Thursday, July 10, 2014

ကိုလူမော်ဇနီးမလွင်ဘာပြောလဲ

တကြိမ်လောက်တော့ တရားမျှတမှုနဲ့ ရင်းနှီးကြည့်ပါအုံး

Ma Lwin
၁၀ နှစ်တဲ့လား။ ဒီလိုအမိန့်ချမှတ် လိုက်တာကို အတော်အရသာရှိသွားသလား။ ဒါဟာ မီဒီယာ သမားတွေကို ပေးတဲ့ပြစ်ဒဏ်တဲ့လား။ တရားမျှတမှုက ဘယ်မှာလဲ။ တရားမျှတမှုတွေ ကင်းမဲ့နေတဲ့ ဒီတိုင်းပြည်ထဲမှာ အဖိနှိပ်ခံပြည်သူတွေ ဘယ်အချိန်ထိ တရားမျှတမှုတွေဆိတ်သုန်းတာကို ခံစားနေရမှာလဲ။
ကျမကို ဖုန်းနဲ့တမျိုး လူကိုယ်တိုင်တဖုံ ကောမန့်တွေကတသွယ် အားပေးနေကြတဲ့ ကျမရဲ့ချစ်မိတ်ဆွေတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒီအမိန့်ကြားကြားချင်းမှာ မယုံနိုင်လောက်အောင် အံ့သြခဲ့ရတယ်။
ပြီးမှ ဒါဟာ အရင်အစိုးရလိုပါပဲလား။ လူပြောင်းပြီးမူမပြောင်းသေးတဲ့ အစိုးရကို ပြည်သူတွေက ကောင်းလာမယ်ထင်ပါရဲ့လိုမျှော်လင့်ခဲ့လို့ ဒီအမိန့်ကိုအံ့သြမိတာပါ။ တကယ့်တကယ်မှာတော့ ရက်စက်ပုံချင်း တရားဥပဒေကို မျက်ကွယ်ပြုထားပုံချင်းဟာ တထပ်တည်းကျနေလောက်အောင် သဏ္ဍာန်တူတာ အံ့သြစရာမရှိပါဘူးလေလို့ ကိုယ့်ဘာသာပဲ ဖြေတွေးလိုက်ပါတယ်။
ဒီနိုင်ငံမှာလူဖြစ်ရတဲ့ ကျမတို့တတွေဟာ တရားမျှတမှုကို တကြိမ်မှမခံစားရသေးတာတော့ အမှန်ပဲ။ ကျမဆိုရင် ငါးတန်းကျောင်းသူဘဝတည်းက အဖေ့ကိုမတရားသဖြင့်ဖမ်းဆီးပြီး ထောင်ထဲထည့်ခံထားရတဲ့ ကာလတွေကို ကြုံတွေ့ခဲ့ဖူးတယ်။ ၂၀၀၇ ကျတော့လဲမောင်လေးဖြစ်သူတွေကို ထောင်ထဲကို ထည့်ဖို့အမှုပေါင်းများစွာ တပ်ပြီး မတရားတဲ့ပုဒ်မတွေတပ်ပီး ထောင်ချတာကိုခံခဲ့ရတယ်။
ဟော အခုကျမရဲ့ခင်ပွန်းကြုံရပြန်ပြီ။
တရားမျှတမှု ကိုမျက်ကွယ်ပြုလွန်းသူတွေကို တခုလောက်တော့ အကြံပြုချင်တယ်။
ရှက်ဖို့သင့်နေပါပြီလို့။ တကြိမ်လောက်တော့ တရားမျှတမှုနဲ့ ရင်းနှီးကြည့်ပါအုံးလို့။

 Eleven Media Group

နိုင်ငံ၏ လုံခြုံရေးနှင့်အကျိုးကို ထိခိုက်စေသည်ဟုဆိုကာ ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်၊ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတခြင်းမရှိဟု ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများ အစိုးရကို ဝေဖန်ပြစ်တင်

မကွေးတိုင်းဒေသကြီး ပေါက်မြို့အနီးရှိ အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ သတင်းရေးသားရာမှ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသည့် ယူနတီဂျာနယ်အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦး၏ ဇူလိုင် ၁၀ ရက် ၁၇ ကြိမ်မြောက်ရုံးချိန်းတွင် ပခုက္ကူခရိုင် တရားသူကြီးက ကပစ ၂၄ စက်ရုံနှင့်ပတ်သက်၍ သတင်းရေးသား ဖော်ပြခြင်း နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေသည်ဟုဆိုကာ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ စီရင်ချက်ချမှတ်မှုနှင့် ပတ်သက်၍ ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ပြစ်မှုနှင့်ပြစ်ဒဏ် မျှတခြင်းမရှိကြောင်း အစိုးရအား ဝေဖန်အပြစ်တင်ခဲ့ကြသည်။

စီရင်ချက်မချမီ ပခုက္ကူခရိုင်တရားသူကြီးမှ စစ်ဆေးပြီးခဲ့သည့် သက်သေများ၏ ထွက်ဆိုချက်များကို ဖတ်ကြားသုံးသပ်ပြီးနောက် အမှုနှင့်ပတ်သက်၍ “ယူနတီဂျာနယ် စာမျက်နှာ ၂၂ နှင့် စာမျက်နှာ ၂၃ တို့တွင် ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ရေးသားဖော်ပြချက်၊ ယူနတီဂျာနယ် သတင်းထောက်များက အလုပ်သမားများနှင့်ရော၍ စက်ရုံအတွင်းဝင်ရောက်ခဲ့၊ စုံစမ်းခဲ့ခြင်းအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေး လိုသော်လည်း ရေးသားချက်များတွင် “အလုပ်သမားများက မြန်မာနိုင်ငံ၌ အကြီးဆုံး ဓာတုလက်နက်စက်ရုံဟု အခိုင်အမာပြောဆိုကြသည်” ဟု ရေးသားဖော်ပြချက်၊ “နိုင်ငံတကာမှ စစ်အသုံးစရိတ်လျှော့ချရန် ဖိအားပေး ပြောဆိုနေချိန်တွင် ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြု၍ ကျပ်သန်းပေါင်းများစွာ ကုန်ကျမည့် လက်နက်စက်ရုံကြီးများ တည်ဆောက်နေခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲစ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာယုံကြည်မှု ပိုမိုလျော့သွား စေနိုင်သည်ဟု ယူနတီဂျာနယ်မှ သုံးသပ်သည်။ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အရပ်သားအစိုးရသက်တမ်း သုံးနှစ်ရှိလာပြီ ဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ယခင်စစ်အစိုးရ လက်ထက်အတိုင်း အခြားဝန်ကြီးဌာနများထက် မြင့်မားနေဆဲဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းကို လုပ်ဆောင်နေပြီဟု ပြောကြားသော်လည်း ယခုလို ကာကွယ်ရေး အသုံးစရိတ်များ ဆက်တိုက်မြင့်တက်နေပါက သမ္မတဦးသိန်းစိန်၏ စီမံကိန်းသည်လည်း ယုံကြည်နိုင်စရာမရှိကြောင်း ယူနတီဂျာနယ်မှရှုမြင်သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားနေသည့် အစိုးရအဖွဲ့အတွက် ယခုလိုကာကွယ်ရေး အသုံးစရိတ်မြင့်မားနေခြင်း၊ လက်နက်စက်ရုံများ တည်ဆောက်ရန် ကြိုးစားနေခြင်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက်လည်း အစိုးရအပေါ်ယုံကြည်မှု လျော့ကျသွားစေသည်” ဟု ရေးသားဖော်ပြချက်များသည် ကမ္ဘာ့နိုင်ငံများ၏ ဓာတုလက်နက် အသုံးမပြုကြရေး တိုက်ဖျက်တားဆီးမှုများ ပြုလုပ်နေသည့် အချိန်အခါမျိုးတွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နေမှု၊ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေစဉ် ထိုရေးသားချက်များသည် နိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သဖြင့် စွပ်စွဲခံရသူများ၏ ပြုမှုဆောင်ရွက် ချက်များသည် နိုင်ငံ၏လုံခြုံရေး (သို့မဟုတ်)အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ယူဆရမည်ဖြစ်သည်။ ပုဒ်မ ၃(၁)(က)တွင် မည်သူမဆို နိုင်ငံလုံခြုံရေး(သို့မဟုတ် ) အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်ထားသည့် နေရာတစ်ခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း (သို့မဟုတ်) ထိုနေရာအနီးနားတွင် ရှိလျှင်(သို့မဟုတ် ) ၀င်ရောက်လျှင်ဟု ပြဋ္ဌာန်းထားပြီး ယင်းပုဒ်မ၊ ယင်းဥပဒေ ပုဒ်မ ၉ တွင် မည်သူမဆို ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် (သို့မဟုတ်) ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင် ကျူးလွန်ပြီးသကဲ့သို့ အလားတူအရေးယူခြင်း ခံရမည်ဖြစ်ပြီး အလားတူပြစ်ဒဏ်များလည်း ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားပေသည်။ စွပ်စွဲခံရသူများသည် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့် ငြိစွန်းခြင်း မရှိကြောင်း၊ သတင်းထောက်များသည် အချင်းဖြစ်ဒေသခံများ ပြောကြားချက်အရသာ ရေးသားခဲ့ခြင်းဖြစ်ပြီး တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြခဲ့၍ အဆိုပါသတင်းကို ဖော်ပြပြီးနောက် အနီးစပ်ဆုံး အခြားသတင်းစာတွင် အမြန်ဆုံး အမှားပြင်ဆင်ချက် ဖော်ပြခဲ့ခြင်းလည်းမရှိ၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (က) အရ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း အမှတ် (၂) မှ အမှတ်(၅)အထိ အကျိုးဆောင် ရှေ့နေက လျှောက်လဲတင်ပြသည်။ တရားခံများ ပြစ်မှုကျူးလွန်သည့်နေ့မှာ ၂၅.၁.၂၀၁၄ ဖြစ်ပြီး သတင်းမီဒီယာ ဥပဒေပြဋ္ဌာန်းသည်မှာ ၁၄.၃ ၂၀၁၄ ရက်နေ့ဖြစ်ကြောင်း တွေ့ရသည်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃ (ဂ ) တွင် ဥပဒေ တစ်ရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှု ရှိစေရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားမှုမရှိ၍ ဤဥပဒေကို နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ။ မီဒီယာဥပဒေတွင် နောက်ကြောင်းပြန် အာဏာသက်ရောက်မှု ရှိစေရမည်ဟု အတိအလင်းပြဋ္ဌာန်းထားခြင်း မရှိပေရာ မီဒီယာဥပဒေဖြင့် အရေးယူရန် သင့်တော်မည်မဟုတ်ပေ။ လယ်သိမ်းခံရသော တောင်သူလယ်သမားများ၏ အရေးကိစ္စကို အများပြည်သူသိစေရန် အလို့ငှာ သတင်းရေးသားခြင်း ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုအချက်ကို အနည်းငယ်သာ ဖော်ပြပြီး အမှတ် (၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံ၏ အဆောက်အအုံများကိုသာ မှတ်တမ်းဓာတ်ပုံများနှင့် ဖော်ပြ၍ ဝေဖန်သုံးသပ်ထားခြင်းဖြစ်ရာ တားမြစ်ပိတ်ပင်ထားသည့် ကာကွယ်ရေး အစီအမံဖြစ်သည့် အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ အဆောက်အအုံများကို ဓာတ်ပုံရိုက်ကူးခြင်း၊ ချင်းနင်းဝင်ရောက်ခြင်းနှင့် သတင်းဆောင်းပါးရေးသား ထုတ်ဝေခြင်းများကို တရားခံများက ပြုလုပ်ဆောင်ရွက်ကြသဖြင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ပါ ပြဋ္ဌာန်းချက်များကို တရားခံများသည် ဖောက်ဖျက်ကျူးလွန်ရာ ရောက်ပေသည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်း တရားခံများကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ဖြင့် တရားစွဲဆိုခွင့်ပြုမိန့်ကိုလည်း ပေးထားပြီးဖြစ်ကြောင်း တွေ့ရသည်” ဟု သုံးသပ်ခဲ့သည်။

အမှုအား သုံးသပ်ပြီးနောက် ပခုက္ကူခရိုင် တရားသူကြီး ဦးမောင်မောင်ဌေးမှ (၁) တရားခံ ဦးတင့်ဆန်းသည် ပိုင်သက်ကျော်က အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအနီးသို့ ပေ ၅၀၀ မြင့်သော တောင်ကုန်းပေါ်မှ စက်ရုံအား ဓာတ်ပုံရိုက်သည်ကို သိရှိခြင်း၊ ရာဇာဦးနှင့် စည်သူစိုးတို့ စက်ရုံတွင်း ၀င်ရောက်ခဲ့ခြင်းကို သဘောတူခွင့်ပြုခြင်း၊ ပိုင်သက်ကျော်၊ ရာဇာဦး၊ စည်သူစိုးတို့ သတင်းဆောင်းပါး ရေးသားသည်ကိုသိရှိခြင်း၊ သတင်းဆောင်းပါးအား အတည်ပြုလက်မှတ်ရေးထိုးပြီး အယ်ဒီတာထံပေးပို့ပြီး ဂျာနယ်တွင် သတင်းရေးသား ဖော်ပြသဖြင့် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က) ကို ကျူးလွန်ခဲ့သည်မှာ ပေါ်ပေါက်ကြောင်း၊ ကိုပိုင်သက်ကျော်မှာ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ အဆောက်အအုံများကို ဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းတို့ကို ပြုမူဆောင်ရွက်ခဲ့သဖြင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(က) ကိုကျူးလွန်ခဲ့သည်မှာ ပေါ်ပေါက်ကြောင်း၊ ကိုသဲရာဇာဦးနှင့် ကိုစည်သူစိုးတို့သည် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ချင်းနင်းဝင်ရောက်ခြင်း၊ သတင်းရေးသားခြင်းတို့ကို ပြုမူဆောင်ရွက်ခဲ့ကြသဖြင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က) ကို ကျူးလွန်ခဲ့သည်မှာ ပေါ်ပေါက်ကြောင်း၊ ကိုလူမော်နိုင်သည် တရားခံပိုင်သက်ကျော် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအနီးသို့ ပေ၅၀၀ မြင့်သောတောင်ကုန်းပေါ်မှ စက်ရုံအား ဓာတ်ပုံရိုက်သည်ကို သိရှိခြင်း၊ သဲရာဇာဦးနှင့် စည်သူစိုးတို့ စက်ရုံတွင်းဝင်ရောက်ခဲ့ခြင်းကို သိရှိခြင်း၊ တရားခံသဲရာဇာဦး၊ စည်သူစိုးနှင့် ပိုင်သက်ကျော်တို့ ရေးသားထားသည့် သတင်းဆောင်းပါးကို နေအိမ်ရှိလက်ပ်တော့ ကွန်ပျူတာမှ ယူနတီဂျာနယ်တိုက်သို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ကို ကျူးလွန်ကြောင်းပေါ် ပေါက်သည်ဟုဆိုကာ ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးတို့အားအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပခုက္ကူခရိုင်တရားသူကြီးမှ ယခုအမိန့်နှင့်ပတ်သက်၍ ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်နိုင်ကြောင်းနှင့် ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးတို့အား စတင်ချုပ်နှောင်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၀ ရက် ထိချုပ်ရက်များကို လျှော့ပေါ့ခံစားစေကြောင်းလည်း အမိန့်ချခဲ့သည်။

“ဒါသိပ်မတရားတဲ့အမှုပါ။ အီဂျစ်နိုင်ငံ သမ္မတစီစီက သတင်းထောက်တွေအပေါ် တရားစွဲတာတွေ မကောင်းဘူးပြောနေတဲ့ အချိန်မှာ မြန်မာနိုင်ငံက သတင်းထောက်တွေကို ဒီလိုလုပ်တာ သိပ်မတရားဘူး။ ကျွန်တော်တို့ကို အမုန်းတရားနဲ့ လုပ်တဲ့အတွက် ပြည်သူကိုလည်း အမုန်းတရားနဲ့ ရှိနေတယ်လို့ထင်တယ်။ ဒါဟာ အမုန်းတရားပါပဲ။ ပြည်သူကိုစိန်ခေါ်တဲ့ သဘောထားလို့ ကျွန်တော်သတ်မှတ်တယ်” ဟု ယူနတီအမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းက ပြောသည်။

“အခုလို သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲပြီး ထောင်ဒဏ် ၁၀ နှစ်ထိ ချလိုက်တာဟာ အုပ်ချူပ်ရေးနဲ့ တရားစီရင်ရေးပေါင်းပြီး ကျွန်တော်တို့ကို အနိုင်ကျင့်တာပါ” ဟု ကိုလူမော်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံက ထောင်ကျတဲ့ဖြစ်စဉ်တွေထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပေါင်းပြီး ထောင်ချတဲ့အမှုမှာ ကျွန်တော်တို့ ယူနတီဂျာနယ်အမှုဟာ အပြင်းထန်ဆုံးလို့ ကျွန်တော်သုံးသပ်ပါတယ်။ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေသမျှ ကျွန်တော်တို့ပြည်သူတွေလေးစားရမယ့် တရားရေးမဏ္ဍိုင် ဘယ်တော့မှ ဖြစ်မလာဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ သတင်းထောက်တွေရပ်တည်ဖို့ တကယ်ခက်ခဲသွားပါပြီ” ဟု ကိုသဲရာဇာဦးက ပြောကြားသည်။

“ပြစ်မှုမမြောက်တာကို ပြစ်မှုလုပ်ပြီး ဆွဲချတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ မပွင့်လင်းသေးဘူး။ မလွတ်လပ်သေးဘူးဆိုတာ ထင်ရှားတယ်။ ကျွန်မတို့မီဒီယာကို ဒီလိုလုပ်လို့မရဘူး။ ဒီလိုသာအမှုတွေဆင်ပြီး ထောင်ချနေလို့ကတော့ ပြည်သူတွေက အမှန်တရားကို မသိနိုင်ဘူး။ ခုမီဒီယာသမားကို ထောင် ၁၀ နှစ် ချတယ်ဆိုတဲ့ ကိစ္စဟာ မတရားဘူးဆိုတာ ထင်ရှားတယ်။ ဆက်ပြီးတော့ တိုက်နေမှာပဲ။ ဆက်ပြီး အယူခံတက်သွားမယ်။ မီဒီယာကို ဒီလိုဖိနှိပ်ရင် မီဒီယာကို လွတ်လပ်ပြီး ပွင့်လင်းမှုရလာအောင် ဆက်လုပ်သွားမယ်” ဟု ကိုလူမော်နိုင်၏ဇနီး မလွင်လွင်မြင့်က ပြောကြားသည်။

“သတင်းကိုသွားပြီး ဓာတ်ပုံရိုက်ရင်တောင်မှ ဒီပုဒ်မကြီးနဲ့ တရားစွဲခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကြီးက ရှိနေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကြီးက ဘယ်လိုပဲ ပြည်သူတွေအတွက် အခွင့်အရေးတွေ ပေးထားပါစေ ဒီတည်ဆဲဥပဒေဆိုတဲ့ ဟာကြီးတွေကို ပြည်သူတွေဖိနှိပ်တဲ့ ဥပဒေတွေရှိနေသရွေ့ ပြည်သူအားလုံးက ဒီဥပဒေဆိုတဲ့ စကားလုံးတွေအောက်မှာ ခံနေရဦးမှာပဲ။ အဲဒီတော့ပြင်ဆင်ရမယ့် ဥပဒေထဲမှာ ဒါတွေပါမယ်။ ဒီပုဒ်မနဲ့ သတင်းသမားတွေကို ထောင်ချတယ်ဆိုတာ လုံးဝမဖြစ်သင့် အကြောင်းတရားတစ်ခုပဲ။ ဒီဟာကစွဲချက်တည်းကတည်းက စွဲချက်မတင်နိုင်ဘူး။ နောင်ကြဉ်အောင် ဆုံးမမယ်ဆိုရင်လည်း တခြားဥပဒေတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း လျှောက်လဲချက်တွေပေးခဲ့တယ်။ သို့ပေမယ့် ကျွန်တော်တို့ လျှောက်လဲတာကို မျက်ကွယ်ပြုခံရတယ်။ နောက်ပြီးတော့ တရားလိုဘက်က တင်ပြတဲ့ သက်သေနဲ့ ကျွန်တော်တို့ သက်သေတွေရော ပြောတယ်။ ဒီမှာ လုံးဝဆိုင်းဘုတ် မရှိပါဘူးဆိုတာတွေကို လုံးဝလျစ်လျူရှုခံရတယ်။ လျှော့လျှော့ပေါ့ပေါ့ချပေးဖို့ ဆိုတာတွေလည်း လျစ်လျူရှုခံရတယ်။ ရုံးတော်က သုံးသပ်တာကတော့ သမ္မတရုံးညွှန်ကြားချက်၊ ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်ညွှန်ကြားချက်တွေကိုပဲ အားကိုးအားထားပြုပြီး ဒီအမိန့်ချလိုက်တာပါ။ ပြည်သူတွေရဲ့၊ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်အများကြီး ဆုံးရှုံးတယ်” ဟု ဦး တင့်ဆန်း၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်တွင် “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိကာချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ” ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြရာမှ အမှတ်(၂၄)ကာကွယ်ရေပစ္စည်းစက်ရုံ၊ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့အား ပေါက်မြို့မ ရဲစခန်းတွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)။၉ ဖြင့် တရားလိုပြုလုပ်၍ တရားစွဲခဲ့ရာမှ ယခုအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့နောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့အား ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ပခုက္ကူခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးမှ အမှုအားလက်ခံ စတင်စစ်ဆေးခဲ့ရာ ယခု လ ၁၀ ရက် ၁၇ ကြိမ်မြောက်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချခဲ့ခြင်းဖြစ်သည်။

>> ယူနတီဂျာနယ်မှ ဂျာနယ်လစ်များအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းအပေါ် ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၏ ပြောစကားများ <<

“ဒီအမှုစီရင်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာ စကားတစ်ခွန်းပဲရှိတယ်။ ဒါဟာမတရားဘူး”

ယူနတီအမှုအား ကိုယ်တိုင်သက်သေ ထွက်ဆိုခဲ့ပြီး အမှုဖြစ်စဉ်အား စောင့်ကြည့် လေ့လာခဲ့သူ ဒေါက်တာသန်းထွဋ်အောင် CEO,Eleven Media Group

“ဒီကိစ္စကတော့ဗျာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တကယ်သွားနေတယ်ဆို ရင် သတင်းလွတ်လပ်ခွင့် ပေးရမယ်။ သတင်းလွတ်လပ်ခွင့်လည်း ရှိရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်။ သတင်းသမားကတော့ရေးမှာပဲ။ ဥပဒေနဲ့ ငြိစွန်းမှုမရှိရင်တော့ ပြစ်မှုနဲ့ ပြစ်ဒဏ်က မမျှတဘူးထင်တယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတဖို့တော့ လိုတာပေါ့။ အခုဖြစ်တာက လျှို့ဝှက်ထားတဲ့နေရာလည်း မဟုတ်ဘူး။ မ၀င်ရ မထွက်ရ သတ်မှတ်ထားတဲ့ နေရာလည်း မဟုတ်ဘူး။ သဘောရိုးနဲ့လုပ်တာ ဟုတ် မဟုတ်၊ နောက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဟုတ် မဟုတ်။ ပြစ်ဒဏ်ကို စဉ်းစားတဲ့အခါမှာတော့ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ မျှမျှတတတော့ စဉ်းစားဖို့လိုတာပေါ့။ အမှုတွဲကို တိတိကျကျ မသိရတော့ အကြမ်းဖျင်းလောက်ပဲ ပြောနိုင်ပါတယ်။ တိတိကျကျ သိရရင်တော့ ဒီထက်ပိုပြီး ပြောနိုင်ပါတယ်”

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်

“သတင်းဖော်ပြတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်ဆိုတာ ပြင်းထန်လွန်းတယ်။ ဒီမိုကရေစီအပြောင်းအလဲ လုပ်နေတယ်ဆိုတဲ့ ဒီအစိုးရက ဒီလိုပြစ်ဒဏ်မျိုး ချမှတ်လိုက်တာဟာ အရင်စစ်အစိုးရလက်ထက်က ပုံစံမျိုးအတိုင်းတွေ့ရတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာလည်း တော်တော်ယုံရခက်သွားပြီ။ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြောနေကြတဲ့အချိန်မှာ အစိုးရ၊ လွှတ်တော်နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက မီဒီယာကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းကူရမယ့်အစား အခုလိုထောင်ဒဏ် ပေးလိုက်တာက ပြင်းထန်လွန်းတယ်လို့ ပြောရမယ်။ နောက်တစ်ခုက မီဒီယာလွတ်လပ်ခွင့်ကို မီဒီယာတွေကို ဖိအားပေးခြိမ်းခြောက် လိုက်တယ်လို့မြင်တယ်။ ဒီကိစ္စကို လွှတ်တော်က သေသေချာချာ ပြန်သုံးသပ်သင့်တယ်။ လွှတ်တော်ရော၊ အစိုးရရော တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်ဆန်းစစ်သင့်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ သူကပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ဒီလိုပြင်းပြင်းထန်ထန် လုပ်ခဲ့ခြင်းကို လွှတ်တော်ကနေ ပြန်သုံးသပ်ပြီး အလေးအနက်ထား ဆွေးနွေးဆောင်ရွက်ရလိမ့်မယ်”

ဒေါက်တာရန်မျိုးသိမ်း

“စိတ်မကောင်းပါဘူးဗျာ။ သူတို့စွဲထားတဲ့ပုဒ်မကလည်း ဒီလောက်ပြစ်ဒဏ်ကျစေမယ့် ပုဒ်မဖြစ်နေတယ်။ ကျွန်တော် သက်သေထွက်ဆိုတုန်းကလည်း စွဲထားတဲ့ ပုဒ်မက အရမ်းကြီးနေတော့ ပုဒ်မကိုလျှော့ပေးဖို့ တောင်းဆိုဖူးပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီးတာက သိပ်မကြာသေးပါဘူး၊ အစိုးရအနေနဲ့ မီဒီယာတွကို ရန်သူတစ်ယောက်လို သဘောထားနေသလို ဖြစ်နေပါတယ်။ အစိုးရနဲ့မီဒီယာတွေဆိုတာ လင်မယားလို ဖြစ်နေရမှာပါ။ နည်းနည်းတော့ ထိမိမှာပဲလေ။ အဲဒါကို အစိုးရအနေနှင့် အဲလောက်ပြစ်ဒဏ်ကြီးတော့ မပေးသင့်ပါဘူး”

ဝါရင့်သတင်းစာဆရာကြီးဖိုးသောကြာ (ခေတ်မိုး)

“ဒီလို မတရားပြစ်ဒဏ် ချမှတ်ခဲ့တာဟာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်ရောက်စိုးမိုး နေလို့ပါ။ အဲဒီလိုမျိုးတွေ မဖြစ်သင့်တော့ပါဘူး။ ကျွန်တော့်တုန်းကတော့ ထောင်ဒဏ်တစ်နှစ်လို့ချခဲ့ပြီး အယူခံနဲ့ သုံးလပဲနေပြီး ပြန်ထွက်ခဲ့ရပါတယ်။ အခု ထောင်ဒဏ် ၁၀ နှစ်ဆိုပြီး ချခံရသူတွေအတွက်လည်း အယူခံဆက်ဝင်ပြီး မျှတမှန်ကန်တဲ့ တရားစီရင်မှု ရနိုင်ပါစေလို့ ဆုတောင်းပါတယ်”

ဇူလိုင် ၄ ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ

“ယူနတီသတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာက စတုတ္ထမဏ္ဍိုင်ကို ခြိမ်းခြောက်လာတယ်လို့ ကျွန်တော်မြင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကို အုပ်ချုပ်ရေးပိုင်းက စစ်ကြေညာလိုက်တယ်လို့ မြင်တယ်။ စာနယ်ဇင်းကောင်စီရဲ့ အာဏာကရော မရှိတော့ဘူးလား။ စာနယ်ဇင်းကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ သဘောထားတွေကိုရော မယူတော့ဘူးလား။ ကောင်စီက မီဒီယာသမားတွေကို ကာကွယ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ဒါကို မကာကွယ်နိုင်ကြဘူးဆိုရင် စာနယ်ဇင်းသမားတွေကို မီဒီယာတစ်ခုလုံးကို ကျွန်တော်တို့ ပြည်သူလူထုက အားကိုးတဲ့ စတုတ္ထမဏ္ဍိုင်အတွက် စိုးရိမ်စရာအင်မတန် ကောင်းတယ်လို့ ပြောချင်တယ်။ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာက ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် မင်းတို့လာမထိနဲ့ ထိရင်တော့ ဒါပဲ ဆိုတာ ပြလိုက်တဲ့ သဘောပါပဲ။ ပြန်ပြီးခုခံကြဖို့လိုပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုကလည်း အားကိုးပါတယ်။ စတုတ္ထမဏ္ဍိုင်ကို ဦးကျိုးအောင် ချိုးခံလိုက်ရပြီဆိုရင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဆိုတာက စိတ်ကူးယဉ်သက်သက်ပဲလို့ ကျွန်တော်တို့က ပြောရတော့မှာပါ။ အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုတာကို ကျွန်တော်တို့ ယုံကြည်မှုမရှိတော့ဘူး”

ကိုဇာနည်အောင် (နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး၊ မန္တလေး)

“ဒီလိုလုပ်တာ မတရားပါဘူး။ တရားမျှတတဲ့ ဒီမိုကရေစီကို လျှောက်လှမ်းနေတဲ့ အချိန်မှာ အစိုးရအနေနဲ့ မီဒီယာတွေကို ဒီလိုထောင်ဒဏ်ချမှတ်လိုက်တာ မတရားပါဘူး၊ ဒါဟာအာဏာရှင်ခေတ်က အစိုးရတွေ လုပ်ရပ်တွေပါပဲ။ ဒီလိုလုပ်ရပ်တွေဟာ မီဒီယာတွေကို သူတို့လုပ်ချင်သလို လုပ်လို့ရတယ်လို့ ကြေညာလိုက်တဲ့ သဘောပါပဲ။ မီဒီယာတွေအနေနဲ့ အတူတူပူးပေါင်းဖို့၊ မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့နဲ့ ဆက်လုပ်ကြပါလို့ ပြောချင်ပါတယ်”

ကဗျာဆရာ စောဝေ

“လက်ရှိမှာ မဏ္ဍိုင်သုံးခုက စတုတ္ထမဏ္ဍိုင်ကို ကြောက်လန့်နေတဲ့ သဘောသက်ရောက်နေပြီးတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်နေပြီး နောက်ပိုင်းမီဒီယာ သမားတွေက သတင်းရယူမှုမှာရော၊ သတင်းမှန်ရယူမှုမှာရော အသက်မွေးဝမ်းကျောင်း အလုပ်မှာပါ မလုပ်ရဲအောင် လုပ်နေတာ။ နောက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲမှာ ရှင်းလင်းပြတ်သားတဲ့ သတင်းတွေ ရေးသားဖော်ထုတ် တင်ဆက်တာတွေ မလုပ်နိုင်အောင် ဒီအစိုးရက ကြိုတင်ပြီးတော့ လုပ်ဆောင်နေတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဘာလုပ်မလဲဆိုရင် ထုတ်ပြန်ချက်တွေ ကန်ပိန်းတွေလုပ်မယ်။ မီဒီယာတိုက်တွေ မီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အခုလိုမျိုးမီဒီယာကို ခြိမ်းခြောက်နေတဲ့ကိစ္စတွေကို ရပ်တန်းကရပ်ဖို့နဲ့ အခုလို ပြစ်ဒဏ်ကြီးလေးစွာချတာကို ပြန်ပြီးစဉ်းစား ဆုံးဖြတ်ပေးဖို့ အယူခံကို လက်ခံပြီးတော့ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမယ်”

ဦးသန်းဌေး (တွဲဖက်အတွင်းရေးမှူး-၂ မြန်မာဂျာနယ်လစ် ကွန်ရက်)

“ဒီကိစ္စက ပြောရမယ်ဆိုရင် မီဒီယာသမား တွေကို ခြိမ်းခြောက်မှုတစ်ခုလို့ဆိုရမယ်။ သူတို့ ပြောပြောနေတဲ့ Freedom ဆိုတာ အလကားပဲ။ ဆယ်နှစ်ဆိုတဲ့ အချိန်ကာလက လူတစ်ယောက်ကို အညွန့်ချိုးလိုက်သလိုပဲ။ သူတို့လုပ်တဲ့ ကိစ္စပေါ်တာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဥပဒေကို လုပ်ချင်တိုင်း လုပ်နေကြတယ်။ သူတို့ပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာဘာလဲ။ ပြည်သူကို ပြက်ရယ်ပြုနေသလိုပဲ။ ကျွန်တော့်အမြင်ကတော့ လုံးဝတရားမျှတမှုမရှိဘူး။ ပြည်သူတွေကို မျက်စိ၊ နားတွေ ပိတ်အောင်လုပ်နေတာ”

ကိုဝင်းမောင်(ကျောက်တံတား)

“ဘူးပေါ်သလိုပေါ်တော့ တပ်ချင်တဲ့ ပုဒ်မတပ်ပြီးဖမ်းတယ်။ မီဒီယာသမားတွေက အမြဲဓားစာခံ ဖြစ်နေရတယ်။ ဒီမိုကရေစီဆိုတာလည်း ဟန်ပြတစ်ခုပါပဲ။ သမ္မတဆိုလည်း ထိုနည်းတူပဲ။ အမှန်တော့ ဦးတို့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုလက်အောက်မှာပဲ ရှိနေတုန်းပဲ”

ဦးအောင်သူ(တာမွေ)

“လိုတာထက် ပိုတဲ့အပြစ်တွေပေးတယ်။ မခိုင်တုန်းကလည်း ဘာမှမဟုတ်တဲ့ ပြဿနာကို ပုဒ်မတွေတပ်ပြီး ထောင်ပါချတယ်။ အခုကိစ္စမှာလည်း ဒီလိုပဲ။ မလိုအပ်ဘဲ လူတစ်ယောက်ကို ကြီးလေးသော အပြစ်ဒဏ်ကိုပေးတယ်။ မီဒီယာသမားတွေကို သက်ညှာမှုမရှိဘူးဆိုတာ အရမ်းထင်ရှားတယ်။ ဘာမဟုတ်တဲ့ စာအုပ်တွေရေးတဲ့ အောင်ရင်ငြိမ်းတို့ကျတော့ အခုထိ မဖမ်းသေးဘူး။ ဒါကအသိသာကြီးပါ မီဒီယာတွေကို နှိပ်ချင်နေတယ်ဆိုတာ”

ဦးအေးမောင်(သင်္ဃန်းကျွန်း)

“အခု Unity ရဲ့ ဖြစ်စဉ်ကိုကြည့်ရမယ်ဆိုရင် မီဒီယာတွေကိုစပြီး ခြိမ်းခြောက်နေ ပြီ။ ၂၀၁၅ မတိုင်ခင်မှာ မီဒီယာသမားတွေကို မလှုပ်နိုင် မယှက်နိုင်အောင် လုပ်နေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ခန့်မှန်းတယ်။ သမ္မတကြီးပြောတဲ့စကားမှာ မီဒီယာတွေကို နည်းနည်းခြိမ်းခြောက်နေတယ်လို့ ခံစားရတယ်။ မွန်းတည့်နေက သတင်းယူပြီး ပြန်ရေးတယ်။ သတင်းကလည်းအမှန်ပဲကို ဘာဖြစ်လို့ အရေးယူတာလဲ။ တိုင်းပြည်လည်း ထိခိုက်နစ်နာသွားတာ မဟုတ်ဘူး။ ပြောချင်တာ ပွင့်လင်းမြင်သာဖို့လိုတယ်။ စစ်ဆေးတဲ့အခါ အများမြင်သာဖို့လိုတယ်။ သတင်းသမားတွေမှာ အကာအကွယ်မဲ့နေတယ်။ ကွန်ပျူတာတွေ သိမ်းတယ်ဆိုတာက အရမ်းအကြည့်ဆိုးတယ်။”

ဦးဇေယျ (DVB)

“မြန်မာနိုင်ငံရဲ့ ခေတ်သစ်တရားစီရင် ရေးစနစ်ကို ချပေးခဲ့တဲ့ အင်္ဂလန်မှာတောင် နိုင်ငံတော်လျှို့ဝှက် ဥပဒေဆိုတာမျိုးကို ဖျက်သိမ်းလိုက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုပြီးဦးစားပေးလာပါပြီ။ အိန္ဒိယမှာဆိုရင် ပြည်သူသိသင့်တာကို ရေးသားခဲ့တာအပေါ်မှာ အစိုးရက လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာကို နိုင်ငံရဲ့ တရားလွှတ်တော်ချုပ်က ပယ်ဖျက်ပေးခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ဒီလိုပဲ ပယ်ဖျက်ပေးခဲ့တာ ရှိဖူးပါတယ်။ သတင်းထောက်တွေအနေနဲ့ မှားယွင်းစွာရေးသားတာ ဆိုရင်လည်း ပုဒ်မ ၅၀၀ (အသရေဖျက်မှု)နဲ့ တရားစွဲသင့်တဲ့အရာကို အခုလို နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ စွဲဆိုတော့ သူတို့ရေးသလို ဓာတုလက်နက်စက်ရုံ ဆိုတာကို သွယ်ဝိုက်ဝန်ခံသလို ဖြစ်သွားစေပါတယ်”

ကိုဖိုးဖြူ (ဥပဒေပညာရှင်)

“စစ်ဘက်နဲ့ ပတ်သက်တာဆိုရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချလို့ရတယ်။ အခု ထောင်ဒဏ် ၁၀ နှစ်ချတယ်ဆိုတာက ပြစ်ဒဏ်က ပြင်းထန်တယ်။ ပြစ်မှုနဲ့ပြစ်ဒဏ်က ကိုက်ညီမှု ရှိ မရှိ ကြည့်ရမယ်။ ဆိုတော့ တရားရုံးရဲ့ စီရင်ချက်ကို ကျွန်တော်တို့က မဖတ်ရသေးဘူး။ ရေးသားမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဘယ်လောက်အထိ ထိခိုက်နစ်နာမှု ရှိသလဲဆိုတာ တရားသူကြီးက ဆုံးဖြတ်ဖို့လိုတာပေါ့။ ပြစ်မှုနဲ့ပြစ်ဒဏ်က မျှတရဲ့လား ဆိုတာကိုပေါ့။ ပြစ်မှုနဲ့ ပြစ်ဒဏ်က မျှတဖို့လိုတယ်။ ထောင်ဒဏ် ၁၀ နှစ်ဆိုတာ ကြီးလေးတဲ့ ပြစ်ဒဏ်ထဲမှာပါတယ်”

ဦးကျော်ဟိုး (တရားလွှတ်တော်ရှေ့နေ)

ကျွန်တော်တို့လည်း ကြားပြီးပါပြီ။ ဒါကတော့ သိပ်ပြင်းထန်လွန်းတယ်။ မီဒီယာသမားတွေကို။ နောက်ပြီးတော့ နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကလည်း ကျွန်တော်တို့ သိသလောက်ကတော့ တကယ်ထင်ထင်ရှားရှား သိထားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီ လျှောက်လှမ်းနေတဲ့ကာလမှာ မီဒီယာသမားတွေကို ဒီလောက်ပြင်းပြင်းထန်ထန် ချမှတ်လိုက်တဲ့ ကိစ္စကတော့ သိပ်ပြင်းထန်လွန်းတယ်။ ဒါကိုတော့ ကျွန်တော်တို့ သိပ်သဘောမကျဘူး။

ဦးဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

>> ယူနတီဂျာနယ်အမှုနှင့် ပတ်သက်သော ရက်စွဲမှတ်တမ်း <<

ဇန်န၀ါရီ ၂၃၊ ၂၀၁၄ - ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုစက်ရုံ ဟုဆိုသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့။

ဇန်န၀ါရီ ၃၀၊ ၂၀၁၄ - ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၅ တွင် က.ပ.စ (၂၄) ဓာတုလက် နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံငြင်းဆို သတင်းကို ဆက်လက်ဖော်ပြခဲ့။

ဇန်န၀ါရီ ၃၁၊ ၂၀၁၄ - ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်အား သက်ဆိုင်ရာမှ မေးမြန်းရန်အတွက် လာရောက်ခေါ်ယူခဲ့ကာ ထိုညမှာပင် ရန်ကုန်မြို့ရှိ ယူနတီသတင်းထောက်များ ဖြစ်ကြသော ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့် ကိုစည်သူစိုးတို့ နေအိမ်များသို့ သက်ဆိုင်ရာမှ လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်းသိရ၊ ယူနတီဂျာနယ် ထုတ်ဝေသူ၏ နေအိမ်သို့လည်း “သန်းခေါင်စာရင်း ကောက်ယူသည့် ပုံသဏ္ဌာန်” ဖြင့် လာရောက် မေးမြန်းမှုများ ရှိခဲ့ကြောင်းသိရ။

ဖေဖော်ဝါရီ ၁၊ ၂၀၁၄ - ဦးတင်ဆန်းသည် The Daily Eleven နှင့်တွေ့ဆုံအပြီး မိနစ်ပိုင်းအကြာ ၁၁ နာရီ ၃၉ မိနစ်အချိန်၌ ဒုရဲအုပ်တစ်ဦး ခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်အချို့က ဦးတင်ဆန်းအား ၎င်းတို့အရာရှိနှင့် တွေ့ဆုံရန် ယူနတီဂျာနယ်တိုက်သို့ လာရောက်ခေါ်ဆောင်သွား။

ဖေဖော်ဝါရီ ၂၊ ၂၀၁၄- ယူနတီသတင်းဂျာနယ်တွင် သတင်းဖော်ပြခဲ့သော စက်ရုံသည် အခြားကာကွယ်ရေး ပစ္စည်းစက်ရုံ သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က Weekly Eleven သို့ ပြောကြား။

ဖေဖော်ဝါရီ ၅၊ ၂၀၁၄ - ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် အပါအ၀င် ငါးဦးအား ထိန်းသိမ်းကာ အမှုစစ်ဆေးနေသည်ဟု ပြန်ကြားရေး၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထား။

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄ - လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးတို့ သတင်းထောက်သုံးဦးသည် ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိလာပြီး တရားစွဲဆိုခံရသူ အားလုံးအား ဖေဖော်ဝါရီ ၁၄ တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်းသိရ။

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄ - တရားစွဲဆိုခံထားရသော ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့။

မတ် ၁၇၊ ၂၀၁၄ - ငါးကြိမ်မြောက်ရုံးချိန်းတွင် ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးက သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း လက်မှတ်ရေးထိုးလျက် ယူနတီဂျာနယ်အား တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုရန် ၎င်းအား တရားလိုအဖြစ် အမှုဖွင့်ဆောင်ရွက်ရန် တာဝန်ပေးသည့် စာကိုလက်ခံရရှိခဲ့ပြီး ပေါက်ရဲစခန်း၌ စာဖြင့်ရေးသား အမှုဖွင့်တိုင်ကြားဟု ထွက်ဆိုခဲ့။

မတ် ၃၁၊ ၂၀၁၄ - ငါးကြိမ်မြောက်ရုံးချိန်း၌ ဒေသခံတရားလိုပြ သက်သေက ယူနတီသတင်းထောက်များ က.ပ.စ ၂၄ စက်ရုံနယ်မြေများသို့ ဓာတ်ပုံလာရောက် ရိုက်ကူးသည့်နေရာများတွင် မည်သည့်တားမြစ် ဆိုင်းဘုတ်များ စိုက်ထူထားခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ လယ်မြေအသိမ်းခံရမှုများအား ထွက်ဆိုခဲ့ပြီး စက်ရုံတည်ဆောက်ရေး အုတ်သယ်လုပ်သား တရားလိုသက်သေ အမျိုးသမီးက စက်ရုံရှေ့တွင် “ကင်မရာ၊ လက်ကိုင်ဖုန်း မယူရ”၊ “ဓာတ်ပုံမရိုက်ရ” ဆိုင်းဘုတ်များ ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်စိုက်ထူထားကြောင်း ထွက်ဆိုခဲ့။

ဧပြီ ၇၊ ၂၀၁၄ - ခြောက်ကြိမ်မြောက်ရုံးချိန်း။ ပထမနေ့၌ သက်သေခံပစ္စည်း ရှာဖွေခြင်းနှင့် သက်ဆိုင်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ဒုရဲမှူးတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် သက်သေလေးဦးအား စစ်ဆေးခဲ့ပြီး ဦးတင်ဆန်းအတွက် အာမခံလျှောက်ထား မှုကိုနှစ်ဖက်ရှေ့နေများ အပြန်အလှန်လျှောက်လဲကာ ရုံးတော်မှ ခွင့်မပြုကြောင်း အမိန့်ချ။

ဧပြီ ၈၊ ၂၀၁၄ - ခြောက်ကြိမ်မြောက် ရုံးချိန်းဒုတိယနေ့၌ လိုပြသက်သေအဖြစ် ရှာဖွေသက်သေနှစ်ဦးနှင့် ကြိုတင်ဖြောင့်ချက်၊ ထွက်ချက်များယူခဲ့သည့် ပခုက္ကူမြို့နယ် တရားသူကြီးတို့မှ ထွက်ဆိုခဲ့ကြောင်းသိရ။

ဧပြီ ၂၂၊ ၂၀၁၄ - ယူနတီသတင်းဂျာနယ်၏ ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် လိုပြသက်သေများက တားမြစ်ဆိုင်းဘုတ် မရှိကြောင်းနှင့် ကိုလူမော်နိုင်၏ အီးမေးလ်တွင် သတင်းထောက်များအား ဂျာနယ်တိုက်မှလွဲ၍ မည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်း မရှိကြောင်း ထွက်ဆို။

ဧပြီ ၂၈၊ ၂၀၁၄ - ရှစ်ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေအဖြစ် ပခုက္ကူခရိုင် တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီဂျာနယ်ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့ခဲ့သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီး အခြားမည်သည့် နိုင်ငံကိုမှ ပေးပို့ထားခြင်းမရှိကြောင်း ပြောကြား။

ဧပြီ ၂၉၊ ၂၀၁၄ - ရှစ်ကြိမ်မြောက် ရုံးချိန်းနေ့တွင် လိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုအစစ် ဆေးခံခဲ့သည့် သက်သေခြောက်ဦးအနက်မှ ငါးဦးက အမှုနှင့်ပတ်သက်သည့် ပစ္စည်းများအား ရဲအရာရှိများက ရှာဖွေရာတွင် ၀ရမ်းပြသခြင်းမရှိကြောင်းနှင့် တစ်ဦးကမသိကြောင်း ထွက်ဆို။

မေ ၆၊ ၂၀၁၄ - ကိုးကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့တွင် ၂၉ ဦးမြောက် လိုပြသက်သေ အမှုစစ်အရာရှိဒုရဲမှူး မောင်မောင်သန်း နေပြည်တော် သတင်းတပ်ဖွဲ့က ရုံးတော်သို့ တရားလိုနှင့် သက်သေများ၏ ထွက်ဆိုချက်များ အရလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက် အရလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တရားစွဲရန်ခွင့်ပြုမိန့် အရလည်းကောင်း တရားစွဲတင်ပို့ရခြင်းဖြစ်ကြောင်း ထွက်ဆို။

မေ ၂၀၊ ၂၀၁၄ - ပခုက္ကူခရိုင် တရားသူကြီးက လက်ရှိစွဲဆိုထားသော ပုဒ်မဖြင့်စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့။ (၁၀ ကြိမ် မြောက်ရုံးချိန်း ဒုတိယနေ့)

မေ ၂၆၊ ၂၀၁၄ - ၁၁ ကြိမ်မြောက်ရုံးချိန်းတွင် ဦးတင်ဆန်းနှင့် အကြီးတန်းသတင်းထောက် ကိုပိုင် သက်ကျော်တို့အား စစ်ဆေးခဲ့ကြောင်း သိရ။

မေ ၂၇၊ ၂၀၁၄ - ၁၁ ကြိမ်မြောက်ရုံးချိန်း (ဒုတိယ) နေ့တွင် ကိုသဲရာဇာဦး၊ ကိုစည်သူစိုးနှင့် ကိုလူမော်နိုင်တို့အား စစ်ဆေးခဲ့ကြောင်းသိရ။

ဇွန် ၆ ၊ ၂၀၁၄ - ၁၂ ကြိမ်မြောက်ရုံးချိန်းတွင် လာရောက်အစစ်ခံခဲ့သည့် ခံပြသက်သေနှစ်ဦးမှ ယခင်က ၎င်းနယ်မြေများ၌ တားမြစ်ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်းမရှိကြောင်း ထွက်ဆိုခဲ့။

ဇွန် ၁၇ ၊ ၂၀၁၄ - သတင်းစာဆရာကြီး ဖိုးသောကြာနှင့် Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်တို့ တရားစွဲဆိုခံထားရသူများဘက်မှ သက်သေအဖြစ်ထွက်ဆို။

ဇွန် ၂၆ ၊ ၂၀၁၄ - ယူနတီဂျာနယ်မှ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့။

ဇွန် ၃၀ ၊ ၂၀၁၄ - တရားစွဲဆိုခံထားရသည့် ယူနတီဂျာနယ်မှ CEO ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးတို့အတွက် အပြီးသတ်လျှောက်လဲ။

(ပုံ - ၁) အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံရန် အမိန့်ချခံရပြီးနောက် တရားခွင်မှ ပြန်လည်ထွက်ခွာလာသည့် ယူနတီဂျာနယ် သတင်းထောက်များ

(ပုံ - ၂) ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက် ကိုစည်သူစိုး၏အဒေါ်

(ပုံ - ၃) သတင်းထောက် လူမော်နိုင်နှင့် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းတို့အား အမိန့်ချမှတ်ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

0 အကြံပြုခြင်း: