Wednesday, July 2, 2014

ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီ လေးဦးကို တရားစွဲဆို



Eleven Media Group


မောင်တောမြို့နယ်အတွင်း လက်နက်ဖြင့် အုပ်စုလိုက်ဝင်ရောက်ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီ လေးဦးကို တရားစွဲဆိုထား

မောင်တောမြို့နယ်အတွင်း လက်နက်ဖြင့်အုပ်စုလိုက်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီလေးဦးကို တရားစွဲဆိုထားကြောင်း သတင်းရသည်။ မေ ၂၈ ရက် ညအချိန် မောင်တောမြို့နယ် တောင်ပိုင်းသင်္ဘောကွေ့ကျေးရွာတွင် လက်နက်ကိုင် အုပ်စုလိုက်ဝင်ရောက်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မော်လဝီတစ်ဦး၊ ကျေးရွာအုပ်စုတာဝန်ခံနှင့် ၎င်း၏ဇနီးတို့အသတ်ခံရမှု၊ ရွာသားကိုးဦး ပြင်းထန်စွာ ဒဏ်ရာရမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးခဲ့ရာ လေးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/၃၂၆/ ၃၂၄/၁၁၄ ဖြင့် မေ ၃ဝ ရက်မှ စတင်တရားစွဲဆိုထားပြီး မောင်တောမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပြစ်မှုကြီးအမှတ် ၁၅/ ၂ဝ၁၄ အရ လက်ခံစစ်ဆေးနေကြောင်း သိရသည်။ လက်ရှိတရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေသည့် ဘင်္ဂါလီလူမျိုး လေးဦးမှာ အီမန်ဟူဆောင်း၊ မော်ဝါဆူဟောက်၊ အဒူလာ နှင့် အဇီဇူဟောက်တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါအုပ်စုဖွဲ့ လက်နက်ကိုင်ကျူးလွန်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဘင်္ဂါလီ ၁၂ ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/၃၂၆/၃၂၄/ ၁၁၄ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားခံပြေးအဖြစ် ကြေညာကာ တရားစွဲတင်ထားကြောင်း သိရသည်။ မေ ၃ ရက် နံနက် ၁ နာရီခန့်က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာတွင် လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လာရောက်တိုက်ခိုက်မှုကြောင့် သင်္ဘောကွေ့ ကျေးရွာအုပ်စုတာဝန်ခံ ဇော်ကော်ရီယာ အသက် (၄၃)နှစ်နှင့် ဇနီးဖြစ်သူ ဟာလီမာခါတူတို့နှင့် ကျေးရွာရှိ မော်လဝီတစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း သိရသည်။ တိုက်ခိုက်ခံရ၍ ဒဏ်ရာရသူ ကိုးဦးမှာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။ မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ တိုက်ခိုက်မှုမှာ ပစ္စည်းရလိုခြင်းထက် လူသတ်ရန် ရည်ရွယ်လာရောက်ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ ကျေးရွာသားများက ပြောကြားသည်။ မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်များ ဝင်ရောက်နေသည်ဟု သတင်းထွက်ပေါ်နေခဲ့ပြီး လက်နက်များဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် တိုင်းရင်းသားများအား တိုက်ခိုက်မှုများရှိခဲ့ပြီး လက်နက်ဖြင့် အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

0 အကြံပြုခြင်း: