Saturday, July 5, 2014

ဦးရဲထွဋ် ထိုအကြောင်းကို တိတိကျကျ မသိခြင်း ဖြစ်နိုင်.... (ဦးအံ့မောင်)



ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဘိဓမ္မာတရား ပြသရဟု နိုင်ငံတော်အကြံပေး ဦးအံ့မောင်ပြောကြားခဲ့

နိုင်ငံတော်သမ္မတရုံး အကြံပေးနှင့် တပ်မတော် အစိုးရလက်ထက် အစအဆုံး နယကအကြံပေး ဦးအံ့မောင် သည် ၂၀၀၄ ခုနှစ် မှစ၍ နိုင်ငံတော် အကြီးအကဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၎င်း၏နေအိမ်သို့ သွားရောက်၍ အဘိဓမ္မာတရားနှင့် သင်္ဂြိုဟ်၊ ပါဠိတရားတော်များကို အချိန် ကြာမြင့်စွာ သွားရောက် ပြသခဲ့ရကြောင်း ဦးအံ့မောင်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးအရေးနှင့် သာသနာရေး ကိစ္စများအတွက် ဖြေရှင်းပေးရန် အဓိက တာဝန်ရှိသူ တစ်ဦးအနေဖြင့် မီဒီယာများနှင့် ရဟန်းရှင်လူများက လိုလား နေချိန်တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ခေါ်ယူစစ်ဆေး မေးမြန်းခံရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းနှင့် အစိုးရသမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့မှ အကြံပေး ဦးအံ့မောင်အား ခေါ်ယူ စစ်ဆေးမှု မရှိကြောင်း၊

အရေးယူထားမှု တစ်စုံတစ်ရာ မရှိကြောင်း ပြန်လည် တုံ့ပြန်မှုများ ရှိခဲ့ပါသည်။ ယင်းအခြေအနေများအတွင်း မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့နှင့် အကြံပေး ဦးအံ့မောင်တို့ ဇွန်လ၂၀ရက် နံနက်ပိုင်း တယ်လီဖုန်းဖြင့် ဆက်သွယ်မှုရရှိခဲ့သည့် နောက်ဆုံးအချိန်၌ ဦးအံ့မောင်က ၎င်း၏မြန်မာနိုင်ငံ သာသနာရေး၌ အရေးပါသော လုပ်ဆောင်ချက် အချို့ကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဘာသာရေး အလွန်ကိုင်းရှိုင်းကြောင်း၊ နေပြည်တော်သို့ မရွှေ့ပြောင်းမီ ၂၀၀၄ ခုနှစ်ခန့်မှစ၍ ၎င်း၏ နေအိမ်သို့ သွားရောက်ကာ အဘိဓမ္မာနှင့် သင်္ဂြိုဟ်၊ ပါဠိတရားတော်များ သင်ကြား ပြသ ပေးရကြောင်း၊ သွားရောက် ပြသစဉ်တွင် ညနေ ၃ နာရီမှ ည ၈ နာရီခန့်အထိ ကြာမြင့်ကြောင်း၊ ထိုစဉ်မှစ၍ ယနေ့တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်နေ့လျှင် အနည်းဆုံး ၄ နာရီခန့်ကြာ တရားထိုင်ကြောင်း စသည်ဖြင့် ဦးအံ့မောင်က ရှင်းပြခဲ့ရာ-““ဗိုလ်ချုပ်မှူးကြီးက ကျွန်တော့်ကို ၃ နာရီ ခေါ်လိုက်တယ်။

၃ နာရီကနေ တောက်လျှောက် အဘိဓမ္မာအကြောင်း ဟောပြောတာ ၇ နာရီခွဲ ၈ နာရီမှပြီးတယ်။ တရားထိုင်တာပေါ့။ ကျွန်တော် ရောက်တယ်လေ။ ဒါပေမဲ့ ဒါတွေ လျှောက်မပြောချင်ဘူးလေဗျာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူပြီးနောက် နေအိမ်တွင် တရားရှုမှတ်နေခြင်းနှင့် စပ်လျဉ်း၍လည်း ဦးအံ့မောင်က ““၄ နာရီ အနည်းဆုံးကြာတယ်။ ၂ ချက်ထိုး သုံးနာရီထ ခုနကလိုပေါ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆင်ခြင်၊ အနိစ္စပေါ်လာပြီ၊ အနတ္တလည်းမြင်ပြီ၊ ဒုက္ခလည်းမြင်ပြီ အဲဒီအခါကျတော့မှ ဒီလိုမြင်ရတာက ဘုရားကို အာရုံပြုပြီးတော့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် အင်မတန် ဂုဏ်ကျေးဇူးကြီးမား လှပါလား ရှုမြင်တယ်။ အဲလိုပြီးတော့မှ ပရိတ်တွေ ရွတ်တယ်။ ဂါထာတွေ ရွတ်တယ်၊ မေတ္တာပို့တွေ ရွတ်တယ်။ မနက် ၈ နာရီမှ ပြီးတာ။ ရတဲ့အချိန်က ဒါပဲ သူကျင့်နေတာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားမယူမီ နိုင်ငံတော်သမ္မတရုံးအဖြစ် ပြောင်းလဲ ဖွဲ့စည်းချိန်တွင် ဦးအံ့မောင်၊ ဒေါက်တာမတင်ဝင်းတို့ အပါအ၀င် ပညာရှင် ၅ ဦး တို့အား နိုင်ငံတော် သမ္မတရုံး အဆင့် အကြံပေးများအဖြစ် နယကရုံးမှ အမိန့်စာဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နောက်မှ နှစ်အနည်းငယ် အကြာ သမ္မတပြောရေးဆိုခွင့် ရှိသူအဖြစ် ရောက်ရှိလာသော ဦးရဲထွဋ်တို့အနေဖြင့် ထိုအကြောင်းကို တိတိကျကျ မသိခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးအံ့မောင်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ ကိုးကွယ်သော ဆရာတော် တစ်ပါးဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေး ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ တောင်ကလေး ဆရာတော်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူပြီး နောက်နေ့စဉ် ၄ နာရီခန့် တရားထိုင်ကြောင်း၊ အင်တာနက် သတင်းများကိုလည်း ကြည့်ရှုကြောင်း၊ မျက်စိအာရုံ ကောင်းကြောင်း၊ အပတ်စဉ် မြန်မာသံတော်ဆင့်နှင့် သူရိယနေ၀န်း သတင်းဂျာနယ်များကို ဖတ်ရှုလျက် ရှိကြောင်း မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်၏ ကိုယ်တိုင် ပြောကြားခဲ့သော ကိုယ်ရေးအကျဉ်းတွင် ““အဖ – ဦးဆိုင်၊ မွေးသက္ကရာဇ် ၁၀-၁-၁၉၃၂၊ နိုင်ငံသားအမှတ် -၁၂/မရက (နိုင်) ၀၀၆၉၄၂၊ ဇနီးအမည်-ဒေါ်တင်တင်ဝေ၊ နေရပ်လိပ်စာ -အမှတ်(၃၈)၊ ဂန္ဓမာလမ်း၊ (၈) ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ကျွန်တော်သည် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငါးရေ၀င်ရွာ၊ တောင်သူလယ်သမား ဦးဆိုင်၊ လယ်သူမ ဒေါ်ဦး တို့မှ ၁၀-၁-၁၉၃၂ နေ့တွင် မွေးဖွားသည့် အငယ်ဆုံးသား ဖြစ်ပါသည်။ ငယ်စဉ် အခါက ငါးရေ၀င်ကျေးရွာ၊ မူလတန်း ကျောင်း၌ နေခဲ့၍ တတိယတန်းအထိ ပညာသင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျေးရွာဘုန်းကြီး ကျောင်း၌ ပညာသင်ယူခဲ့၍ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ မောင်းထောင် ကျောင်းတိုက်၌ နေ၍ ပထမငယ်၊ ပထမလတ်တန်းများ သင်ယူခဲ့ပါသည်။ အသက် (၂၁)နှစ် အရွယ်တွင် မန္တလေးမြို့၊ ပေါက်မြိုင်တိုက်၊ မစိုးရိမ်တိုက်၊ ၀ိသုဒ္ဓါရုံတိုက်၊ ငွေတောင်တိုက်၊ ရတနာပုဂံတိုက်များ၌ နေ၍ ၁၉၆၅ ခုနှစ်တွင် လူဝတ်လဲခဲ့ပါသည်။

ရဟန်းဘ၀၌ အစိုးရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ ပါဠိပါရဂူ စာမေးပွဲများ အောင်မြင်ခဲ့၍ ၁၉၆၈- ခုနှစ်တွင် တိုင်းချစ်ကျောင်းမှ (၁၀)တန်း အောင်မြင်၍ မန္တလေး တက္ကသိုလ် ညနေသင်တန်းမှ B.A အောင်ခဲ့ပါသည်။ ၁၉၇၂/၇၃ ခုနှစ်တွင် ဘုံဘေယူနီဗာစီတီမှ အိန္ဒိယန်း ဖီလိုဆိုဖီဘာသာဖြင့် (M.A) မဟာဝိဇ္ဇာတန်း အောင်မြင်ခဲ့ ပါသည်။

၁၉၆၉- ခုနှစ်တွင် သာသနာရေး ဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့၍ အစဉ်အတိုင်း ၁၉၉၉ ခုနှစ်ထိ ညွှန်ကြား ရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် နယက အကြံပေးနှင့် နိုင်ငံတော်သမ္မတရုံး အကြံပေး တာဝန်များကို ယခုအချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိပါသည်””ဟူ၍ ဖော်ပြ ပါရှိသည်။

မြန်မာသံတော်ဆင့်သတင်းဌာန

0 အကြံပြုခြင်း: