Monday, July 28, 2014

အမျိုးသားညီလာခံမှ ဒီချုပ် ဘာကြောင့်ထွက်ခဲ့သလဲ



Byအေးသူစံ
On  Sat, 2014-07-26 15:12
အတွဲ (၁၃)၊ အမှတ်(၂၀)
http://www.7daydaily.com/story/16834#.U9ZCULGCUTA

လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင်က ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ရေးဆွဲခဲ့သော အမျိုးသားညီလာခံမှ ဒီချုပ်က အဘယ်ကြောင့် သပိတ်မှောက် ထွက်ခွာခဲ့သလဲဆိုသည်မှာ သမိုင်းစာမျက်နှာတွင် အရေးကြီးသော ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ခဲ့သည်။

စစ်အစိုးရက NLD သည် တစ်ပါတီအလိုကျ ညီလာခံမျိုးဖြစ်စေရေးနှင့် အစိုးရကို သြဇာလွှမ်းမိုးရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များ တမင်တောင်းဆိုပြီး ညီလာခံက သပိတ်မှောက်ထွက်သွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အချို့ကလည်း ညီလာခံစည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် NLD ထုတ်ပယ်ခံရသည်ဟုဆိုသည်။

သို့သော် ဒီချုပ်ဘက်ကမူ ညီလာခံတွင် အာဏာပိုင်များက ပေးထားသည့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို သေးသိမ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သဖြင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တကယ်အဖြစ်မှန်မှာတော့ NLD သည် ညီလာခံကို သပိတ်မှောက်ထွက်ခွာသွားခြင်း မဟုတ်ပါ။ စစ်အစိုးရနှင့် တွေ့ဆုံရေး တောင်းဆိုထားခြင်းအတွက် ညီလာခံမတက်ဘဲ စောင့်ဆိုင်းနေချိန်တွင် ညီလာခံဥပဒေအရ ၄၈  နာရီ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ စစ်အစိုးရအလိုကျ အကောင်အထည်ဖော်သော ကော်မရှင်က ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ သုတေသနစာတမ်းများက ဖော်ပြနေသည်။

‘‘ကျွန်တော်တို့က ဒီအချက်၊ ဒီအချက်တွေကြောင့် တွေ့ဆုံလိုပါတယ်ဆိုပြီး ကော်မရှင်ကို ၁၉၉၅ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ပေးပို့တယ်။ စာပို့ထားလို့ ညီလာခံကို မတက်ဘဲ စောင့်နေတုန်း ၄၈ နာရီတောင် မပြည့်သေးပါဘူး။ စာပို့ပြီး နောက်တစ်နေ့မနက်မှာပဲ ကျွန်တော်တို့အားလုံးကို ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ ကော်မရှင်က ထုတ်ပယ်ပစ်လိုက်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမြင့်ကပြောသည်။

ဒီချုပ်၏တောင်းဆိုမှုကို ညီလာခံကော်မရှင်က နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

ဒီချုပ်က စစ်မှုထမ်းဟောင်း၊ အမျိုးသမီးနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသားလူငယ်များကိုပါ ညီလာခံဖိတ်ကြားရန် အဆိုပြုသည်။ ညီလာခံတွင် အချိန်ဇယားသတ်မှတ်ချက်မရှိခြင်း၊ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ရာခိုင်နှုန်းအင်မတန်နည်းပါးခြင်းကို ထောက်ပြသည်။ ယင်းလုပ်ရပ်သည် တစ်ပါတီစိတ်ကြိုက် မူချမှတ်ရန်နှင့် ကိုယ်စားလှယ်များကို ပါတီအလိုကျ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဖြစ်သည်ဟု ကော်မရှင်က စွပ်စွဲခဲ့သည်။

ဒီချုပ်၏တောင်းဆိုမှုများသည် ညီလာခံမှုများကို ဖျက်သိမ်းရန်၊ စိတ်ကြိုက်မူများချမှတ်ရန် ကြိုတင်ကြံစည်မှုဖြင့် လုပ်ဆောင်ကြောင်း သုံးသပ်သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အစိုးရအပေါ် သြဇာပေးခြယ်လှယ်နိုင်ရန် ရည်ရွယ်၍ မလိုအပ်ဘဲ တွေ့ဆုံဆွေးနွေးရေးကိုသာ တွင်တွင်တောင်းဆိုနေခြင်းဟု ကော်မရှင်ကပြောပြီး နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်တွင် သဘာပတိထံ ကြိုတင်အကြောင်းမကြားဘဲ ညီလာခံတက်ရန် နှစ်ရက်ဆက်တိုက်ပျက်ကွက်သည်ဟု အကြောင်းပြကာ ဒီချုပ်ကိုယ်စားလှယ်အားလုံးကို ထုတ်ပယ်လိုက်သည်ဟု သတင်းစာများတွင် ဖော်ပြခဲ့သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့သော အမျိုးသားညီလာခံသို့ ဒီချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ကိုယ်စားလှယ် ၈၆ ဦး တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီတွင် သင်္ကြန်ပိတ်ရက် ညီလာခံခေတ္တရပ်နားထားချိန်တွင် အခြေခံမူ ၁၀၄ ချက်ကို ညီလာခံ၌ ချပြခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးစီး၍ လူထုထောက်ခံပွဲများ ပြုလုပ်အတည်ပြုလိုက်သည်။ ထို့ကြောင့် ညီလာခံထဲတွင် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့ သဘောထားကွဲလွဲမှု စတင်ခဲ့သည်။

ယင်းလုပ်ရပ်မှာ မသင့်လျော်သည့် အလွန်ဆိုးရွားသည့် အခြေအနေကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း RFA တွေ့ဆုံခန်းတွင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က ဖြေကြားခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခါစလည်း ဖြစ်သည်။

န၀တအစိုးရ၏ ထုတ်ပြန်ချက် ၁/၉၀ တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲရန်တာဝန်ဟုဆိုခဲ့သည်။ ထို့အပြင် န၀တ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း ဖွဲ့စည်းပုံရေးဆွဲရန်မှာ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ တာဝန်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

သို့သော် ညီလာခံဦးတည်ချက် လုပ်ထုံးလုပ်နည်းများမှာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုမရှိခြင်း၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်မှာ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ထာဝစဉ်လူနည်းစုဖြစ်ခြင်း၊ စာတမ်းများကို လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များအလိုကျ စိစစ်ပြင်ဆင်ပေးရခြင်း၊ ကိုယ်စားလှယ်များ၏ တင်ပြချက်အများစု ဥပက္ခာအပြုခံရခြင်းနှင့် ညီလာခံတွင် အချိန်ဇယားသတ်မှတ်ထားခြင်းမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးကို NLD က စာပို့တောင်းဆိုခဲ့သည်။

ထို့အပြင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးအချက်ကို NLD က လက်မခံခဲ့ပေ။

သို့သော် စစ်အစိုးရကလည်း ထိုအချက်များကို တစ်ချက်မှအထိမခံခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။

‘‘တရားမျှတမှုမရှိဘဲနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တဲ့နေရာတော့ ဘယ်သူနေမှာလဲ။ ကန့်ကွက်ရဲရမယ်။ ကျောခိုင်းရဲရမယ်။ အစတည်းက အခြေခံမူ နံပါတ် ၆ ကို မကြိုက်ခဲ့တာ။ နောက်ပြီး ဒီအလုပ်သမားကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်အစုအဖွဲ့တွေ ရွေးတဲ့အခါ လယ်သမားအစည်းအရုံးသမဂ္ဂမရှိဘဲနဲ့ ဘယ်လိုရွေးမှာလဲ။ ကန့်ကွက်နေတဲ့ကြားက သူတို့စိတ်ကြိုက် ၇၀၂ ယောက်ကို ခေါင်းခေါက်ရွေးလာတယ်’’ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။ SNLD ကလည်း ၂၀၀၄ တွင် ညီလာခံကို စွန့်ခွာခဲ့သဖြင့် ပါတီဝင်များ အဖမ်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှားသွားသည့်တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညီလာခံကျင်းပရေးအတွက် ပါတီ ၁၀ ခုနှင့် တွေ့ဆုံစဉ်ကတည်းက ညီလာခံအခြေခံမူခြောက်ချက်ကို ပြင်းပြင်းထန်ထန် မကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။ အခြေခံမူခြောက်ချက်အနက် နံပါတ်ခြောက်ဖြစ်သည့် တပ်မတော်က နိုင်ငံရေးဦးဆောင်မှုတွင် အစဉ်တစိုက်ပါဝင်ရေးအချက်မှာ ဒီမိုကရေစီအခြေခံမှုများကို ချိုးဖဲ့ဖျက်ဆီး၍ အာဏာရှင်စနစ်ကို အသက်သွင်းနေမှန်းသိလျက်နှင့် န၀တ ကြေညာချက် ၁/၉၀ ကို ယုံကြည်မိ၍ ညီလာခံကို တက်ရောက်ခဲ့ကြောင်း ထုတ်ပယ်ခံရပြီးမှ ဒီချုပ်က ကြေညာချက်ပြန်ထုတ်ခဲ့သည်။

‘‘မြန်မာ့မြေပေါ်မှာ ဘယ်သူမှ တပ်စခန်းမချရတို့၊ ၅၉ (စ)တို့ကို အခြေခံမူအဖြစ် ချမှတ်တဲ့သတင်းလည်းကြားရော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က ရန်ကုန်ရောက်ချလာတယ်။ ဒေါ်စုနဲ့တွေ့လည်းပြီးရော ဦးအောင်ရွှေဦးဆောင်တဲ့ NLD ၈၆ ယောက် ထွက်သွားကြတာပဲ။ ညီလာခံကို ခွင့်မဲ့ပျက်ကွက်လို့ သူတို့ကိုထုတ်ပစ်လိုက်တာ။ ဒါရှင်းပါတယ်။ သူတို့ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဖိအားပေးတာပေါ့’’ဟု ညီလာခံတက်ခဲ့သည့် တတ်သိပညာရှင်အစုအဖွဲ့ဝင်၊ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင် တက္ကသိုလ်မြတ်သူက သူ၏အမြင်ကိုပြောသည်။

NLD သည် စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း အလုပ်သမားအစုအဖွဲ့မှ သဘာပတိ ဒေါက်တာမျိုးသန့်တင်ကလည်း ဆိုသည်။

ညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့တို့ကလွဲ၍ ကျန်အစုအဖွဲ့များမှာ စစ်အစိုးရအလိုကျလူများသာဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုတို့က ဝေဖန်ခဲ့သည်။ ဒေါက်တာမျိုးသန့်တင်ကမူ ဆွေးနွေးချက်များကို လွတ်လပ်စွာတင်ပြနိုင်ကြောင်း ပြောသည်။

‘‘NLD က ဆွေးနွေးတာ သိပ်မကြားရပါဘူး။ သူတို့က စည်းကမ်းချိုးဖောက်လို့ ထုတ်ခံရတာ။ ဘယ်အဆိုမဆို အစုအဖွဲ့မှာ ဆွေးနွေးတင်ပြလို့ရတာပဲ။ ပြီးတော့ အလွှာအသီးသီးကလူတွေ ပါတယ်။ အစိုးရကရွေးတဲ့လူတွေ မဟုတ်ပါဘူး။ အစိုးရ၀န်ထမ်းတို့၊ ဘာတို့တော့ ပါတာပေါ့။ ညီလာခံတက်ဖို့ဆိုတာ အပေါ်က ခေါင်းခေါက်ရွေးလို့ရတာမှ မဟုတ်တာ။ အဆင့်ဆင့်ဖြတ်သန်းရသေးတာ’’ဟု ၎င်းကဆိုသည်။ တက္ကသိုလ်မြတ်သူ၊ ဒေါက်တာမျိုးသန့်တင်တို့ ပြောသကဲ့သို့ ညောင်နှစ်ပင်ညီလာခံမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးတင်ပြ၍မရကြောင်း ညီလာခံတက်ရောက်ခဲ့သော ဒီမိုကရေစီအင်အားစုများက တညီတညွတ်တည်းပြောသည်။

ဒီချုပ်သည် အခွင့်အရေးကို ဆုံးရှုံးခံခဲ့ခြင်းမဟုတ်ဘဲ။ ပြောရေးဆိုခွင့်အတွက် တောင်းဆိုရင်းကပင် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ညီလာခံတစ်လျှောက်လုံးတွင် ဒီချုပ်ပြောဆိုဆွေးနွေးမှုများ အရာမထင်ခဲ့။ စစ်အစိုးရအလိုကျ လူပုဂ္ဂိုလ်အများစု၏ ဆန္ဒသဘောထားများကသာ ညီလာခံတွင် လွှမ်းမိုးခဲ့သည်။

‘‘ဒီနေ့စာတင်ထားတုန်းပဲ နောက်နေ့မနက်ချက်ချင်း ညီလာခံထဲကနေ ဒီချုပ်ကိုယ်စားလှယ်ထိုင်ခုံတွေကို ဆွဲထုတ်သွားတာပဲ’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

၁၉၉၃ မှ ၁၉၉၆ အထိ ညီလာခံမှတ်တမ်းများတွင်လည်း ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ တင်ပြဆွေးနွေးချက်များအပေါ် စစ်အစိုးရက လက်သင့်မခံဘဲ သူတို့လုပ်ချင်ရာသာ လုပ်ခဲ့သည်မှာ ထင်ရှားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

‘‘၁၉၉၆ မှာ ဒီချုပ် အမျိုးသားညီလာခံကို ဆက်မတက်တာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ မြင်တယ်။ စစ်အစိုးရက ပြောချင်တာပြော၊ ငါတို့က ငါတို့အစီအစဉ်တိုင်းပဲလုပ်မယ်ဆိုတဲ့ သဘောပဲရှိခဲ့တယ်’’ဟု ၎င်းကပြောသည်။

‘‘ဒီချုပ်ထွက်ပြီးမှ ကျွန်တော်က ညီလာခံတက်တယ်။ နှစ်ဖက် ဘယ်သူမှားတယ်၊ မှန်တယ်တော့ သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဒီချုပ်တောင်းဆိုမှုထဲမှာပါတဲ့ စာတမ်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့်မရခဲ့တာတော့ အမှန်ပဲ။  အဆိုတော်တော်များများဟာ မှတ်တမ်းအဖြစ်ပဲ ရှိခဲ့ကြတယ်။ ဘယ်လိုပဲ ဒီမိုကရေစီစနစ်နဲ့ လုပ်တယ်လို့ အစိုးရကပြောပြော ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ညီလာခံအဆင့် လုံးဝမဟုတ်ခဲ့ဘူး’’ဟု ညီလာခံသို့ ဖိတ်ကြားခံခဲ့ရသူ ကချင်အထူးဒေသ (၂)မှ ဒေါက်တာတူးဂျာကပြောသည်။

ရှစ်နှစ်ကြာရပ်နားပြီး ၂၀၀၄ တွင် ပြန်စသော ညီလာခံတွင် ဒီချုပ်တောင်းဆိုချက်များ လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ဒီချုပ်က ညီလာခံဖိတ်ကြားချက်ကို လက်မခံတော့ပေ။

‘‘တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်တယ်ဆိုတဲ့အချက်ကို ဦးအောင်ရွှေတို့က သဘောမတူလို့ထွက်တာ။ နောက်တော့ အပြင်မှာ ပါတီဝင်တွေ သဘောထားတွေညှိပြီး ဦးအောင်ရွှေတို့က ပြန်ဝင်မယ်အလုပ်မှာ ကော်မရှင်က လက်မခံတော့တာ။ ထွက်သွားလည်း အေးတယ်ဆိုတဲ့ပုံစံမျိုး လုပ်လိုက်တာ။ ဦးအောင်ရွှေတို့ ဘာမှလုပ်လို့မရဘူး ဖြစ်သွားတယ်။ ဒါကို န၀တအကြီးအကဲတွေက သတင်းထုတ်ပြန်တော့ NLD က ထွက်သွားတယ်။ နောက်ပြန်ခေါ်လည်း မလာတော့ဘူးဆိုပြီး သမိုင်းအမှားတွေကို လူငယ်တွေ ကောက်ချက်ချမှာစိုးတယ်။ အဲဒီတုန်းက န၀တအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဦးအောင်ရွှေက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကြောင့် တီဗီပေါ်ကတောင် စိန်ခေါ်ခဲ့သေးတယ်။ ဒါ ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ကို လုပ်ပစ်လိုက်တာ’’ဟု တပ်မတော်အငြိမ်းစား စစ်သည်တစ်ဦးက ညီလာခံတွင် ဒီချုပ်ပါဝင်ခွင့်မရခဲ့သည့်အကြောင်း ပြောကြားသည်။

ထို့ကြောင့် အခြေခံဥပဒေရေးဆွဲရန် ကမ္ဘာတွင် အရှည်ကြာဆုံးညီလာခံ ကျင်းပပြီး ဥပဒေရေးဆွဲကာ ထိုဥပဒေအတိုင်း နိုင်ငံအပြောင်းအလဲများ အကောင်အထည်ဖော်ခြင်းမှာ စစ်အစိုးရခေါင်းဆောင်အချို့၏ စနစ်တကျ အကွက်ချစီမံခဲ့သော နှစ်ရှည်စီမံကိန်းတစ်ခု ဖြစ်သည်။ ညောင်နှစ်ပင်ညီလာခံမှာလည်း ၎င်းတို့ ပြဋ္ဌာန်းလိုသောဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကစားကွက်တစ်ခုသာ ဖြစ်ခဲ့သည်။

လက်ရှိ ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်လာသော ဒီချုပ်၏ ရှေ့အနာဂတ်ခရီးလမ်းမှာ လွှတ်တော်ပြင်ပတွင် အောင်မြင်မှု အထိုက်အသင့် ရရှိထားပြီဖြစ်သည်။

၅၄ ရက်အတွင်း အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အချက်ကို ပြည်သူငါးသန်းကျော်မှ လက်မှတ်ရေးထိုးထားပြီး ဒီချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ကြိုးပမ်းမှု၊ ပြည်သူငါးသန်းကျော်၏ သဘောထားကို လွှတ်တော်က မည်သို့တုံ့ပြန်မည်ဆိုသည်မှာ မကြာမီ အဖြေပေါ်တော့မည်ဖြစ်သည်။         ။
http://www.7daydaily.com/story/16834#.U9ZCULGCUTA

0 အကြံပြုခြင်း: