Wednesday, July 2, 2014

၈၂ လမ်းနှင့် ၂၇ လမ်းအနီးတွင် တိုင်းရဲတပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်


Eleven Media Group

လူစုလူဝေးနှင့် ဖျက်ဆီးမှုအချို့ ဖြစ်ပေါ်ခဲ့သော မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းအနီးတွင် တိုင်းရဲတပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထား

ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိစ္စနှင့် ပတ်သက်၍ ည ၈ နာရီခန့်မှ စတင်ကာ လူစုလူဝေး ဖြစ်ပေါ်လာခဲ့ပြီး နံနက် ၃ နာရီခွဲမှသာ လူစုကွဲသွားခဲ့သောကြောင့် ထပ်မံပြီး ဘာသာရေးပဋိပက္ခနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လက်ရှိလုံခြုံရေးအင်အား အပါအ၀င် မန္တလေးတိုင်း ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အင်အား ၅၀၀ နှင့် တပ်ဖွဲ့ခွဲလုံခြုံရေးပါ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောကြားသည်။

စတင်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ယင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးလေးကို နေပြည်တော်ဆိုင်တွင် ပြောင်းလုပ်ကိုင်ရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး၌ မဖွယ်မရာ ပြုကျင့်ခဲ့ကြောင်း အလုပ်သမား မိန်းကလေးက ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပျဉ်းမနားမြို့မ ရဲစခန်းမှူးက ယင်းဆိုင်သို့ ဇွန် ၃၀ ရက်တွင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ သို့သော် အမှုဖွင့်ခံထားရသူများမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် ယင်းတရားခံ လာရောက်အဖမ်းခံရန် ထိုသူပိုင်ဆိုင်သော လက်ဖက်ရည်ဆိုင်သို့ သံဃာတော်များမှ လာရောက်ပြီး မိသားစုဝင်များကို နားချမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ကြိုတင်သတင်း ရရှိသဖြင့် လုံခြုံရေးရယူရာမှ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောကြားခဲ့သည်။

“အင်တာနက်မှာရော အပြင်မှာရော သတင်းပျံ့နှံ့မှုတွေကြောင့် သူတို့ဆိုင်ကို မဖွင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားတာကို လက်မခံဘူး။ အကြောင်းကလည်း သူတို့ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်ကာလဖြစ်လို့ ဗလီထွက်ချိန်စားရတာ အဆင်မပြေမှာ စိုးလို့ပါ။ အဲလိုနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ လုံခြုံရေး ကြိုတင်ရယူပေးထားတာကနေ လာရောက်ကြည့်ရှူသူတွေနဲ့ များသွားတာပါ။ ၁၀ နာရီ ၀န်းကျင်ထိကတော့ လူစုလူဝေးကလွဲလို့ ဘာမှမဖြစ်ပွားသေးပါဘူး” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ဆက်လက်ပြီး ၁၀ နာရီခွဲ နောက်ပိုင်းအချိန်တွင် ဆိုင်ကယ်လေးစီးခန့်မှ နိုင်ငံတော်သီချင်း သီဆိုသွားမှုကို ရဲတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းရန် ဆောင်ရွက်သော်လည်း အခြားသူများမှပါ ဆက်လက်သီဆိုခြင်းကြောင့် လူစုလူဝေး ပိုမိုများပြားလာကာ စတင်ဖြစ်ပွားသည့် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်မှ ၂၆ လမ်းတစ်လျှောက် ၈၃၊ ၈၄၊ ၈၅၊ ၈၆ လမ်းတစ်လျှောက်ထိ ရောက်ရှိကာ ပိုမိုအခြေနေ ဆိုးရွားလာခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။

ဆိုင်ကယ် လေးစီးလောက်က နိုင်ငံတော်သီချင်း သီဆိုသွားတာကို ရဲတပ်ဖွဲ့ဝင်တွေက မဆိုဖို့ ထိန်းသိမ်းနေတာကို တခြားသူတွေကပါ သီဆိုတဲ့နောက် လူအင်အားက ၅၀၀ ထိ ရှိလာခဲ့ပါတယ်။ ညပိုင်းဖြစ်တဲ့အတွက် အရက်မူးနေတဲ့ သူကလည်း များပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပေါက်၊ လမ်းမှာရပ်ထားတဲ့ ကားတွေကို တုတ်နဲ့ ရိုက်ခွဲတာမျိုးတွေ လုပ်ပါတယ်။ ကားတစ်စီးကိုတော့ မီးရှို့သွားပါတယ်။ ၂၆×၈၆ လမ်းထောင့်မှာတော့ ည ၁၁ နာရီကျော်မှာ လူအင်အား အရမ်းများလာပြီး မနိုင်နင်းတော့တဲ့ အခြေအနေမို့ လူစုကွဲဖို့ ရည်ရွယ်ပြီး ရာဘာကျည် သုံးချက် ဖောက်ခဲ့ရပါတယ်။ နံနက် ၃ နာရီခွဲမှာတော့ လူစုကွဲသွားခဲ့ပေမယ့် အခုချိန်ထိ လုံခြုံရေး ဆက်လက်ရယူထားမှာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့ လတ်တလောလုံခြုံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ပြောပြသည်။ ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့် ကား ၁၀ စီးမှန်၊ တံခါးကွဲပျက်စီးခဲ့ပြီး၊ ကားတစ်စီးမှာ ရှေ့ခေါင်းခန်း မီးလောင်ကျွမ်းခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လူငါးဦးမှာလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၂၆ (ဘီ)လမ်းမှ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လမ်းတစ်လျှောက်၊ လမ်း ၈၀ မှ ၈၁၊ ၈၂၊ ၈၃၊ ၈၄ လမ်းတစ်လျှောက်ထိ ရဲတပ်ဖွဲ့လုံခြုံရေး ဆက်လက်ရယူထားမည်ဖြစ်ကာ အခြေနေ တည်ငြိမ်သည်အထိ လုံခြုံရေး ထားရှိသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။


Kyaw Swar Myint
မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်း
================================================
ဇူလိုင် ( ၁ ) ရက် မနေ့က ၈၁-၈၂ လမ်းကြား ၊ ၂၇-၂၈ လမ်းကြားအနီးတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနဲ့ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ယနေ့ ဇူလိုင်လ ( ၂ ) ရက်နေ့
နံနက် ( ၉ ) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( တိုင်းရုံး ) မှာ ပြုလုပ်ကျင်းပခဲ့ပါသည် ။

မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( တိုင်းရုံး )မှ ဒုရဲမှူး ဦးဇော်မင်းဦး မှ မီဒီယာ
များကို ယခုလိုပြောကြားသွားခဲ့ပါသည် ။

" ချမ်းအေးသာဇံမြို့နယ် ၊ ချမ်းအေးသာဇံအရှေ့ရပ်ကွက် ( ၂၆ - ၂၇ လမ်းကြား )
( ၈၁ - ၈၂ လမ်းကြား ) လေလာဝန်းအတွင်းရှိ နေပြည်တော် မမစ ( ပျဉ်းမနား ) ( ပ )
၂၃၉ / ၂၀၁၄ တရားခံ နေ၀င်း ပထမဇနီးနေအိမ်သို့နေအိမ်သို့ ဇွန်လ ၃၀ ရက် ည
( ၁၀ ) နာရီ ၄၅ မိနစ်အချိန် မှာ မမစမှူး ( ပျဉ်းမနား )မှ ဒုရဲမှူး နှင့် အဖွဲ့ ၊ မန္တလေးခရိုင်
မှ ( မှု / ကူ ) ရဲအုပ်နှင့်အဖွဲ့ ၊ မမစ ( ချမ်းအေးသာဇံ ) န / ထ အဖွဲ့ နှင့် ပါဝင်သော
 ပူးပေါင်းပါဝင်သော အဖွဲ့သည် သက်သေများနဲ့အတူ ၀င်ရောက်ရှာဖွေသော်လည်း
တရားခံ နေ၀င်း ၊ အတူနေညီဖြစ်သော ဆန်းမောင် တို့အား ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့်
၎င်းတို့လာရောက်နေထိုင်ပါက ရဲစခန်းသို့ လာရောက်ဆက်သွယ်ပါရန် ရယက နှင့် ကွက်စိပ်မှူးတို့
အား မှာကြားထားကြောင်း သိရှိရပါသည် ။

အခင်းဖြစ်နေ့ ဇူလိုင်လ ( ၁ ) ရက်နေ့ ည ( ၉ ) နာရီအချိန်က ဥပုသ်လ ဗလီတွင် ဥပုသ်ဝင်ပြီး
 ပြန်ထွက်လာသော မွတ်ဆလင်လူမျိုးများ မှ တရားခံနေ၀င်း ဖွင့်လှစ်
ထားသော ဆန်း လက်ဖက်ရည်ဆိုင်မဖွင့်သဖြင့် ဖွင့်ပေးရန် ပြောဆိုရင်း လူအင်အား
တစ်ဖြေးဖြေး များလာရာ ဗလီလူကြီးများမှ ပြသနာမဖြစ်စေရန် ဂျွန်းဗလီထဲသို့
ခေါ်ဆောင်သွားပြီး ပြန်လည်လူစုကွဲသွားသည် ။

ည ( ၁၀ ) နာရီခွဲ အချိန် မှာ ၂၆လမ်း ၈၂ လမ်းသို့ ဆိုင်ကယ် ( ၃ ) စီး လူ ( ၆ ) ယောက်
ကမ္ဘာမကြေ သီချင်းဆိုရင်း ဆိုင်ကယ်စီးနင်းသွားကြောင်း ထို့နောက် ည ( ၁၁ ) နာရီ
အချိန် ၂၆ လမ်း ၈၆လမ်းထောင့် တွင် လူအင်အာ ၃၀၀ ခန့်တို့မှ အုတ်ခဲကျိုးများ
ပုလင်းခွံများဖြင့် ဆိုင်းဘုတ်များ ၊ ၀င်းထရံများ ၊ လမ်းဘေးရပ်ထားသော ကားများ သို့
ထုခွဲပစ်ပေါက်သဖြင့် တာဝန်ရှိသူများမှ ဘယ်ရီဂိတ်များ တားဆီးပိတ်ဆို့ကာ အဓိကရုဏ်း
သုံး ၄၀ မမ ရာဘာကျည်ဆံ ၃ ချက်ပစ်ဖောက်ခဲ့ကြောင်း သိရပါသည် ။

ခဲများပစ်ပေါက်ခဲ့မှုကြောင့် ကား ( ၃ ) စီး လေကာမှန်ကွဲကာ ၊ ၂၆လမ်း ၈၆လမ်းအနီးရှိ
Hilux ယာဉ် ရှေ့ခန်းကူရှင် မီးလောင်ကျွမ်းမှုကြောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းသတ်ခဲ့
ရကြောင်း သိရပါသည် ။

ဇူလိုင်လ ( ၂ ) ရက်နေ့ ည ၂ အချိန်မှာ ဂဠုန်နီဆရာတော် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ
လူအုပ်စုထပ်မံမစုစည်းစေရေး နှင့် ရဲတပ်ဖွဲ့များ အင်အားတိုး တပ်ဖြန့် ထိန်းသိမ်း
ဆောင်ရွက်နိုင်ခဲ့ပြီး ည ( ၃ ) နာရီခွဲ အချိန်မှာ ဂဠုန်နီဆရာတော် ပြန်သွားကြောင်း
သိရပါသည် ။ အဓိကရုဏ်းတွင် ခဲများပစ်ပေါက်ခြင်းခံရသဖြင့် မန္တလေးပြည်သူ့
ဆေးရုံသို့ လာရောက်ဆေးကုသမှု ခံရသူ ၅ဦးအထိရှိကြောင်း " ဒုရဲမှူး ဦးဇော်မင်းဦး မှ ပြောပြပါသည် ။

ူဇူလိုင်လ ( ၂ ) ရက်နေ့မှာ အဓိကရုဏ်းဖြစ်ပွားရာအနီးရှိ ဆိုင်အချို့ ပိတ်ထားမှု
ရှိသော်လည်း ဈေးချိုတော် ၊ မန်းမြန်မာပလာဇာ နှင့် ဈေးချိုပလာဇာ တို့မှာ ပုံမှန်
အတိုင်း ဆက်လက်ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။

သတင်းဓါတ်ပုံ- Khine Lynn Soe

0 အကြံပြုခြင်း: