူမှုမှာ “သတိပေးပြီးဖြစ်သည်။ လိုက်နာဆောင်ရွက်ပါမည်။ ညှိနှိုင်းဆောင်ရွက်ပါမည်။ နောင်မဖြစ်စေရန် သတိထား ဆောင်ရွက်ပါမည်” စသည်ဖြင့် ဆောင်ရွက်ခြင်းမျိုး မဖြစ်သင့်တော့ကြောင်း သုံးသပ်ရပါသည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group က ဇွန် ၉ ရက် နေ့စွဲ၊ စာအမှတ် ၁ဝ၇/Admin/၂ဝ၁၄ ဖြင့် လာဘ်ပေးလာဘ်ယူမှု ကော်မရှင်ထံသို့ ပေးပို့ခဲ့သော တိုင်ကြားစာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဝယ်ယူခဲ့သော ပုံနှိပ်စက်ဝယ်ယူမှုများ၌ ဈေးနှုန်းအဆမတန် ကွာဟမှုများရှိနေပြီး နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာမှုများ ဖြစ်ပေါ်နေကြောင်းနှင့် အဆိုပါကိစ္စရပ်ကို အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာဖြင့် လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူပေးရန် တိုင်ကြားစာ ပေးပို့ထားသည်။

0 အကြံပြုခြင်း: