Sunday, July 27, 2014

လွဲတာကတော့ လွဲနေပြီ . . .

Eleven Media Group
Written by: နေထွန်းနိုင်

(၁)
ဂျာနယ်လစ်တွေ စစ်ဆေးမေးမြန်းခံနေရတာ၊ ပြစ်မှုပြစ်ဒဏ် မမျှတဘဲ ထောင်ဒဏ်ချမှတ်ခံနေရတာတွေက ဒီနှစ်ပိုင်းမှာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းမီဒီယာအချို့အပေါ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ သမ္မတထံ သဝဏ်လွှာပို့ခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှာပို့ခဲ့တဲ့ သဝဏ်လွှာကို ဇူလိုင် ၂၅ ရက်မှာ သမ္မတက အကြောင်းပြန်ပါတယ်။

အချက်ငါးချက်ပါဝင်တဲ့ သမ္မတပြန်စာရဲ့ လိုရင်းက “သူတို့လုပ်ဆောင်မှုတွေ မမှားဘူး” လို့ ဆိုလိုချင်ပုံ ရပါတယ်။

၂ဝ၁၁ ခုနှစ် မတ် ၃၁ ရက် သမ္မတဦးသိန်းစိန် သမ္မတတာဝန်ယူခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေကို ပြောခဲ့တဲ့မိန့်ခွန်းမှာ “စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများကတစ်ဆင့် ပြည်သူတွေသိသင့်တဲ့ အချက်များကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ထည့်သွင်းပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ၂ဝ၁၁ ခုနှစ် မတ်လမိန့်ခွန်းနဲ့ ၂ဝ၁၄ ဇူလိုင်လ သဝဏ်လွှာဟာ ဆီနဲ့ရေလို ကွာခြားသွားတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

(၂)
သမ္မတရဲ့သဝဏ်လွှာ ပထမအချက်မှာ “သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အထူးအလေးထား ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှု အဆင့်သည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်နေသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်” လို့ ဖော်ပြပါတယ်။

သတင်းမီဒီယာတွေ ဖွံ့ဖြိုးဖို့ အစိုးရက အထူးအလေးထား ကူညီဆောင်ရွက်ပေးနေတယ်ဆိုတာ ဘာကိုပြောချင်တာပါလဲ။ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခဲ့တာဟာ ကူညီဆောင်ရွက်ပေးတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ဝေခွင့်ပြုခဲ့တာဟာ ကူညီဆောင်ရွက်ပေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ဒါတွေကို မဖြစ်မနေ ခွင့်ပြုရမှာပါ။ ဒါကိုပဲ အစိုးရက ထူးပြီးလုပ်ဆောင်ပေးတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

သမ္မတပြောတဲ့ သတင်းမီဒီယာဆိုတာ အစိုးရပိုင် မီဒီယာတွေကိုပဲ ပြောတယ်ဆိုရင် တစ်နည်းတစ်ဖုံ ဖြစ်နိုင်ပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာတွေကို အဆင့်မြှင့်နိုင်ခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေလည်း ပါဝင်နိုင်ပါတယ်။

ပုဂ္ဂလိက မီဒီယာတွေက ထူးမခြားနားပါပဲ။ အစိုးရမီဒီယာတွေရဲ့ ကြော်ငြာဈေးကွက် လက်ဝါးကြီးအုပ်မှု၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ အရှုံးခံထုတ်ဝေမှုအောက်မှာ ပုဂ္ဂလိကသတင်းစာ အများစုက ကိုယ်ပိုင်ငွေနဲ့ အရှုံးခံ ထုတ်ဝေနေပါတယ်။ ဒီလို အရှုံးခံ ထုတ်နေတာကိုတောင် ဘာကြောင့်ဆက်ထုတ်နေသလဲ၊ ဘယ်ကပိုက်ဆံတွေ ရနေသလဲ၊ ဘယ်သူတွေ ထောက်ပံ့နေသလဲဆိုပြီး ပြည်ထဲရေးက ခေါ်ယူတွေ့ဆုံ မေးမြန်းခံရပါတယ်။

(၃)
ဂျာနယ်လစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ သတင်းမီဒီယာဥပဒေ ရေးဆွဲမှုအပိုင်းမှာ နှောင့်နှေးခဲ့တာတွေ ရှိပါတယ်။ ပြန်ကြားရေးနဲ့ သမ္မတရုံးက ကိုယ်လိုတာအများစုကို ထည့်ချင်တာကြောင့် အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်။ လွှတ်တော်ကကြားဝင်ပြီး သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ဥပဒေရဲ့ အကာအကွယ်ကို ဂျာနယ်လစ်တွေ မရသေးပါဘူး။ ဂျာနယ်လစ်တွေ ဖမ်းဆီးထောင်ချခံနေတာကို သတင်းမီဒီယာဥပဒေနဲ့ ဆုံးဖြတ်လုပ်ဆောင်နေတာ မဟုတ်ပါဘူး။

IMS လို၊ ယူနက်စကိုလို နိုင်ငံတကာ အဖွဲ့အစည်းအချို့နဲ့ ပြန်ကြားရေးတို့ ပူးပေါင်းပြီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ‘ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်’ ကို လက်တွေ့ကျကျ အသုံးချနိုင်ရေးဆိုတာက ဘေးရောက်နေခဲ့ပါတယ်။

(၄)
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို ဘယ်လိုနည်းနဲ့တိုင်းတာပြီး ပြောတာလဲ။ မြန်မာနိုင်ငံရဲ့ ရုပ်သံမီဒီယာ (Broadcasting) မီဒီယာကို အစိုးရနဲ့ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေပဲ ထိန်းချုပ်ထားပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အခုလိုထိန်းချုပ်ထားတာ မရှိပါဘူး။

အရှေ့တောင်အာရှ ၁ဝ နိုင်ငံမှာ အာဏာရှင်စနစ် ဒါမှမဟုတ် အာဏာရှင်စနစ်နီးပါး အုပ်ချုပ်နေတဲ့ နိုင်ငံတွေက ယခင် မြန်မာနိုင်ငံ အပါအဝင် ငါးနိုင်ငံရှိပါတယ်။ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီအယောင်ပြ အုပ်ချုပ်နေတာက နှစ်နိုင်ငံရှိပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံပါ အဲဒီအထဲ ပါသွားပါပြီ။ တကယ့် ဒီမိုကရေစီစစ်စစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံပဲ ရှိပါတယ်။

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်မှာ အရှေ့တောင်အာရှရဲ့ ထိပ်ဆုံးရောက်နေတယ်လို့ သမ္မတက ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။

သတင်းလွတ်လပ်ခွင့်မှာ ဖိလစ်ပိုင်က မြန်မာအောက် အနည်းငယ်ရောက်နေတာက သူတို့ဆီမှာရှိနေတဲ့ သူပုန်တွေနဲ့ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေကြောင့် ဖြစ်ရတာပါ။ မြန်မာနိုင်ငံမှာ လူဆိုးဂိုဏ်းတွေ မရှိသလို တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မီဒီယာတွေကို ရန်ရှာသတ်ဖြတ်တာမျိုး မရှိပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တခြားနိုင်ငံက လက်နက်ကိုင်တွေလို မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသတွင်းမှာ ထိုက်သင့်တဲ့ သတင်းလွတ်လပ်ခွင့်တွေ ရှိပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတက်ခဲ့တယ်ဆိုတာက တခြားနိုင်ငံတွေနဲ့ အသွင်မတူဖြစ်ပါတယ်။

(၅)
သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့ ဒုတိယအချက်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၃၅၄ တို့အရ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည့်နည်းတူ တာဝန်ရှိမှုများကိုလည်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားရှိပါသည်။ အမုန်းပွားစေမည့် ရေးသားပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့်နိုင်ငံသားကမျှ လက်ခံလိုခြင်း မရှိပါ။ တရားဥပဒေစိုးမိုးမှု ရှိမှသာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အေးချမ်းသာယာမည် ဖြစ်ပါသည်” လို့ ဆိုပါတယ်။

နိုင်ငံသားများ အခွင့်အရေးကို လွတ်လပ်စွာသုံးစွဲခွင့် ရှိနေသလား၊ မရှိဘူးလားဆိုတာကို ပုဒ်မ ၁၈ နဲ့ အရေးယူခံနေရသူတွေအပြင် ပြည်သူတွေက ကောင်းကောင်းသိနေပါတယ်။ အမုန်းပွားစေတဲ့ အရေးအသားတွေကို ဘယ်သူမှ လက်မခံပါဘူး။ အမုန်းတရားပွားစေတဲ့ စကားတွေ ဘယ်နေရာက လာနေသလဲဆိုတာကိုလည်း ပြည်သူတွေ သိနေပါတယ်။ တရားဥပဒေစိုးမိုးမှုဆိုတဲ့ စကားကို အစိုးရအဖွဲ့အနေနဲ့ ဘယ်လောက်အထိ အကောင်အထည်ပေါ်နေပြီလဲ ဆိုတာကို အစိုးရအဖွဲ့အနေနဲ့ ဆန်းစစ်သင့်ပါတယ်။

ဆန္ဒပြသူတွေကို ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ချက်ချင်းဖမ်းဆီး အရေးယူပါတယ်။ ဂျာနယ်လစ်တွေကို အလွယ်တကူ ခေါ်ယူစစ်ဆေးမေးမြန်းပြီး ပြစ်မှု၊ ပြစ်ဒဏ် မမျှတဘဲ ထောင်ဒဏ်ချမှတ်ပါတယ်။ ဒါတွေကို ပြည်ထဲရေးနဲ့ တရားရုံးတွေက ချက်ချင်းလုပ်နိုင်ပေမယ့် လွတ်မြောက်နေတဲ့ တရားခံပြေး တစ်သောင်းကျော်ကို အခုချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်ဆိုတဲ့ ဂုဏ်တစ်ခုရဖို့ သူတို့နဲ့အတူ တွဲလွှတ်ပေးခဲ့တဲ့ ရာဇဝတ် အကျဉ်းသားတွေကြောင့် နေ့စဉ်နီးပါး ထူပြောလာတဲ့ လူသတ်မှု၊ ခိုးဆိုးလုယက်မှုတွေ လျော့ကျအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။

စီးပွားရေး မပြေလည်မှု၊ စားဝတ်နေရေး ကျပ်တည်းမှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ တရားဥပဒေစိုးမိုးမှု မလုံခြုံတဲ့ဘဝမှာ နေထိုင်နေရပါတယ်။

(၆)
သမ္မတပြောခဲ့တဲ့ တတိယအချက်က အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကို ဖုံးကွယ်ပြီး မီဒီယာတွေကို ဝါးလုံးရှည်နဲ့ယမ်းပြီး လက်ထောက်ချခဲ့တာ ဖြစ်ပါတယ်။

တတိယအချက်မှာ ပြောခဲ့တာက “ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် မီးရှို့သည့်ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ကမ္ဘာ့အလယ်မှာ သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာရှိသောမီဒီယာ ဖြစ်စေလိုပါသည်။ ထို့ကြောင့် ဘက်လိုက်မှုကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်” လို့ ပြောပါတယ်။

အမုန်းပွားစေနိုင်တဲ့၊ ကျင့်ဝတ်နဲ့မညီတဲ့ လှုံ့ဆော်မှုတွေကို ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့က လုပ်ခဲ့တယ်လို့ သမ္မတက ပြောတဲ့အတွက် ဘယ်သူတွေလဲဆိုတာ ထုတ်ပြောဖို့ လိုပါလိမ့်မယ်။ ထုတ်မပြောပဲ ရမ်းသလိုဖြစ်နေရင်တော့ သမ္မတကိုယ်တိုင် ကိုယ့်စကားအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သလို ဖြစ်သွားနိုင်ပါတယ်။

အမုန်းပွားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေဟာ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ အများဆုံး ဖြစ်နေတာပါ။ ဒီလို လုပ်ဆောင်မှုတွေကို ဘယ်သူတွေက အများဆုံးလုပ်နေတာလဲ။ အမည်မဖော်ဘဲ သွေးထိုးလှုံ့ဆော်မှုလုပ်နေတဲ့ ဝါဒဖြန့်ချိရေး Account တွေကို လေ့လာတဲ့အခါ အများစုက အစိုးရရဲ့ မူဝါဒတွေကို ထောက်ခံပြီး အစိုးရကို ကာကွယ်ပြောဆို ရေးသားနေသူတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်နေသူတွေကို တစ်ယောက်မှ ဖမ်းနိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်းမရှိဘဲ မီဒီယာတွေကြောင့် အမုန်းပွားတာတွေဖြစ်ပြီး လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ ဖြစ်တယ်ဆိုတဲ့ သမ္မတရဲ့စကား မှားပါတယ်။

ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ဆန်းစစ်မယ်ဆိုရင် ပဋိပက္ခကို ပိုကြီးထွားစေတဲ့အချက်က နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့လည်း သက်ဆိုင်ပါတယ်။

၂ဝ၁၂ ခုနှစ် ဇွန် ၃ ရက်မှာဖြစ်ခဲ့တဲ့ တောင်ကုတ်လူသတ်မှုဖြစ်စဉ်ကို နိုင်ငံပိုင်မီဒီယာ မြန်မာ့အလင်းသတင်းစာက ဖော်ပြတဲ့အခါ “သံတွဲမှရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်စလင်ကုလား ၁ဝ ဦး အသတ်ခံရ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြမှုအတွက် ‘မွတ်စလင်ကုလား’ နေရာမှာ ‘ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁ဝ ဦး အသတ်ခံရ’ လို့ ပြင်ခဲ့တယ်။ ဒီဖော်ပြချက်ဟာ ဘာသာရေးအကြောင်းပြ လူမျိုးရေးပဋိပက္ခတွေကို ဆက်တိုက်ဖြစ်စေခဲ့၊ ပိုကြီးစေခဲ့ပါတယ်။ ဒီဖော်ပြမှုကို အစိုးရက တာဝန်ယူပြီး တိတိကျကျ အရေးယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။

(၇)
သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော် Facebook Account ပိုင်ရှင်) ကိုယ်တိုင် ပြီးခဲ့တဲ့ ရခိုင်အရေးအခင်းမှာ အမုန်းတရားလှုံ့ဆော်တဲ့စာတွေ ရေးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဝေဖန်ရေးသားခဲ့ဖူးပါတယ်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခတွေ ဘယ်ကိစ္စမှာမဆို သွေးထိုးလှုံ့ဆော် ရေးသားလေ့ရှိတဲ့ Facebook တွေ ရှိပါတယ်။ သူတို့ထဲက အများစုက အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဟုတ်၊ မဟုတ်ဆိုတာ သမ္မတနဲ့ အစိုးရအဖွဲ့က ရှင်းရမှာပါ။ ရှင်းလင်းရုံတင် မကပါဘူး။ ဖော်ထုတ်အရေးယူမှုတွေကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သွေးထိုးလှုံ့ဆော်မှုတွေကို ရေးသားနေသူတွေဟာ အစိုးရနဲ့ ပတ်သက်နေသလား ဆိုတာကို တစ်ထစ်ချ မပြောနိုင်ပေမယ့် တချို့ အစိုးရအရာရှိတွေကတော့ နာမည်ဝှက်တွေနဲ့ ရေးသားတာတွေ ရှိပါတယ်။

ဥပမာအားဖြင့် ရောင်နီဦးဆိုတဲ့ Facebook Account ပိုင်ရှင်ဟာ အငြိမ်းစားဗိုလ်ကြီးတစ်ဦးဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ချုပ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ နေ့စဉ် Facebook ပေါ်မှာ ရှိနေသူတစ်ဦးဖြစ်ပြီး သူ့ရုံးအလုပ်လုပ်ရမယ့် အချိန်အတော်များများမှာ Facebook သုံးစွဲနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ ရေးသားချက်တွေက ကိုယ်နဲ့မဆိုင်ဘဲ အတိုက်အခံတွေ၊ မီဒီယာတွေကို အစဉ်အမြဲ အမုန်းပွားစေမယ့် စကားတွေ ပြောဆိုနေတာပါ။ သူနဲ့ မှူးဇော် Account တို့ဟာ ချိတ်ဆက်ထားပါတယ်။ သူတို့ကိုယ်သူတို့ Facebook မှာ ပဉ္စမမဏ္ဍိုင်လို လုပ်ဆောင်နေပါတယ်။ သူတို့နဲ့ ဆက်နွှယ်နေပြီး ထောင်ချီရှိတဲ့ Facebook ဝါဒဖြန့်ချိရေး ယန္တရားတစ်ခုလည်း သေချာပေါက်ရှိနေပါတယ်။

ရောင်နီဦးဟာ ဥပမာတစ်ရပ်အနေနဲ့ ထုတ်ပြတာဖြစ်ပြီး သူလို အစိုးရဝန်ထမ်းအရာရှိ အများအပြားလည်း Facebook သုံးစွဲနေကြတယ်။ သူတို့တွေထဲမှာ အမုန်းတရားပွားတဲ့ သွေးထိုးလှုံ့ဆော် ရေးသားမှုတွေကို လုပ်နေသူတွေ အများကြီး ရှိနေပါတယ်။

(၈)
သမ္မတက ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့ကြောင့် အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာကျဆင်းမှု ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မီဒီယာတွေကြောင့် ကမ္ဘာ့အလယ်မှာ သိက္ခာကျဆင်းခဲ့ရတာလား။ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းမှုတွေကြောင့် မလိုလားအပ်ဘဲ ပြဿ နာတွေ ကြီးထွားပြီး လူသတ်၊ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မိတ္ထီလာ၊ လားရှိုး၊ အခုနောက်ဆုံး မန္တလေးမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အချိန်မီထိန်းသိမ်းနိုင်မှု အားနည်းခဲ့ပါတယ်။ အချိန်မီထိန်းသိမ်းတာတွေ မရှိခဲ့ပါဘူး။ အကြမ်းဖက် လုယက်ဖျက်ဆီးမှုတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတားဆီးဘဲ ရပ်ကြည့်နေခဲ့တယ်ဆိုပြီး ဒေသခံတွေကိုယ်တိုင်က ပြောခဲ့ပါတယ်။ ဖြစ်စဉ်တိုင်းမှာ နောက်ကွယ်က ကြိုးကိုင်နေသူရှိတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ အခုချိန်အထိ ကြိုးကိုင်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဒီနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ သိက္ခာကျစရာတွေချည်း ဆက်တိုက်ဖြစ်နေပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေက သိသာထင်ရှားတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေက ဝေဖန်ကြသလို မြန်မာအစိုးရကို ထောက်ခံခဲ့တဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို ဝေဖန်ထောက်ပြနေပါပြီ။ ဒီကိစ္စတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ နှောင့်နှေးနေတာကလည်း အချက်တစ်ခု ဖြစ်ပါတယ်။

သမ္မတပြောတဲ့အထဲမှာ ပါဝင်သလို မီဒီယာဟာ ကျင့်ဝတ်ရှိရမယ်၊ တာဝန်သိမှု၊ တာဝန်ယူမှု ရှိရမယ်ဆိုတာဟာ အထူးပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ လူတိုင်းမှာ စောင့်ထိန်းရမယ့်ကျင့်ဝတ် ရှိပါတယ်။ လူတစ်ဦးချင်း စောင့်ထိန်းရမယ့် ကျင့်ဝတ်ရှိသလို လူတိုင်းလိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်ရှိပါတယ်။ အစိုးရအဖွဲ့ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်ဆိုတာလည်း ရှိပါတယ်။

(၉)
သမ္မတပြောခဲ့တဲ့ စတုတ္ထအချက်က ယူနတီဂျာနယ်လစ်တွေကို ထောင်ချခဲ့တာနဲ့ သက်ဆိုင်နေပါတယ်။

“မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၄ အရသာ ဆောင်ရွက်ပေးခွင့် ရှိပါသည်” လို့ သမ္မတက ပြောခဲ့တာပါ။

အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ယူနတီဂျာနယ်လစ်တွေဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရပါတယ်။ အစိုးရလျှို့ဝှက်ချက် ပေါက်ကြားခဲ့ခြင်း မရှိပေမယ့် သူတို့ထောင်ချခံခဲ့ရပါတယ်။ သူတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းက တရားစွဲဆိုတယ်၊ တရားရေးမဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လပ်စွာ စီရင်ဆုံးဖြတ်တယ်လို့ သမ္မတက ပြောပါတယ်။

ဒါပေမဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုဖို့ လမ်းညွှန်ချက်ကို သမ္မတက ပေးခဲ့တာပါ။

ယူနတီဂျာနယ်လစ်တွေကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူဖို့၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးကို တရားလိုအဖြစ် အမှုဖွင့်ဆောင်ရွက်ဖို့ သမ္မတက လမ်းညွှန်ခဲ့တာဖြစ်ပြီး ဒီလမ်းညွှန်ချက်ကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ယူနတီဂျာနယ်လစ်တွေကို အပြီးသတ် စီရင်ချက်မချခင် ရက်ပိုင်းအလိုမှာ သမ္မတက မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ ဇူလိုင် ၈ ရက်ကပြောခဲ့တဲ့ မိန့်ခွန်းဟာ မန္တလေးမြို့ ပဋိပက္ခနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဒီမိန့်ခွန်းမှာ မီဒီယာတွေကို သတိပေးခဲ့ပါတယ်။

“မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” လို့ သမ္မတက ပြောပါတယ်။

ဇူလိုင် ၁ဝ ရက်မှာ ယူနတီဂျာနယ်လစ်တွေ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

တရားစွဲဆိုမှုဖြစ်စဉ် အစကနေ စီရင်ချက်မချခင် ရက်ပိုင်းအလို ပြောခဲ့တဲ့စကားတွေကိုကြည့်ရင် တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် သီခြားစွာရှိနေတယ်၊ တိုက်ရိုက်ပတ်သက်ခြင်း မရှိဘူးဆိုပေမယ့် သမ္မတဟာ တရားစီရင်ရေးမဏ္ဍိုင်အပေါ် သွယ်ဝိုက်သောအားဖြင့် ဖိအားပေးခဲ့သလားဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်စေခဲ့ပါတယ်။ ယူနတီဂျာနယ်လစ်တွေကို ထောင်ဒဏ်တွေ ပြင်းထန်စွာချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲပြီး ထောင်ချခဲ့သလို အခုလည်း ‘ကြားဖြတ်အစိုးရ ဖွဲ့တယ်’ ဆိုတဲ့ သတင်းတစ်ခုကို ရေးမိတဲ့ မွန်းတည့်နေ ဂျာနယ်လစ်တွေကိုလည်း ထောင်ဒဏ်နှစ်နှစ်အထိ ချလို့ရတဲ့ ပုဒ်မ ၅ဝ၅၊ ထောင်ဒဏ်ခုနစ်နှစ်အထိ ချလို့ရတဲ့ ပုဒ်မ ၅ (ည) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

ဂျာနယ်လစ်တွေကို ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေသလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

(၁ဝ)
သမ္မတသဝဏ်လွှာ ပဉ္စမအချက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းမီဒီယာအရေးနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတွေနဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံရှင်းလင်းပြီးပြီ၊ ကိစ္စတွေပြီးပြီဆိုတဲ့သဘော သက်ရောက်ပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများကို ၂၁-၇-၂ဝ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရှင်းလင်းပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါသည်။ တရားဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို အုပ်ချုပ်ရေး အစိုးရအဖွဲ့အနေဖြင့် အကာအကွယ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်” လို့ သဝဏ်လွှာအဆုံးမှာ ဖော်ပြပါတယ်။

သမ္မတဆီက အလှူငွေ သိန်း ၅ဝဝ ယူခဲ့ပြီး ဂျာနယ်လစ်တွေကြားမှာသာမက ပြည်သူတွေကြားမှာပါ ယုံကြည်မှုကင်းမဲ့ခံရတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဟာ လက်ရှိမီဒီယာတွေ ရင်ဆိုင်နေရတဲ့ အရေးနဲ့ပတ်သက်ပြီး သမ္မတ၊ ပြန်ကြားရေးဝန်ကြီးတို့နဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ခဲ့တယ်ဆိုပေမယ့် ပြီးပြတ်တဲ့အခြေအနေ မဟုတ်ပါဘူး။ သမ္မတက တွေ့ မယ်၊ မတွေ့ဘူးဆိုတာကို တိတိကျကျ မပြောသေးပါဘူး။

ဒီအချိန်မှာပဲ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) တာဝန်ခံ ဦးအောင်မင်းနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင် ဦးဇော်သက်ထွေးတို့ ဇူလိုင် ၂၆ ရက်မှာ လျှို့ဝှက်တွေ့ဆုံပါတယ်။ ဘာတွေပြောကြလဲဆိုတာ ထုတ်ပြောတာ မရှိသေးပါဘူး။

(၁၁)
MPC ဟာ နိုင်ငံရေးနယ်ပယ်မှာ နာမည်ကောင်းရနေတဲ့အဖွဲ့ မဟုတ်ပါဘူး။ နိုင်ငံရေး သုံးသပ်လေ့လာသူ တချို့ဆိုရင် MPC ရဲ့လုပ်ရပ်တွေဟာ Divide and Rule (သပ်သျှိုသွေးခွဲတဲ့ပုံစံ) ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

သမ္မတနဲ့ တွေ့ခွင့်တောင်းထားတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)က အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်ကို သမ္မတနဲ့မတွေ့ခင် MPC တာဝန်ခံ ဦးအောင်မင်းနဲ့ အရင်လျှို့ဝှက်စွာ တွေ့ခိုင်းခဲ့တာဟာ မီဒီယာလောကမှာလည်း Divide and Rule လုပ်ဖို့ ကြိုးစားနေသလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် အပြည့်အဝ ကာကွယ်နိုင်ဖို့အတွက် ဂျာနယ်လစ်တွေ ညီညွတ်စွာနဲ့ စုစည်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ လျှို့ဝှက်တွေ့ဆုံမှုဟာ ကောင်းတဲ့အခြေအနေ မဟုတ်ပါဘူး။

၂ဝ၁၃ ခုနှစ် စက်တင်ဘာလတုန်းက သမ္မတနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာလည်း အဖွဲ့ဝင်အားလုံးနဲ့ တွေ့တာမဟုတ်ပဲ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး စသဖြင့် သုံးဦးကိုရွေးပြီး တွေ့ခဲ့တာပါ။ ဒီလို ခွဲခြားတွေ့ခဲ့တုန်းကလည်း သမ္မတပေးတဲ့ အလှူငွေ သိန်း ၅ဝဝ ကို လက်ခံခဲ့ကြလို့ အဲဒီနောက်ပိုင်း စာနယ်ဇင်းကောင်စီ (ယာယီ)ဟာ ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ရပ်တည်ချက်ကလည်း ပိုပြီးတော့ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဂျာနယ်လစ်တွေကို ကာကွယ်စောင့်ရှောက်နိုင်မှု မရှိသလောက် နည်းပါးနေသလို အုပ်ချုပ်ရေးပိုင်းကလည်း စာနယ်ဇင်းကောင်စီ (ယာယီ) ကို အလေးမထား၊ အကြောင်းမကြားဘဲ ဂျာနယ်လစ်တွေကို ခေါ်ယူမေးမြန်းနေပါတယ်။

ထူးခြားတဲ့ အချက်တစ်ခုက စာနယ်ဇင်းကောင်စီ (ယာယီ) က အဖွဲ့ဝင်အချို့ ပစ်မှတ်ထားနေတဲ့ သတင်းမီဒီယာတွေဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ခေါ်ယူ၊ မေးမြန်း အရေးယူခံနေရသူတွေ ဖြစ်နေပါတယ်။ သူတို့ပစ်မှတ်ထားတဲ့ မီဒီယာတွေက သူရိယနေဝန်း သတင်းဂျာနယ်၊ ယူနတီသတင်းဂျာနယ်၊ မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ဧရာဝတီသတင်းဌာနနဲ့ Eleven Media Group တို့ ဖြစ်ပါတယ်။

ဒီမီဒီယာတွေထဲမှာ သူရိယနေဝန်းဂျာနယ်က ဒီတစ်ပတ်မှာ ရပ်နားသွားရပြီး နာမည်ပြောင်း ဆက်ထုတ်နေပါတယ်။ ယူနတီဂျာနယ်လစ်တွေ ထောင်ချခံခဲ့ရပြီး ဂျာနယ်ရပ်နားသွားပါပြီ။ မြန်မာသံတော်ဆင့်ကို ပြည်ထဲရေးက ခေါ်ယူစုံစမ်း မေးမြန်းနေပါတယ်။ မွန်းတည့်နေဂျာနယ်လစ်တွေက တရားရင်ဆိုင်နေရပါတယ်။ ဧရာဝတီသတင်းဌာနကိုလည်း ပြည်ထဲရေးတာဝန်ရှိသူတွေ ခေါ်ယူမေးမြန်းခဲ့တာ ရှိပါတယ်။ ကျန်နေတာက Eleven Media Group ဖြစ်ပါတယ်။ Eleven Media Group ကိုလည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စာနယ်ဇင်းကောင်စီ (ယာယီ) က သဘောထားထုတ်ပြန်ချက် ထုတ်ထားပါတယ်။

ဒီကြေညာချက်ဟာ Eleven Media Group ကို အရေးယူမယ်ဆိုရင် ဘောင်ဝင်အောင် အချက်ပေးလုပ်ဆောင်တယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး ကြေညာချက်ထုတ်ခံရတဲ့ ကိစ္စမှာလည်း Eleven Media Group က ပထမဆုံးမီဒီယာ ဖြစ်ခဲ့ပါတယ်။

ဒီဆောင်းပါးရေးနေတုန်းမှာပဲ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက သူ့ရဲ့ Facebook မှာ Status တစ်ခု ရေးခဲ့ပါတယ်။

သတင်းစာကျင့်ဝတ်မြှင့်တင်ဖို့ လုပ်နေတဲ့ကိစ္စတွေမှာ “သတင်းစာအတတ်ပညာကို ဖီလာပြု၊ သတင်းစာကျင့်ဝတ် စည်ကမ်းရော လူ့ကျင့်ဝတ်စံနှုန်းတွေကိုပါ မျက်ကွယ်ပြုပြီး ထင်မြင်ယူဆချက်တွေ၊ စွပ်စွဲပုတ်ခတ်မှုတွေနဲ့ ရွံစရာကောင်းတဲ့ အောက်တန်းကျကျ အရေးအသားတွေနဲ့ စာဖတ်ပရိသတ်ကို စော်ကားနေတဲ့သူတွေ ရှိနေတော့လည်း ခရီးမတွင်တာ ဘာဆန်းလဲ” လို့ ဦးကျော်မင်းဆွေက ရေးခဲ့ပါတယ်။

“နောက်ကွယ်က အင်အားကြီးကြီးမားမားအားကိုးနဲ့ သတင်းမီဒီယာထဲကို ဘီလူးဆိုင်းတီး ဝင်လာတဲ့သူတွေ၊ ဒီမိုကရေစီ သူရဲကောင်းဆန်ဆန် စတန့်ပြကွက်တွေနဲ့ ပေါက်လွှတ်ပဲစား အရေးအသားတွေနဲ့ ဒလန်အကြီးစားတွေက သတင်းမီဒီယာလောကကို အိုးမဲသုတ်နေတာနဲ့ အတူတူပဲ။ အဲဒီလို အိုးမဲသုတ်နေတာတွေကြောင့် ဒီနေ့ အစိုးရက ဖမ်းတာ၊ ဆီးတာ၊ တရားစွဲထောင်ချတာတွေ ဖြစ်နေတာပေါ့” လို့ သူက ဆက်ရေးထားပါတယ်။

ဒါဟာ အရေးယူခံနေရတဲ့ ဂျာနယ်လစ်တွေ အရေးယူခံသင့်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဂျာနယ်လစ်တွေကို ဘာတစ်ခုမှ လုံခြုံအောင် မကာကွယ်ပေးနိုင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးက ဒီလိုစကားပြောလာ အံ့ဩစရာ မရှိပါဘူး။

အခုဖြစ်နေတဲ့ ကိစ္စတွေမှာ ဂျာနယ်လစ်တွေကို အရေးယူနိုင်မယ့် အကြံပြု ပြောဆိုချက်တွေဟာ ဦးကျော်မင်းဆွေနဲ့ အဖွဲ့ကတစ်ဆင့် MPC က ဦးလှမောင်ရွှေဆီ ရောက်မယ်။ သမ္မတအကြံပေး ဦးလှမောင်ရွှေကတစ်ဆင့် သမ္မတဆီရောက်မယ်။ ဂျာနယ်လစ်တွေကို ကျင့်ဝတ်နဲ့ကိုင်ပေါက်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးမယ်။ ဒီလိုဖြစ်နေတာကို ဦးကျော်မင်းဆွေနဲ့ အဖွဲ့အကြောင်း ရိပ်မိနေသူတွေက သိနေပါပြီ။

သေချာတာကတော့ အခုချိန်မှာ ဂျာနယ်လစ်တွေက ဖမ်းဆီးထောင်ချခံနေရတဲ့ ဂျာနယ်လစ်တွေနဲ့ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ် မမျှတတာကိုပဲ ပြောနေတာပါ။ သူတို့မှားခြင်း၊ မှန်ခြင်းကို ပြောနေတာမဟုတ်ပါဘူး။ သူတို့ အရေးအသားတွေ ကျင့်ဝတ်နဲ့ညီတယ်၊ မညီဘူးဆိုတာကို ပြောနေတာမဟုတ်ဘူး။

သူတို့ကို ဆုံးဖြတ်မှာက ပြည်သူတွေ ဖြစ်ပါတယ်။ ပြည်သူတွေက သူတို့ကိုမကြိုက်ရင် ကျဉ်ပါလိမ့်မယ်။ ဂျာနယ်လစ်တွေက ကျင့်ဝတ်ကို ကိုယ့်ကိုယ်ပဲ စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မီဒီယာအချင်းချင်း ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ ကျင့်ဝတ်ဆိုတာကို ထောက်ပြပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေပေးဖို့ လမ်းကြောင်းပေး တိုက်တွန်းရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးက ကျင့်ဝတ်ဆိုတာနဲ့ကိုင်ပေါက်ပြီး အရေးယူခံရတာ ဆန်းသလားဆိုတဲ့ ပုံစံမျိုးနဲ့ ထောက်ခံပြောဆိုတာက မြန်မာမီဒီယာလောကအတွက် အကျည်းတန်တဲ့ ကိစ္စတစ်ခုပါပဲ။

(၁၂)
ပြည်ထောင်စုလွှတ်တော်နာယကဆီကို ပြန်ပို့ခဲ့တဲ့ သမ္မတသဝဏ်လွှာဟာ သတင်းမီဒီယာတွေအပေါ် သမ္မတကိုယ်တိုင်က ရန်သူလို သဘောထားနေပြီလားလို့ မေးစရာရှိပါတယ်။

သမ္မတအနေနဲ့ လုပ်မယ်ပြောပြီး မလုပ်နိုင်တာတွေ အများကြီး ရှိနေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရသေးပါဘူး။ ပြည်သူတွေရဲ့ ဆင်းရဲတွင်းနက်နေဆဲ ဖြစ်ပါတယ်။ တရားမျှတမှု မရှိခြင်းတွေက နေရာစုံမှာ ဖြစ်နေပါတယ်။ တရားစိုးမိုးမှု အားမကောင်းသေးပါဘူး။ ဒီကြားထဲမှာပဲ အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှု၊ ခြစားမှုတွေကလည်း ရှိနေတုန်းပါ။ ဒါတွေကို ထိထိရောက်ရောက် အရေးမယူနိုင်သေးပါဘူး။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလလည်း နီးကပ်လာပါပြီ။ ရွေးကောက်ပွဲ သန့်ရှင်းမျှတဖို့အတွက် မီဒီယာက အဓိကကျပါတယ်။ ဂျာနယ်လစ်တွေကို ဖမ်းဆီးအရေးယူပြီး ပြစ်မှုပြစ်ဒဏ်မမျှတဲ့ အရေးယူမှုတွေ လုပ်နေတာဟာ ၂ဝ၁၅ ခုနှစ်မတိုင်ခင် မီဒီယာတွေကိုဖိနှိပ်ဖို့ ပြင်ဆင်တာနဲ့ အတူတူပါပဲ။ လက်ရှိအခြေအနေမှာ ဖြစ်နေတဲ့ ကိစ္စတွေအပေါ် ဘယ်လိုပဲငြင်းငြင်း မီဒီယာကို ဖိနှိပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။

နိုင်ငံတကာကတော့ မြန်မာနိုင်ငံကို စောင့်ကြည့်နေပါတယ်။ အမေရိကန်ကွန်ဂရက်မှာ ဇူလိုင် ၂၄ ရက်က မိန့်ခွန်းပြောခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ရပ်တန့်နေပြီး ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုတွေက မေးခွန်းထုတ်စရာဖြစ်နေပြီလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

မစ်ခ်ျမက်ကော်နယ်လ်ဟာ မြန်မာအစိုးရအကြောင်း ကောင်းကောင်းသိသူတစ်ဦး ဖြစ်ပါတယ်။ ယခင် မြန်မာစစ်အစိုးရကို အစဉ်တစိုက် ဝေဖန်ခဲ့သူမို့ အခုအစိုးရရဲ့ ခြေလှမ်းတွေကို သိနေတဲ့အတွက် ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီက မြန်မာနိုင်ငံက မပြန်ခင် ဇူလိုင် ၂၆ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ထုတ်ပြောခဲ့ပါတယ်။

လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို ဖိနှိပ်နေမယ်ဆိုရင် ၂ဝ၁၅ ရွေး ကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ မစ္စရန်း(င်)ဟီးလီက ဆိုပါတယ်။

သမ္မတဟာ လူထုရဲ့ခံစားချက်ကို တင်ပြနေတဲ့ မီဒီယာတွေနဲ့ သဘောထား ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှုတွေဟာ ညင်သာစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရမှာဖြစ်ပြီး ရန်သူလို သဘောထားလို့ မရပါဘူး။

သမ္မတအနေနဲ့ သတင်းအချက်အလက် အမှားတွေရနေတာကြောင့် သဝဏ်လွှာမှာ သဘောထားတင်းမာကြောင်းကို ပြခဲ့တာလား။ ဒါမှမဟုတ် သမ္မတကိုယ်တိုင်က သဝဏ်လွှာမှာပါတဲ့အတိုင်း သဘောထားတင်းမာနေပြီလား။ သဝဏ်လွှာမှာပါတဲ့အတိုင်း သမ္မတကိုယ်တိုင် ယုံကြည်တယ်ဆိုရင်တော့ မြန်မာ့ဒီမိုကရေစီဟာ မကြာခင်မှာ ဆိတ်သုဉ်းသွားတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။
---------------------------------------------------------------------------------
ဘင်ဂျမင်အစ္စမေးလ်
(နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အာရှပစိဖိတ်ဒေသ အကြီးအကဲ)
နယ်စည်းမခြား သတင်းထောက်များအဖွဲ့အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ (စာပို့ပေးတဲ့) လုပ်ဆောင်မှုကို အားပေးထောက်ခံပါတယ်။ သတင်းရဲတပ်ဖွဲ့က ပုဂ္ဂလိက သတင်းစာတွေ အကုန်လုံးကို လိုက်လံစုံစမ်းနေပြီး သူတို့ရဲ့ ငွေကြေးရင်းမြစ်တွေ ဘယ်လိုမျိုးရရှိလဲ ဆိုတာမျိုးကို ခေါ်ယူမေးမြန်းမှုတွေကို စနစ်တကျ လုပ်ဆောင်နေတယ်။ ယူနတီဂျာနယ်လစ်ငါးဦးကို စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့တဲ့အပြင် နောက်ထပ် Bi မွန်းတည့်နေက ခုနစ်ယောက်ကိုလည်း ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးခံရနိုင်တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေနဲ့ တရားစွဲဆိုခံရဖွယ် ရှိနေတယ်။ အဲဒီလိုအချိန်မှာ အစိုးရက သူတို့အနေနဲ့ မီဒီယာတွေကို ဖိနှိပ်နေတာ မဟုတ်ပါဘူးလို့ ဘယ်လိုပုံစံမျိုးနဲ့များ ငြင်းဆိုနိုင်ရတာလဲ။ အစိုးရအနေနဲ့ အရင်ကလိုမျိုး တူညီတဲ့ဖိနှိပ်တဲ့ ဥပဒေတွေကို အသုံးပြုပြီး မီဒီယာတွေကို ဖိနှိပ်နေပြီးမှ ဒီမိုကရက်တစ်အစိုးရတစ်ရပ်နဲ့ တူအောင်လို့ အဲဒီလိုဖိနှိပ်တာကို အမျိုးသားလုံခြုံရေးကို ကာကွယ်တာပါလို့ ပြောလိုက်ရုံနဲ့တော့ ရမယ်လို့ မျှော်လင့်ထားလို့ မရဘူး။ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ ဂျာနယ်လစ်တွေအနေနဲ့ အမုန်းစကားတွေ ဖြန့်ဝေတာမျိုး၊ အမျိုးသားလုံခြုံရေးကို တကယ်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာမျိုးတွေကလွဲရင် ဂျာနယ်လစ်တွေဟာ သူတို့ရေးသားတဲ့ သတင်းတွေအတွက် ထောင်ဒဏ်အပြစ်ပေးခံရလေ့ မရှိပါဘူး။ ဒါကြောင့် အဓိကရုဏ်းတွေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရခြင်းဟာ မီဒီယာတွေကြောင့်ပါဆိုတဲ့ ပြောဆိုချက်ဟာ လုံးဝလိမ်ညာခြင်းသာ ဖြစ်ပါတယ်။ တကယ့်မေးခွန်းအစစ်က အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်နေတာလား ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ကာကွယ်နေတာလား ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ ၂၀၁၃ မှာ တက်လာခဲ့ပါတယ်။ ၂၀၁၄ မှာလည်း အနည်းငယ် တက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလို စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်ကို အန္တရာယ်ကြီးစွာ ဖိနှိပ်နေမှုကြောင့် မြန်မာရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ ပြန်ကျသွားစရာ ရှိပါတယ်။


ရှောင်ခရစ်ပင်း
(ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အရှေ့တောင်အာရှ ကိုယ်စားလှယ်)

ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးက မီဒီယာတွေကို အပြစ်တင်တယ်ဆိုတာက အတော်လေးကို ရယ်စရာကောင်းတဲ့ ကိုးရိုးကားရား အဖြစ်ပါပဲ။ ပြဿနာရဲ့ မူလအရင်းအမြစ်ကို ဖြေရှင်းရမည့်အစား စာပို့တပ်သားကို ပစ်သတ်သလို ဖြစ်နေပါတယ်။ မီဒီယာတွေအနေနဲ့ အခင်းဖြစ်တဲ့ နေရာဒေသတွေကနေ ရဲဝံ့ပြောင်မြောက်စွာ ရေးသားဖော်ပြခဲ့တဲ့ သတင်းတွေကြောင့် ဒီအကြမ်းဖက်မှုတွေဟာ ဖြစ်ပွားတဲ့ နေရာဒေသနေ ပြည်သူလူထုနဲ့ မသက်ဆိုင်ဘဲ ပြင်ပကလူတွေရဲ့ လုပ်ဆောင်မှုကြောင့်ဆိုတာ ထင်ရှားပေါ်လွင်ခဲ့တဲ့အပြင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေအနေနဲ့လည်း အဓိကရုဏ်းတွေကို နှိမ်နင်းရမယ့်အစား ဒီအတိုင်းပဲ ရပ်နေကြတယ်ဆိုတာကိုလည်း သိလာကြပါတယ်။ အဲဒီလို ပဋိပက္ခတွေအတွက် မီဒီယာတွေအပေါ် အပြစ်တင်နေမယ့်အစား ဦးသိန်းစိန်အစိုးရ လုပ်သင့်တာက ဒီလိုအကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေမှာ အာဏာပိုင်တွေကိုယ်တိုင်တောင် ပါဝင်ပတ်သက်ခဲ့မှုတွေ ရှိခဲ့သလားဆိုတာကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လုပ်ရမှာပါ။ အဲဒါအပြင် အဓိကရုဏ်းအတွင်း ဘာမှထိထိရောက်ရောက် အရေးယူဟန့်တားခဲ့ခြင်း မရှိတဲ့ ရဲအပါအ၀င် လုံခြုံရေးအရာရှိတွေကိုလည်း အပြစ်ပေးအရေးယူတာတွေ လုပ်ရမှာပါ။ အဲဒီလို အဓိကရုဏ်းတွေ အကြောင်းကို ဖော်ပြတဲ့ သတင်းတွေအပေါ်မှာ အနှောင့်အယှက်ပြုတာ၊ ဆင်ဆာဖြတ်တောက်ဖို့ကြိုးစားတာ အစရှိတဲ့ အစိုးရရဲ့ လုပ်ရပ်တိုင်းဟာ လူသားမဆန်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။ အဲဒီလို လုပ်ခဲ့တာဟာ အခွင့်အရေးများစွာ ချိုးဖောက်ခဲ့တဲ့ စစ်အစိုးရခေတ်မှာတော့ အတော်လေး အဖြစ်များပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ အဲဒီလိုမျိုး တူညီတဲ့ဖိနှိပ်မှုလမ်းကြောင်းကို မလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။


ဖိုးသောကြာ (ခေတ်+မိုး)

မီဒီယာတွေအပေါ်မှာ တရားခံလုပ်ထားတာ နည်းနည်းများသွားသလိုပဲ။ အဓိကရုဏ်းတွေ ဖြစ်တယ်။ လုယက်မှုတွေ ဖြစ်တယ်။ အဲဒါတွေကတော့ လုံးဝမှားနေတယ်လို့ ထင်ပါတယ်။ မီဒီယာဆိုတဲ့ နေရာမှာလည်း တိတိကျကျ မပြောထားဘူး။ ကျွန်တော်တို့ ဒီမှာရှိနေတာက e မီဒီယာနဲ့ Print Media ဆိုပြီး နှစ်မျိုးရှိတဲ့နေရာမှာ ဟို e မီဒီယာကလည်း (တီဗီတွေကလည်း) ဒီလို တစ်ခါမှပြောတာ မတွေ့ဖူးဘူး။ တရားဝင်ကို ပြောတာနော်။ တရားဝင် Print Media တွေကလည်း အဲဒီလို တစ်ခါမှမလုပ်ဘူး။ အဲဒီလို လုပ်တယ်ဆိုတာကလည်း ဒီအွန်လိုင်းပေါ်က ဘယ်သူမှန်းမသိတဲ့သူတွေ လုပ်တာ။ အဲဒီလူတွေကို အပြစ်ပြောရမှာပေါ့ဗျာ။ ဒါ ကျွန်တော့်အမြင်ပါ။ တရားဝင်မီဒီယာတွေကို အခုလိုပြောတာတော့ နည်းနည်းများသွားတယ် ထင်တာပါ။ ကျွန်တော်ကတော့ တရားစီရင်ရေးမဏ္ဍိုင်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်မစွက်ဖက်ဘူး။ ဒီအတွက်လည်း တစ်စုံတစ်ရာ ဖြေရှင်းချက် မပေးဘူးဆိုတာကို ခေါင်းရှောင်တယ်လို့ ကျွန်တော်လည်းပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာက အတူတူပဲလေ။ တရားစီရင်ရေးမဏ္ဍိုင်ကို သူတို့တွေက မပတ်သက်ချင်ဘူး၊ မစွက်ဖက်ချင်ဘူးဆိုပြီး သူတို့ အဲဒီလိုပြောတာကတော့ အမှန်ပဲ။ ဒါပေမဲ့ လုပ်ရပ်တွေက စွက်ဖက်သလို ဖြစ်နေတယ်ဗျ။ အဲဒီလိုပဲ ကျွန်တော်တို့ကတော့ မြင်တယ်။ နောက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ထိပ်ဆုံးရောက်နေတယ်လို့ ပြောတာကတော့ သူဘယ်ပေတံနဲ့တိုင်းသလဲ မသိပါဘူး။ ကျွန်တော်တို့ ထိပ်ဆုံးအဆင့် မရောက်သေးပါဘူး။


ဦးဝင်းမြင့်

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ အရ အုပ်ချုပ်ရေးအကြီးအကဲအနေနဲ့ တရားစီရင်ရေးပိုင်းမှာ တိုက်ရိုက်စွက်ဖက်လို့တော့ မရဘူး။ သို့သော် သမ္မတအနေနဲ့ ထောင်ချခံနေရတဲ့ မီဒီယာသမားတွေကို ကရုဏာသက်ခွင့် ရှိတယ်။ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပြောင်းလဲခွင့် ရှိတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မီဒီယာသမားတွေကလည်း အတွေ့အကြုံ နုနယ်သေးတဲ့အတွက် ရည်ရွယ်ချက်ရှိရှိ မှားခဲ့တာ မဟုတ်ပါဘူး။ မီဒီယာသင်တန်းတွေလည်း တက်ရောက်သင်ကြားပြီး သတင်းထောက်တွေ ဖြစ်လာခဲ့ကြတာ မဟုတ်ဘူး။ အခြေအနေတစ်ရပ်ကြောင့်သာ တာဝန်ယူ လုပ်ကိုင်ခဲ့ကြရတာ ဖြစ်တယ်။ ဒီအတွက်ကြောင့် သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သမ္မတကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပြန်ပို့ထားတဲ့ မီဒီယာနဲ့ဆိုင်တဲ့ သ၀ဏ်လွှာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ လွှတ်တော်မှာလည်း ပြောတာမရှိသေးတဲ့အတွက် သေသေချာချာ မသိရသေးတဲ့အတွက် မသုံးသပ်ချင်သေးပါဘူး။ သို့သော် ဒီမိုကရေစီနိုင်ငံဆိုတာ သတင်းစာလွတ်လပ်ခွင့် အပြည့်ရှိရမယ်။


ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)

ကျွန်တော်တို့ဘက်ကတော့ မီဒီယာတွေအတွက် အယူခံတွေ ဆက်တက်သွားမယ်။ လွတ်လပ်စွာ သတင်းရယူခွင့်ရှိတယ်။ သတင်းအချက်အလက်လဲ ပေးရမှာ။ ဘာတွေ လျှို့ဝှက်ထားသလဲ။ ဒါမှမဟုတ်လည်း ရှင်းလင်းပြောဆိုမှု လုပ်လိုက်ရင် ရပါတယ်။ နိုင်ငံတော်သမ္မတပြောတဲ့ အမုန်းပွားစေနိုင်သော ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် မီးရှို့သည့်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည်ဆိုတော့ ဒါတွေကို ဘယ်သူကနေ လုပ်နေတာလဲ။ ဒါက ကျွန်တော်ဆက်စပ်ပြီးတော့ ပြောတာပါ။ အဲဒီလို လုပ်ခဲ့တဲ့သူတွေကရော အခုမိပြီလား။ သူပြောတာက နောက်ကွယ်ကနေ ကြိုးကိုင်သူရှိနေတယ်လို့ ပြောတယ်။ သူသိနေတဲ့ပုံစံ ဖြစ်နေတယ်လို့ ထင်ရတယ်။ အဲဒါတွေကို မဖော်ထုတ်တော့ဘူးလား။ ဖြစ်စဉ်တွေက ဆင်တူယိုးမှားတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ မန္တလေးဖြစ်စဉ်မှာဆိုရင် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ မီးဖြတ်ထားတယ်။ အဲဒါ ဘယ်သူကနေ jဖတ်ထားတာလဲ။ ပြည်သူကတော့ ဖြတ်ထားစရာ အကြောင်းမရှိဘူး။ ဒါတွေကို မစုံစမ်းမစစ်ဆေးတော့ဘူးလား။ ပြင်းပြင်းထန်ထန် အရေးယူမယ်ပြောခဲ့ပြီးတော့ အရေးယူစုံစမ်းစစ်ဆေးမှုတွေ မလုပ်တော့ဘူးလား။ ဥပမာ မန္တလေးဖြစ်စဉ်မှာ သေဆုံးသွားခဲ့တဲ့ ကိုထွန်းထွန်းနာရေးမှာ ကျုံးကိုတစ်ပတ်ပတ်ခဲ့တယ်။ အဲဒီနာရေးမှာ ရွှေကြေးစည် နာရေးကူညီမှုအသင်းက တခြားအဖွဲ့အစည်း တစ်ခုခုကနေ တည်ထောင်ထားတယ်ဆိုရင်တော့ ဥပဒေပုဒ်မတွေ အမျိုးမျိုးနဲ့ တရားစွဲမှာ အသေအချာပဲ။ အမုန်းပွားစေတဲ့ စကားလုံးတွေ သုံးနှုန်းပြောဆိုနေတာတွေက ဖေ့ဘွတ်တွေ အင်တာနက်စာမျက်နှာတွေမှာ အများကြီးပါ။ အဲဒါတွေကိုရော စစ်ဆေးမေးမြန်းတာတွေ မလုပ်တော့ဘူးလား။ အဲဒီတော့ ဘယ်သူတွေကို အရေးယူသလဲဆိုတော့ အစိုးရကို ဝေဖန်တဲ့သူတွေကို အရေးယူလိုက်တာ။ ကျွန်တော်ကတော့ ဒီသ၀ဏ်လွှာကို သဘောမတူဘူး။ ပုဒ်မ ၂၀၄ က သူလုပ်ပေးပိုင်ခွင့်ပါ။ ပုဒ်မ ၂၀၄ အရ လုပ်ပေးလိုက်ရင် ရပေမယ့်လည်း ဒီအပေါ်မှာထားရှိတဲ့ သဘောထားက မမှန်ဘူး။ တစ်ဖက်မှာလဲ မီဒီယာဘက်က အားနည်းချက်အချို့တွေလည်း ရှိပါတယ်။ အားနည်းတယ်၊ အတွေ့အကြုံမရှိဘူး။ ဒါပေမဲ့လည်း အဲဒီတာဝန်တွေကလည်း စစ်အစိုးရ အဆက်ဆက်မှာ ရှိခဲ့တယ်။


မြန်မာသံတော်ဆင့်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်း

“သမ္မတအနေနဲ့ သူ့အစိုးရ သက်တမ်းတစ်လျှောက်မှာ မိန့်ခွန်းတွေ၊ သ၀ဏ်လွှာတွေနဲ့ အများကြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုမှ Clear ဖြစ်တာမရှိဘူးလို့ ထင်တယ်။ အခုလည်း ဘယ်ပြည်တွင်းပြည်ပ မီဒီယာက သိက္ခာကျစရာဖြစ်အောင် လုပ်တယ်ဆိုတာကို တိတိကျကျမပြောဘဲ မီဒီယာတစ်ခုလုံးကို ၀ါးလုံးသိမ်းပြောတယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်က စတုတ္ထမဏ္ဍိုင်အပေါ် ဒီလိုမပြောသင့်ဘူး။ ကမ္ဘာ့အလယ်မှာ သိက္ခာကျစရာ ဖြစ်ရတယ်လို့ပြောတယ်။ ဒီအစိုးရလက်ထက် မြန်မာနိုင်ငံမှာ မဖြေရှင်းနိုင်တဲ့ကိစ္စတွေ အများကြီးပါ။ ဆင်းရဲမွဲတွေမှု ပပျောက်ပြီလား။ ပြည်တွင်းစစ် ငြိမ်းသွားပြီလား။ လွတ်လပ်မှုအခွင့်အရေး ဘယ်လောက်ရပြီလဲ။ ဘယ်နေရာမှာ တိုးတက်လာသလဲ။ ကျွန်တော်တို့တိုင်းပြည်က ပညာတတ်တွေ နိုင်ငံတကာမှာ အခုထိ ကျွန်သပေါက်လို အိမ်ဖော်သွားလုပ်နေရတယ်။ လက်လုပ်လက်စား လယ်သမားတွေ ထောင်ချခံရတယ်။ ၀န်ကြီးတွေက ပြည်သူကို ပါးရိုက်မယ်ပြောတယ်။ ထမင်းတစ်နပ် လျှော့စားပါပြောတယ်။ ဒါတွေကမှ တကယ့်ကို သိက္ခာကျစရာတွေပါ။ ဒါပေမဲ့ အစိုးရကတော့ အဲဒါတွေကိုဖော်ပြတဲ့ မီဒီယာတွေကြောင့် တိုင်းပြည်သိက္ခာ ကျရပါတယ်တဲ့။


7 Day News နေ့စဉ်ထုတ်သတင်းစာမှ အကြီးတန်းသတင်းထောက် ဦးသန်းဌေး

“သမ္မတကြီးရဲ့ မီဒီယာတွေအပေါ်ထားတဲ့ သဘောထားက တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။ သ၀ဏ်လွှာကို သမ္မတကိုယ်တိုင် ခွဲခြားနားမလည်တာလား၊ ပြန်ကြားစာရေးတဲ့လူတွေ ကိုယ်တိုင်ကိုက မီဒီယာ အားကောင်းလာမှာကို ကြောက်တာလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ အစွန်းရောက်မှုတွေ အဲဒီလှုံ့ဆော်မှုတွေကို ပြုလုပ်နေတာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာ၊ ရေဒီယိုမီဒီယာတွေ လုံးဝမဟုတ်ပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစရာမလိုတဲ့ အွန်လိုင်းလူမှုကွန်ရက် ဖေ့ဘွတ်ကနေပြီး ပဋိပက္ခဖြစ်ရပ်တွေကို သွေးထိုးလှုံ့ဆော်နေကြတာပါ။ အကောင့်ပုန်းတွေနဲ့ ဓာတ်ဆီလောင်းနေကြတာပါ။ အဲဒါတွေကိုတော့ သေသေချာချာ အရေးယူမှုတွေမလုပ်ပဲ မီဒီယာတွေကြောင့် သိက္ခာကျစရာ ဖြစ်တယ်ဆိုတာမျိုးကတော့ တော်တော်ဝမ်းနည်းစရာပါ။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိဘူး။ သတင်းထောက်တွေ ထောင်ချတရားစွဲခံရတယ်။ ဆင်းရဲမွဲတေမှု အညွှန်းကိန်းတွေမှာ၊ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွေမှာ အောက်ဆုံးနားမှာ နေရတယ်။ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ ၀င်ငွေထွက်ငွေမမျှလို့ သူများနိုင်ငံမှာသွားပြီး အိမ်ဖော်လုပ်ရတယ်။ အဲဒါတွေကမှ အစိုးရအနေနဲ့ တကယ်သိက္ခာကျစရာပါ။ မီဒီယာအားကောင်းဖို့ သမ္မတကြီးကူညီပါ။ မီဒီယာအားကောင်းမှ၊ အစိုးရကို ထောက်ပြဝေဖန်တာတွေကို ပြည်သူကသိမှာပါ။ ပြည်သူသိတော့ အစိုးရက ပြုပြင်ဆောင်ရွက်မှသာလျှင် ကျွန်တော်တို့နိုင်ငံက ကမ္ဘာ့အလယ်မှာ သိက္ခာကျစရာ မဖြစ်မှာပါ။


ကိုဇော်ဖေ (ခေါ်) ကိုသူရသက်တင်

သမ္မတဦးသိန်းစိန်လက်ထက်တွင် ပထမဆုံး တရာစွဲဆို ထောင်ချခံခဲ့ရသည့် သတင်းထောက်
မီဒီယာတွေက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုတော့ ဘယ်မီဒီယာလဲဆိုတာ သမ္မတကြီးကို မေးခွန်းထုတ်ရမှာပေါ့။ ဖေ့ဘွတ်လို အွန်လိုင်းပေါ်မှာ ရေးချင်ရာ ရေးကြတာကိုတော့ မီဒီယာလို့ ရောမချသင့်ပါဘူး။ သတင်းစာ ဂျာနယ်တွေ၊ ရုပ်သံတွေက ပြည်သူလူထုရဲ့ ယုံကြည်လက်ခံမှုနဲ့မှ ရပ်တည်လို့ရတာပါ။ ပြည်သူလူထုဆီမှာ မှတ်ပုံတင်ထားရတယ်လို့ ပြောလို့ရတယ်။ အဲဒီ မီဒီယာတွေက အမှန်တရားကိုပဲ တင်ပြခဲ့ကြတာပါ။ ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်တယ်ဆိုတာ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။

0 အကြံပြုခြင်း: