Thursday, July 24, 2014

မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသောတိုင်မှူးး



ဒိုင်း ဒိုင်း

●● သမီးတော်ရာဇဝင် ( ၄ ) ●●

`` မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသောတိုင်မှူးး´´

သမီးတော်တွေဟာ သူတို့ကလွဲရင် တခြားဘယ်သူမှပျော်နေတာကို မမြင်ချင်ကြဘူး၊ ဒါကြောင့်လည်း ရောက်လေရာနေရာတိုင်းက လူတွေကို ကြံကြံဖန်ဖန် ဒုက္ခပေးလေ့ရှိတယ်၊ ၊တပ်မှူးးကတော်တွေကို အတွင်းခံဘောင်းဘီလျှော်ခိုင်းတာ၊ စစ်ဦးစီးမှူးး ပထမတန်းဇနီးကို အိမ်တာဆေးခိုင်းတာကအစ သူတို့နဲ့ပတ်သတ်သမျှ လူတွေကို ဘယ်လိုစိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာ ခေါင်းထဲကအမြဲထွက်သူတွေဖြစ်တယ်။

ဒီတစ်ပတ်တော့ သမီးတော်တို့က ကာချုပ်ကြီးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးကို ရောက်လို့လာပါပြီ၊ အဲ့ဒီအချိန်မှာ လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးးကလည်း နာမည်ကျော်ရှစ်လုံးကြီးပေါ့၊ အောက်ကဗျူဟာမှူးးတွေ၊ တပ်ရင်းမှူးတွေအပေါ်သာ မောက်မာချင်တိုင်းမောက်မာ၊ နိုင်ချင်တိုင်းနိုင်လို့ရမယ်၊ သမီးတော်တွေ ရောက်လာတော့ တိုင်းမှူးလည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကို ဖြစ်လို့။

ချမ်းအေးလှတဲ့ လာရှိုးညချမ်းမှာ သမီးတော်တစ်ပါးက ညစာသုံးဆောင်အပြီး သူ့အခန်းတွင်းဝင်ခါနီးမှာ လိုက်ပြီး ဂွတ်နိုက်လုပ်တဲ့ တိုင်းမှူးကြီးကို `` မနက်ဖြန် မနက်ခြောက်နာရီမှာ သမီးယတြာချေဖို့ရှိတယ်၊ အဲ့ဒါ မန်ကျည်းကိုးညွှန့်နဲ့ ထန်းကိုးညွှန့် လုပ်ထားပေးပါ အန်ကယ် ´´ တဲ့၊
အဲဒီစကားကြားလိုက်ရတဲ့ ရှစ်လုံးကြီး ခေါင်းကိုဆင်နင်းသလို ဖြစ်သွားတယ်၊ ကမ္ဘာပေါ်မှာ အမြော်မြင်အရှိဆုံးနဲ့ အတော်ဆုံးခေါင်းဆောင်ကြီးပါရယ်လို့ ဝန်ကြီးတစ်ဦးက ထိုင်ရှစ်ခိုးခြင်းကို ခံရဖူးတဲ့ ကာချုပ်ကြီးက မန်ကျည်းတစ်ထောင်၊ ထန်းတစ်ထောင် စိုက်ရမယ်လို့ ဗျာဒိတ်ပေးခဲ့ဖူးပေမယ့် ရှမ်းပြည်ရဲ့ အေးမြတဲ့ ရာသီဥတုအောက်မှာ ဒီအပင်တွေက ဘယ်လိုလုပ်ပေါက်နိုင်မလဲ၊ အခုတော့ သမီးတော်က အမိန့်တော်မှတ်လိုက်ချေပြီ၊ တိုင်းမှူးကတော့ ရာသီဥတုကိုပဲ အပြစ်ဖို့ရမလား၊ ဒီကိုမှ တိုင်းမှူးလာဖြစ်တဲ့ သူ့ဘဝကိုပဲ စိတ်နာရမလား ဝေခွဲမရပေမယ့် အမိန့်ကို နာခံရမယ်ဆိုတဲ့ စစ်သားတို့ထုံး နှလုံးမူပြီး မနက် ခြောက်နာရီမှာ မန်ကျည်းကိုးညွှန့်နဲ့ ထန်းကိုးညွှန့် အဆင်သင့်လုပ်ထားပါမယ်ဆိုပြီး ရဲရဲကြီး အာမခံလိုက်ပါတယ်။

အဲဒီနောက်မှာတော့ တိုင်းမှူးရဲ့ အရေးပေါ်အစည်းအဝေး ခေါ်လိုက်ပါတော့တယ်၊ တပ်မှူးတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့၊ ဘယ်နေရာမှာ ဘာမှားလို့ ဘယ်သူအထိုးခံရမလဲဆိုတဲ့ ကြောက်စိတ်တွေနဲ့ အစည်းအဝေးခန်းမထဲကို အားလုံးရောက်လာကြပါတော့တယ်၊ လူစုံတာနဲ့ တိုင်းမှူးကြီးက ယာယီတပ်ရင်းမှူးတွေ၊ ယာယီတပ်မှူးတွေကို ဆင့်ကမ်းအမိန့်တော် ခြွေပါတော့တယ်၊ မင်းတို့ပုခုံးပေါ်မှာ အပွင့်တင်ချင်ရင် မနက်ဖန်မနက် လေးနာရီမှာ ငါ့လက်ထဲကို မန်ကျည်းကိုးညွှန့်နဲ့ ထန်းကိုးညွှန့် ( အဲမဟုတ်သေးဘူး ) လိုရမယ်ရ မန်ကျည်းကိုင်းလိုက် ချိုင်လာခဲ့၊ ထန်းရွတ် အကိုင်းလိုက်ချိုင်လာခဲ့၊ ဒါဆို မင်းတို့ ဘာအပြစ်ရှိရှိ အပွင့်တင်ရမယ်ဆိုပြီး တိုတိုတုတ်တုတ်နဲ့ အစည်းအဝေးကို ဖြတ်လိုက်ပါတယ်။

ဒီတစ်ခါ စိတ်ဆင်းရဲဖို့ အလှည့်ကျသူတွေကတော့ ယာယီတပ်ရင်းမှူးတွေနဲ့ ယာယီတပ်မှူးတွေပေါ့၊ ဒီလိုညကြီးမင်းကြီးမှာ လာရှိုးမှာမရှိတဲ့ မန်ကျည်းနဲ့ ထန်းညွှန့် ဘယ်လိုလုပ်ရှာမလဲ၊ ဒါပေမယ့် စစ်တပ်လေ သိတယ်မဟုတ်လား၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ဆိုရိုးကြီးကလည်း အရိုးစွဲနေတော့ ကြံကြရပြီပေါ့။

တစ်ယောက်က မန္တလေးမှာတော့ သေချာတယ်၊ ဒါပေမယ့်အချိန်လင့်နေပြီ၊ ဘယ်နှယ့်လုပ်ကြမလဲတဲ့၊ တစ်ယောက်က ကာချုပ်ကြီးရဲ့ သမီးတော်တွေကလည်းကွာ မန္တလေးလှမ်းမှာပြီး ရဟတ်ယာဉ်နဲ့ လာပို့ခိုင်းလဲရတာကို သက်သက်ဒုက္ခပေးနေတယ်တဲ့၊ တစ်ယောက်ကတော့ ဟေ့ကောင်တွေ လေကြောရှည်မနေနဲ့၊ နာရီကြည့်ကြအုံး၊ မနက်ကြမှ မျက်နှာကို လက်သီးနဲ့အထိုးခံပြီး ခြေနဲ့လှိမ့်ကန်တာ ခံနေရအုံးမယ်တဲ့၊ ဒီတော့မှ မန်းကျည်းနဲ့ ထန်းစစ်ဆင်ရေးအတွက် ယာယီတပ်မှူးတွေ စစ်ရေးသုံးသပ်ချက်တွေလုပ်ပြီး စစ်ဆင်ရေးစီမံချက်ကို ဆွဲကြပါတော့တယ်။

သူတို့ စီမံချက်ကတော့ တင်း၊ရည်၊လုပ်၊အုပ်၊ဆက်ဆိုတဲ့ သတင်း၊ ရည်မှန်းချက်၊ လုပ်နည်း၊ အုပ်ချုပ်မှု၊ ဆက်သွယ်မှု ဆိုတဲ့ အချက်တွေအားလုံး ပြည့်စုံပါပေတယ်၊ တစ်ခုပဲရှိတယ်၊ ရန်သူကိုတိုက်ဖို့ မဟုတ်ပဲ သမီးတော်တွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေရမှာလေ၊ မန္တလေးနဲ့ အဆက်အသွယ်ရှိတဲ့ တပ်မှူးတစ်ယောက်က မန္တလေးကို လှမ်းဖုန်းဆက်တယ်၊ မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေ ရသလောက်ခုတ်ပြီး ကားနဲ့တက်လာခဲ့ပါ၊ ဒီကလည်း ကားနဲ့ဆင်းလာပြီး ကားပေါ်မှာ ပစ္စည်းတွေရွေ့တင်ပါ့မယ်ပေါ့၊ မန္တလေးဘက်က ဒီလိုညကြီးမင်းကြီး ဘယ်သူက ထန်းပင်တက်မှာလဲပေါ့၊ ထန်းညွှန့်ဆိုရင် ဘုရားတစ်ဆူဆူက ပန်းဆိုင်က ဝယ်လို့ရသေးတယ်၊ အခုဟာက ထန်းလက်လိုက်ကြီး ယူလာရမှာဆိုတော့ ခက်တယ်ပေါ့၊ ဒီဘက်ကလည်း ဘယ်လောက်ကုန်ကုန်ပါ၊ ထန်းပင်ပေါက်လေးတွေရှာပြီး ထန်းလက်ကိုင်းလိုက်သာခုတ်ပြီး ကားပေါ်တင်ခဲ့ပါပေါ့။

လိုရင်းဇာတ်ပေါင်းရင် မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေတင်ပြီး မန္တလေးကတက်လာတဲ့ကားနဲ့ လားရှိုးကဆင်းယူတဲ့ကားက သီပေါမှာတွေ့ပြီး ပစ္စည်းတွေပြောင်းတင်၊ လားရှိုးကို အမြန်ပြန်မောင်း၊ လားရှိုးရောက်တော့ အပြစ်အနာအဆာမပါတဲ့ ပိုးကိုရာ နေလောင်ရာမပါတဲ့ မန်ကျည်းကိုးညွှန့်နဲ့ ထန်းကိုးညွှန့်ကိုရွေးလို့ တိုင်းမှူးကြီးလက်အပ်လိုက်ချိန်မှာ မနက်သုံးနာရီထိုးနေပါပြီ၊ ထိုင်ရမလို ထရမလိုဖြစ်နေတဲ့ တိုင်းမှူးကြီးလည်း တပည့်တပ်မှူးတွေကို ရှဲရှဲနီပေါ့လေ၊ တိုင်းမှူးကြီးခင်မျာ ဝမ်းသာပီတိဖြစ်ပြီး ညမအိပ်နိုင်တော့ပါဘူး၊ အဲဒီယတြာချေမယ့် အညွှန့်တွေကို ငွေဖလားကြီးထဲထည့်၊ ဖလားကြီးကို ရင်ဝယ်သားသဖွယ်ကိုင်ပြီး မနက်လေးနာရီလောက်ကတည်းက သမီးတော်တွေအခန်းဝသွားစောင့်နေတော့တာပေါ့၊ ဒါပေမယ့် မနက်ခြောက်နာရီ ဘုရားသွားယတြာချေမယ်ပြောထားပေမယ့် မနက်ငါးနာရီမှာလည်း အခန်းတံခါးကမဖွင့်၊ ခြောက်နာရီမှာလည်း တံခါးကမဖွင့်၊ ဘယ်သူမှလည်း အခန်းတခါးခေါက်ပြီး မနှိုးရဲ၊ နှိုးစက်ပဲ မမြည်တာလား၊ ရိပ်သာတာဝန်ကျတွေကိုရော မနက်နှိုးဖို့ မပြောထားဘူးလား ဆိုပြီး တိုင်းမှူးကြီးဗျာများနေရပြီ၊ လိုက်မေးတော့ ဘယ်အခန်းကမှ မနက်နှိုးဖို့ မှာမထားဘူးတဲ့။

မနက်ခုနစ်နာရီလည်း ဘယ်အခန်းတံခါးမှ မဖွင့်လာ၊ မနက်ရှစ်နာရီလည်း တံခါးတွေက ပိတ်ထားဆဲ၊ပွင့်မယ်ပွင့်တော့ မနက်ကိုးနာရီမှ အခန်းတံခါးပွင့်လာလို့ ကဗျာကယာအခန်းဝသွားပြီး သမီးတော် ယတြာချေဖို့ မှာထားတာတွေလေဆိုပြီး လက်ထဲမှာ တစ်ပွေ့တစ်ပိုက် ကိုင်ထားရတဲ့ ငွေဖလားကြီးထဲက မန်ကျည်းညွှန့်တွေ၊ ထန်းညွှန့်တွေပြတော့ သမီးတော်က ဇဝေဇဝါနဲ့၊ အဲ့ဒါက ဘာတွေလဲတဲ့၊ ညတုန်းက သမီးတော်မှာထားတာတွေလေ၊ ယတြာချေဖို့ မန်ကျည်းညွှန်တွေနဲ့ ထန်းညွှန့်တွေလေလို့လည်းပြောရော `` အော် ဟုတ်လား ၊ ညကပြောမိလား၊ မချေတော့ပါဘူး ´´ ဆိုပြီး အခန်းထဲပြန်ဝင်သွားတော့တယ်၊ `` အဲဒီအချိန်မှာ ဖြစ်နေမယ့်တိုင်းမှူးမျက်နှာကို ခင်ဗျားတို့မြင်စေချင်တယ်ဗျာ ´´ လို့ပြောပြီး စကားကို လက်စသတ်လိုက်ပါတယ်။

နောက်တစ်ပတ်ကျရင် ပြည်တွင်းသာမက ပြည်ပမှာပါ သမီးတော်တွေဘယ်လိုမွှေသလဲဆိုတာတွေ ပြောပြအုံးမယ်လို့ စကားလက်ဆောင်ပါးသွားလေရဲ့ ---///

( လက်စောင်းထက် )

0 အကြံပြုခြင်း: