Tuesday, July 1, 2014

“ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် ပြသနာ အဖြေရှာပါ”



စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၁-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ၊ မာဆတ်တွေ ကိစ္စ မေးခွန်းမေးပါတယ်။ အားလုံးသိတဲ့ လျှို့ဝှက်ချက်လို့ ခေါ်နိုင်တဲ့ မေးခွန်း အမျိုးအစားပါ။ သက်ဆိုင်ရာက အဲဒီ ကေတီဗွီ၊ မာဆတ်တွေကို အရေးမယူဘူးလား၊ ရဲတွေ၊ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြတာကြောင့် အဲဒီ လိုင်းကြေးယူ၊ အဂတိလိုက်စားတဲ့ ရဲနဲ့ တာဝန်ရှိသူတွေကိုရော ဘယ်လို လုပ်နေသလဲ ဆိုတဲ့ မေးခွန်းမျိုးပါ။ ပြန်ဖြေတဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကတော့ ထုံးစံအတိုင်း စာအုပ်ထဲက မရိုးနိုင်တဲ့ ကိန်းဂဏန်းတွေ၊ ရဲတပ်ဖွဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ရွတ်ဆိုပြီး ဖြေသွားခဲ့ပါတယ်။
ဒီ ဖြေကြားချက်ကို ဘ၀င်မကျနိုင်တာကြောင့် ဦးသိန်းထွန်းဦးက ထပ်ဆင့် မေးခွန်းထုတ်ပါတယ်။ အဲဒီ ကေတီဗွီ၊ မာဆတ်တွေ ဖွင့်တာကို သာမန်ပြည်သူတွေက သိရင် တိုင်ကြားဖို့ မဆိုထားနဲ့၊ သူတို့လို့ အမတ်တွေက ပြောတာတောင် မရတဲ့အကြောင်း၊ အဲဒီ ရဲ နဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့ သဘောက မဖမ်းချင်ပါဘူး၊ တိုင်တဲ့သူရှိလို့ ဖမ်းရတာ ဆိုပြီး ပြောတာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်ကျော်ကျော်ထွန်းကတော့ စည်းကမ်းချိုးဖေါက်တဲ့ ရဲအရာရှိနဲ့ အခြားတပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ ရှိခဲ့ပါတယ်ဆိုပြီး နှစ်အလိုက် ကိန်းဂဏန်းနဲ့ ပြောဆိုဖြေကြားတာ လောက်ပဲ လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် ဘယ်လိုတွေ ရပ်တည်နေကြသလဲ၊ ဘယ်လိုဖြစ်သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်တွေ ရှိခဲ့တာ ခုမှ မဟုတ်ပါဘူး။ ကြာ ကြာလှပြီလို့ ပြောရင်တောင် ရပါတယ်။ ဖွင့်ပုံ ဖွင့်နည်း ခွင့်ပြုပုံ ခွင့်ပြုနည်းပဲ ကွာခြားခဲ့တာပါ။ ရှိတာတော့ ရှိခဲ့တာ ချည်းပါပဲ။ ပထမ တစ်ချက် ဆွေးနွေးဖို့ လိုတာက ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်တွေကို ဖွင့်ခွင့်ပေးမလား၊ မပေးဘူးလား ဆိုတာပါ။ ဒါနဲ့ ပါတ်သက်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုဒေါင့်က ကြည့်သူတွေကတော့ ခွင့်မပြုပေးသင့်ဘူးလို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ် လက်ရှိ တိုင်းပြည်က ကျင့်သုံးနေတဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေး ပုံစံအရဖြစ်စေ၊ နိုင်ငံထဲကို နိုင်ငံတကာ ခရီးသွားတွေ နှစ်စဉ် သန်းနဲ့ချီ လာရောက်လည်ပါတ်တဲ့ အခြေအနေအရ ကြည့်ရင်ပဲ ဖြစ်စေ၊ ခွင့်ပြုပေးထားရမယ် ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ ပြသနာက ဘယ်နည်း ဘယ်ပုံ ဖွင့်ခွင့် ပေးမလဲ ဆိုတာပါပဲ။
ဒါနဲ့ ပါတ်သက်လို့ နောက်တစ်ချက် ထပ်စဉ်းစားဖို့ လိုတာက ဒီ လုပ်ငန်းတွေကို သူ့ဖာသာသူ မှောင်ခိုသဘော၊ လျှို့ဝှက်သဘော၊ ရဲတွေ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ခိုးကြောင်ခိုးဝှက် ဖွင့်ခွင့်ပေးမလား၊ ဖမ်းတဲ့အခါဖမ်း၊ ပိတ်တဲ့အခါပိတ် မတည်မငြိမ် အခြေအနေမျိုးထားမလား၊ ဥပဒေ စည်းမျဉ်းစည်းကမ်းအောက် ရောက်လာအောင် ထားမလား စဉ်းစားဖို့ လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ပိုရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နမူနာကို လေ့လာလိုက်ရင် ဥပဒေ စည်းမျဉ်းစည်းကမ်းအောက် ရောက်လာအောင် လုပ်တာ အကောင်းဆုံးဆိုတဲ့ အဖြေ တွေ့ကြရပါလိမ့်မယ်။ ဒါဟာ အဲဒီ လုပ်ငန်းတွေကနေ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အခွန်ဝင်ငွေ အများကြီး ရလာနိုင်သလို၊ ဥပဒေ အောက်မှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိမ်းချုပ်နိုင်တဲ့အတွက် ရာဇ၀တ်မှုတွေ အပါအ၀င် မလိုလားအပ်တဲ့ ဘေးထွက်ပြသနာတွေကိုလည်း ကြိုတင်ကာကွယ် တားဆီးနိုင်၊ ဖြစ်လာရင်လည်း အချိန်မီ ထိန်းသိမ်းနိုင်မှာမို့ ဖြစ်ပါတယ်။
အဲဒီအတွက် ဆက်ပြီး စဉ်းစားဖို့ လိုတာက ဘယ်သူတွေကို လုပ်ကိုင်ခွင့် ပြုမလဲ၊ ဘယ်နေရာမှာ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန် အတိုင်းအတာ အတွင်း လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်သူတွေကို သွားခွင့်ပေးမလဲ စသဖြင့် သတ်မှတ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရေး လက်ရှိ မြန်မာနိုင်ငံထဲမှာက ပြသနာ ရှိနေပါတယ်။ အရင် စစ်ထောက်လှမ်းရေးတွေ တံခိုးထွားနေစဉ်တုန်းက ဒီ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ထောက်လှမ်းရေးနဲ့ နီးစပ်သူတွေ ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးတွေ မရှိတော့တဲ့ ဒီကနေ့ အချိန်မှာလည်း အဲဒီ လုပ်ငန်း လုပ်ကိုင်သူတွေဟာ အာဏာပိုင် အသိုင်းအ၀ိုင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်တဲ့၊ ဒါမှမဟုတ် လိုင်းကြေးလို့ခေါ်တဲ့ လာဘ်ငွေကောင်းကောင်း ပေးထားနိုင်တဲ့ လုပ်ငန်းရှင်တွေပဲ များပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းတွေ တရားဝင်သလိုလို မ၀င်သလိုလို ဖြစ်နေတာကြောင့်လို့ သုံးသပ်ရပါတယ်။ တရားဝင် လုပ်ကိုင်တဲ့ လုပ်ငန်းတွေအဖြစ်သာ စည်းကမ်းတကျ သတ်မှတ်ပေးလိုက်ရင် အခွန်အခ တရားဝင် ပေးဆောင်သူတွေ၊ သတ်မှတ် စည်းမျဉ်းစည်းကမ်း လိုက်နာသူတွေဟာ လုပ်ငန်းရှင်တွေ ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ချက်က ဒီလုပ်ငန်းတွေရဲ့ အမျိုးအစားအလိုက် သတ်မှတ်နေရာတွေမှာ လုပ်ကိုင်ခွင့်ပြုစေတာမျိုးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာဆို နိုက်ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေး ရှိုးပြပွဲခန်းမတွေကို စုစည်းပြီး “ပက်ပုန်း”ဆိုတဲ့ ရပ်ကွက်တစ်ခု သတ်မှတ် နေရာ ပေးထားပါတယ်။ ရပ်ကွက် ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို အကူအညီပေးမယ့် ရဲကင်းတွေ ချထားပေးပါတယ်။ အလားတူ ပတ္တရားကမ်းခြေမှာလည်း သီးသန့် ရပ်ကွက်တစ်ခု သတ်မှတ်ပေးထားပြီး ရဲတွေ လုံခြုံရေးတွေကလည်း စည်းအပြင်ကနေ စောင့်ရှောက်ပေးပါတယ်။ ပြသနာ ရှိရင် ချက်ခြင်း ရှင်းပေးပါတယ်။ ရာဇ၀တ်မှု ဒုစရိုက်မှုတွေ မဖြစ်ပွားရလေအောင်ပါ။
ဒီလိုနည်းနဲ့ အခြား စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုအပ်သလို သတ်မှတ်ပေးလို့ ရပါတယ်။ တစ်ချို့နေရာ၊ တစ်ချို့ဧရိယာတွေကို မြန်မာနိုင်ငံသားတွေအတွက် မဟုတ်ပဲ နိုင်ငံခြားသားတွေ အတွက်ပဲ သီးသန့် သတ်မှတ်ပေးလို့ရပါတယ်။ ( ရှမ်းပြည်နယ် ထိုင်း-မြန်မာ- လာအို နယ်စပ် ရွှေတြိဂံ ဒေသက မြန်မာပိုင် လောင်းကစားရုံကို မြန်မာတွေ မသွားရလို့ ကန့်သတ်ထားပါတယ်။ အလားတူ ထိုင်းနယ်စပ်က ကမ္ဘောဒီးယားပိုင် လောင်းကစားရုံထဲကိုလည်း သူ့နိုင်ငံသားတွေ မသွားခိုင်းပါဘူး)။ လက်တွေ့ကျတဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ဥပဒေဘောင်အောက်သာ ရောက်လာရင် အဲဒီ လုပ်ငန်းတွေအားလုံးဟာ လက်ရှိ နိုင်ငံက သွားနေတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကောင်းကောင်း အထောက်အကူ ပြုပါလိမ့်မယ်။ ရသင့်ရထိုက်တဲ့ အခွန်အခတွေ အများကြီး ရလာပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းသစ်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဥပဒေဘောင်အောက်၊ အလင်းရောင် အောက်မှာ ဖြစ်တဲ့အတွက် ရာဇ၀တ်မှုတွေ၊ ဒုစရိုက်မှုတွေ ဖြစ်ပွားမလာအောင်လည်း အကာအကွယ်ရစေမှာဖြစ်ပါတယ်။ ပိုပြီးကောင်းကျိုးဖြစ်စေမှာက လိုင်းကြေးပြသနာ၊ ရဲနဲ့ အာဏာပိုင်တွေ အဂတိလိုက်စားမှု ပြသနာ လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် တွေကို နိုင်ငံတကာနည်းတူ ဥပဒေ စည်းမျဉ်းစည်းကမ်း အလင်းရောင်အောက် ရောက်လာအောင် အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

0 အကြံပြုခြင်း: