Wednesday, July 9, 2014

ပုဒ်မ ၄၃၆ ၏ ဇာစ်မြစ်


By
အေးသူစံ
On
Wed, 2014-07-09 13:45
Issue No.
အတွဲ (၁၃)၊ အမှတ်(၁၈)
7daydaily
အမျိုးသားညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလက်မှတ်များ ကောက်ခံနေသည်။ တစ်ချိန်တည်းမှာပင် အစိုးရနှင့် နိုင်ငံရေးအင်အားစုအချို့က ပြင်သင့်သည့်အချက်များကိုသာ ပြင်လိုသည်ဟု လေသံပစ်သည်။ မကြာသေးမီကဆိုလျှင် သမ္မတဖြစ်ခွင့် ကန့်သတ်ချက် ပုဒ်မ ၅၉(စ)ကို ပြင်မည်မဟုတ်ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံမှ စကားအစွန်းထွက်လာခဲ့သည်။

ထို့ကြောင့် ပုဒ်မ ၄၃၆ ပြင်ရန် ဒီချုပ်ဘက်တွင် ပြည်သူများကလွဲ၍ အခြားမည်သည့်နိုင်ငံရေးအင်အားစုများ ရပ်တည်နေသလဲဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

လောလောဆယ် ပြည်သူသုံးသန်းကျော် လက်မှတ်ရေးထိုးထားပြီး ပြင်လိုကြောင်း ဆန္ဒရှိသော ပုဒ်မ ၄၃၆ ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကတည်းကပင် ကိုယ်စားလှယ်အများစု ကန့်ကွက်ခဲ့ခြင်းမရှိကြောင်း ညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများက အံ့အားသင့်ဖွယ် ညွှန်ပြနေသည်။

‘‘ပုဒ်မ ၄၃၆ ကို ညီလာခံမှာ စဉ်းစားတော့ ပြင်ဖို့ခက်အောင် လုပ်ထားတာကို မူအားဖြင့် လက်မခံခဲ့ဘူး။ ဒါပေမဲ့ ပြင်ဖို့သိပ်လွယ်နေရင် ပါတီတစ်ခု တက်လာတိုင်း အခြေခံဥပဒေကို ပြင်ပြင်နေမယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံတော် ဖြစ်လာမှာ မဟုတ်ဘူး။ တပ်ပါဝင်မှုကို အတိုင်းအတာတစ်ခုထိ ပြောပေမယ့် လတ်တလော ပါဝင်သင့်တယ်လို့ ပြောခဲ့တယ်။ ၅၉(စ)ပြင်ဖို့မလိုဘူးဆိုတာလည်း ဟိုတုန်းကတည်းက ကျွန်တော်တို့ပါတီတွေ ပြောပြီးသား။ အဲဒီတုန်းက ကိုယ်စားလှယ်အများစုက အခုခေတ်လို ဘယ်သူသမ္မတဖြစ်လာမလဲဆိုတာတွေးပြီး ဒါတွေ သဘောတူခဲ့တာမဟုတ်ဘူး။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့အချက်တွေဖြစ်လို့ပဲ’’ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးထွန်းရီကပြောသည်။

၎င်းက ၁၉၉၃ မှ စတင်ခဲ့ပြီး ရပ်နားကာ  ၂၀၀၄ ခုနှစ် မှော်ဘီညောင်နှစ်ပင်တွင် အမျိုးသားညီလာခံ ပြန်လည်စတင်စဉ်မှ ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သူ ဖြစ်သည်။

သို့သော် ယင်းပုဒ်မတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံမှဆိုသော စာသားတွင် ‘‘ကျော်’’ဆိုသည့် စကားရပ်ကို ကန့်ကွက်ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘ဒါကတော့ နိုင်ငံတကာအခြေခံဥပဒေတွေမှာလည်းမပါလို့ ကန့်ကွက်ခဲ့တာ။ ဒါပေမဲ့ မူတွေကို အတည်ပြုမယ့် စုံညီအစည်းအဝေးအထိတောင် ပါမလာဘူး။ ကျန်ကိုယ်စားလှယ်တွေက ဘာမှမပြောတော့ ဒီမိုကရေစီနည်းအရ ကျွန်တော်တို့ စာတမ်းက ပြုတ်သွားတယ်’’ဟု ဆိုသည်။

အမျိုးသားညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့အနက် နိုင်ငံရေးပါတီ အစုအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ‘၀’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ တက်ရောက်ခဲ့သည်။

အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီနှင့် ရွေးကောက်ခံအစုအဖွဲ့မှလွဲ၍ ကျန်အဖွဲ့များမှာ စစ်အစိုးရအလိုကျ ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များဖြစ်ကြောင်း အတိုက်အခံအများစုက သုံးသပ်ခဲ့သည်။ ထို့ကြောင့် ညီလာခံဆုံးဖြတ်ချက်အများစုမှာ လူအများစုကို ကျော်လွန်နိုင်ခြင်းမရှိဟုဆိုသည်။ သို့သော် နိုင်ငံရေးပါတီအစုအဖွဲ့ထဲမှာပင် ပုဒ်မ ၄၃၆ ကို ထိုစဉ်ကတည်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူမရှိကြောင်း ညီလာခံတက်ရောက်ခဲ့သူတို့နှင့် တွေ့ဆုံမေးမြန်းမှုများက ညွှန်ပြနေသည်။

ပုဒ်မ ၄၃၆ ဖြစ်တည်လာမည့် အခြေခံမူများကို အမျိုးသားညီလာခံတွင် ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်တိုးသည် ပုဒ်မ ၄၃၆ မူများသာမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအတွက် အခန်းအလိုက်၊ ခေါင်းစဉ်အလိုက်၊ အကြောင်းအရာများကို လမ်းကြောင်းပေး စာတမ်းတင်သွင်းခဲ့သူလည်းဖြစ်သည်။

ကမ္ဘာ့အခြေခံဥပဒေ ၁၀၀ ကျော်ကို လေ့လာပြီးမှ အခန်းလိုက်ခေါင်းစဉ်များကို တရားသူကြီးချုပ် ဦးအောင်တိုးက တင်သွင်းသည်။ ဦးအောင်တိုး တင်သွင်းသည့်ခေါင်းစဉ်များကို နိုင်ငံရေးပါတီအစုအဖွဲ့၊ ရွေးကောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့၊ တစ်သီးပုဂ္ဂလ၊ တိုင်းရင်းသားအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့၊ လယ်သမားအလုပ်သမား၊ နိုင်ငံ့ဝန်ထမ်း၊ တတ်သိပညာရှင်နှင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်အစုအဖွဲ့များက ဆွေးနွေးကြသည်ဟုဆိုသည်။

အများစု၏ သဘောတူညီချက်များကို လက်ရှိသမ္မတဦးသိန်းစိန် ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် စုံညီအစည်းအဝေးတွင် အခြေခံမူအဖြစ် ချမှတ်သည်။ ယင်းမှာ အမျိုးသားညီလာခံကျင်းပသည့်ပုံစံပင် ဖြစ်သည်။

‘‘အစုအဖွဲ့ရှစ်ဖွဲ့လုံး သူတို့လူတွေချည်းပဲ။ ရွေးကောက်ခံကိုယ်စားလှယ်တွေပဲ အပြင်ကပါတယ်။ ပုဒ်မ ၄၃၆ အပါအ၀င် အပေါ်ကချပေးတဲ့ မူတွေကို အခြေခံမူအဖြစ် ချမှတ်လိုက်တယ်ဆိုပြီးလုပ်တာ။ ကျွန်တော်တို့က ကန့်ကွက်တယ်။ မရဘူး။ အကုန်အပယ်ခံရတယ်။ ဘယ်သူကမှလည်း ထပ်မဆွေးနွေးဘူး။ ဒါကြောင့် ညီလာခံကထွက်ခဲ့တာ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ညောင်နှစ်ပင်ညီလာခံ အတွေ့အကြုံကို ပြန်ပြောင်းပြောသည်။

၎င်းတို့ချမှတ်ထားသည့် မူများကို စစ်အစိုးရက အထိမခံသည့်အပြင် ညီလာခံကိုယ်စားလှယ်အများစုကလည်း နှုတ်ဆိတ်မှုများကြောင့် ဒီချုပ်နှင့် SNLD တို့မှာ ညီလာခံမှ ယတိပြတ်ထွက်ခွာခဲ့သည်။

SNLD မှ ဦးခွန်ထွန်းဦးနှင့် ပါတီဝင်အချို့ဆိုလျှင် ညီလာခံမတက်တော့ဟု အကြောင်းပြန်သဖြင့် ၂၀၀၄ တွင် အုံနှင့်ကျင်းနှင့် အဖမ်းခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပသော အမျိုးသားညီလာခံတွင် ပြည်သူများက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ခဲ့ပြီး အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ရပ်  ဖြစ်မြောက်စေသည်အထိ စောင့်ဆိုင်းမည်ဟုဆိုကာ ၂၇ ရက် နိုဝင်ဘာ ၁၉၉၅ ခုနှစ်တွင် ဒီချုပ်က ဦးအောင်တိုးထံ စာပို့ခဲ့သည်။ သို့သော် ညီလာခံကမူ ဒီချုပ်ကိုယ်စားလှယ် ၈၆ ဦးကို ကြိုတင်အကြောင်းကြားရန် ပျက်ကွက်သည်ဟုဆိုကာ ထုတ်ပယ်ခဲ့သည်။

‘‘ကျန်တဲ့အစုအဖွဲ့ဆိုတာ လက်ညှိုးထောင်ခေါင်းညိတ်ပဲ။ ဒီချုပ်က ဘာမှပြောခွင့်မရဘူး။ သုံးကြိမ်စာတင်တယ်။ လက်မခံဘူး။ အဲဒီကတည်းက ပုဒ်မ ၅၉(စ)ဆိုတာ လူတစ်ဦးတစ်ယောက်ကို မပါအောင်လုပ်ထားတယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်။ ၁၉၄၇ မှာရော ၁၉၇၄ ဖွဲ့စည်းပုံမှာပါ ဒီလို သမ္မတကို ကန့်သတ်ထားတာမှမရှိဘဲ။ တပ် ၂၅ ရာခိုင်နှုန်းလည်း ကန့်ကွက်တယ်။ အုပ်ချုပ်ရေးအပိုင်းအရောက်မှာပဲ တွေ့ဆုံဆွေးနွေးမှုကို စောင့်မယ်ဆိုပြီး စာပို့ခဲ့တာ။ အဲဒါကို စစ်အစိုးရက တစ်ခါတည်း သပိတ်မှောက်တာဆိုပြီး ထုတ်ပစ်လိုက်တာပဲ’’ဟု ၁၉၉၅ နိုဝင်ဘာတွင် ညီလာခံနောက်ဆုံးတက်ရောက်ခဲ့သည့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောသည်။

ထို့ကြောင့် ၁၉၉၆ နှစ်ဦးပိုင်းတွင် ညီလာခံရပ်နားသွားခဲ့သည်။ ညီလာခံပြန်စသည့် ၂၀၀၄ တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူ ၁၀၄ ချက်ကို အတည်ပြုနိုင်ကြောင်း နအဖအစိုးရက ကြေညာခဲ့သည်။

မဲပေးခွင့်ရှိသူ၏ ၉၂ ရာခိုင်နှုန်းကျော်က တစ်ခဲနက်ထောက်ခံခဲ့သည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ တွင် အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့်အတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက သဘောတူရုံသာမကသေး။ ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော အနည်းဆုံး တပ်မတော်သားကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုမဖြစ်မနေလိုအပ်နေသည်။

‘‘အဲဒီ ၄၃၆ ဖြစ်လာမယ့် မူတွေကရှိပြီးသား။ တော်တော်များများက ဒီအချက်တွေကို ထောက်ခံတယ်။ အစုအဖွဲ့အစည်းအဝေးတွေမှာလည်း ၄၃၆ မူတွေကို သိပ်ပြီးကန့်ကွက်တာ၊ ခက်ခက်ခဲခဲ ဆွေးနွေးကြတာမရှိဘူး။ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေက တပ်နဲ့ပတ်သက်လို့ နည်းနည်းပါးပါး ကန့်ကွက်တာတော့ရှိတယ်’’ဟု နအဖအစိုးရဖိတ်ကြားမှုကြောင့် အခြားဖိတ်ကြားသင့်သော အစုအဖွဲ့များအနေဖြင့် ညီလာခံတက်ရောက်ခဲ့သူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဂါးအဖွဲ့မှ ဦးလွင်မိုးငိန်းကပြောသည်။

‘‘အဲဒီ ၄၃၆ အထိတောင် မရောက်သေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တိုင်းကိစ္စတွေမှာ ဦးအောင်တိုးကို တည့်ပြောလို့ စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ်သန်းဦးက ဖမ်းရမလားဆိုပြီး ထအော်တာ။ နောက်အထုတ်ခံလိုက်ရတယ်။ ဒါကြောင့် ဒီညီလာခံဟာ သူတို့ဖြစ်စေချင်တဲ့အချက်တွေကို အတင်းအတည်ပြုခိုင်းတဲ့ ညီလာခံပဲ’’ဟု ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်ပြီး ပါတီဖျက်သိမ်းပြီးနောက် တစ်သီးပုဂ္ဂလအဖြစ် ညီလာခံတက်ရောက်ခဲ့သော ဦးခင်မောင်ချိုကပြောသည်။

သူက ၁၉၉၄ ခုနှစ်တွင် ညီလာခံကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခံရသည်။

အခြေခံဥပဒေရေးဆွဲရန် ညောင်နှစ်ပင်ညီလာခံကျင်းပစဉ်က ဖိတ်ခေါ်ခဲ့သော်လည်း မိမိသဘောဖြင့် နုတ်ထွက်သွားကြပြီး ယခုမှ တောင်ပြောမြောက်ပြောလာမပြောနှင့်ဟု လက်ရှိ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားထားသည်။ ဦးသိန်းအောင်နည်းတူ အခြားသောပါတီအချို့နှင့် ညီလာခံကိုယ်စားလှယ်အချို့တွင်လည်း အဆိုပါ သဘောထားမျိုးရှိခဲ့သည်။

‘‘ပြောတာမရလို့ ထွက်ရကြေးဆို ကျွန်တော်တို့က PR (အချိုးကျကိုယ်စားပြုစနစ်)ကို ညီလာခံမှာ တင်ခဲ့သေးတယ်။ ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ခံတွေနဲ့ ခန့်ရမယ်ဆိုတာတွေ မရခဲ့ဘူး။ မရလို့ သပိတ်မှောက်ရင် ကိုယ်ပြောချင်တာ ဆက်မပြောရရုံပဲရှိမယ်။ အခုအချိန်ကျမှ အရိုးများတယ်၊ ချေးခါးတယ် လုပ်လို့မရတော့ဘူးလေ’’ဟု တစညပါတီမှ ဦးထွန်းရီကပြောသည်။

ညီလာခံက ချမှတ်သည့် အခြေခံမူများကို သတင်းစာများတွင် အခန်းလိုက်ထည့်သွင်းခဲ့ပြီး ယခုအခြေခံဥပဒေပြင်လိုသည်ဟု အော်နေသူများမှာ ထိုစဉ်က ဘာမျှမကန့်ကွက်ခဲ့ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အကြံပေး၊ အတိုင်ပင်ခံ တက္ကသိုလ်မြတ်သူကပြောသည်။

သို့သော် ထိုစဉ်က ဒီချုပ်နှင့် နိုင်ငံရေးအင်အားစုတို့မှာ ကန့်ကွက်ခွင့်ပင်မရခဲ့။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားအများစုမှာ စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရခြင်းဖြစ်သည်။

‘‘ပြည်ထောင်စုက ခွဲမထွက်ရတို့၊ အာဏာသုံးရပ် ပိုင်းခြားကျင့်သုံးတာ၊ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ့မြေမှာ ဘယ်နိုင်ငံခြားတပ်မှ တပ်မချရဆိုတဲ့မူတွေ လွယ်လွယ်အပြင်မခံနိုင်ဘူး။ ၅၉(စ) အပါအ၀င် အခန်း (၁)၊ (၂)၊ (၃) ပြည်ထောင်စုရဲ့ အခြေခံမူတွေ တစ်ခုမှအပြင်မခံနိုင်ဘူး။ အားလုံးသဘောတူလို့ ဆုံးဖြတ်လို့ စုံညီအစည်းအဝေးက အသေးစိတ်မူတွေအဖြစ် ချမှတ်ခဲ့တာပေါ့’’ဟု ညီလာခံကျင်းပသည့် ၁၄ နှစ်လုံးလုံး တစ်ရက်မျှခွင့်မယူဘဲ တက်ရောက်ခဲ့သည့် သတင်းစာဆရာနှင့် နိုင်ငံပိုင်သတင်းစာများတွင် ပင်တိုင်ဆောင်းပါးရေးသားခဲ့သူ တက္ကသိုလ်မြတ်သူကဆိုသည်။

‘‘၄၃၆ အခြေခံမူတွေက အရင်ကတည်းက ချထားပြီးသား။ ကျွန်တော်တို့ကတော့ နည်းနည်းပါးပါးဆွေးနွေးဖူးတယ်။ အသေးစိတ်တော့ မမှတ်မိဘူး။ ကျွန်တော်က ဦးသိန်းစိန်ဆီကို အသေးစိတ်အခြေခံမူ နောက်ဆုံးအပ်ရတာကလည်း အလှည့်ကျသဘာပတိမို့ အပ်ရတာပဲ’’ဟု အခြေခံဥပဒေရေးဆွဲရန် အခြေခံရမည့်မူများကို ၂၀၀၇ စက်တင်ဘာတွင် အပြီးသတ်ရေးဆွဲခဲ့သည့် ကချင်ပြည်နယ် အထူးဒေသ(၂)မှ ဒေါက်တာတူးဂျာကပြောသည်။

NLD ပါတီ၏ ပုဒ်မ ၄၃၆ ပြင်ရေးလှုပ်ရှားမှုမှာ လွှတ်တော်သို့ သက်ရောက်မှုမရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အတိအလင်းပြောကြားပြီး ၎င်း၏သဘောဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းစကားပါးလိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်ကလည်း တစ်ဦးတစ်ယောက်တည်းကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားခြင်းမျိုးမဟုတ်ဘဲ ဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လိုလားကြောင်း ဆိုထားသည်။ အစိုးရနှင့် လွှတ်တော်၏ သတင်းစကားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပုဒ်မ ၄၃၆  ပြင်ဆင်ရေး လှုပ်ရှားမှုကို အရှိန်မြှင့်မည်ဟု လူငယ်ညီလာခံတွင်ပြောသည်။

လေ့လာမိသမျှဆိုလျှင် ဦးအောင်တိုးတင်လာသမျှ မည်သည့်ခေါင်းစဉ်မဆို ကျော်လွန်အောင် ဆွေးနွေးနိုင်သည့်၊ ကန့်ကွက်နိုင်သည့် ကိုယ်စားလှယ်မျိုး ညီလာခံတွင် မတွေ့ခဲ့ရဟု နိုင်ငံရေးလေ့လာသူဇာဂနာကပြောသည်။

‘‘အခုတိုင်းပြည်အတွက်လို့ အော်နေတဲ့သူတွေ အမျိုးသားညီလာခံမှာကတည်းက ကန့်ကွက်ခဲ့ကြပါလားဗျာ။ ဒါသမိုင်းပဲဗျ’’ဟုလည်း သူက မချင့်မရဲ မှတ်ချက်ပြုသည်။

0 အကြံပြုခြင်း: