Thursday, June 19, 2014

မယောင်ရာဆီလူး PRစနစ်နှင့် လွှတ်တော်ပေါ်က ပြဇာတ်



ဇော်သက်ထွေး

၂၀၁၄ ခုနှစ်မှာ နိုင်ငံရေး အနှုတ်အသိမ်းတွေက တော်တော် များလာတယ်။ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းပေါင်းပြီး ၂၀၀၈ အခြေခံ
 ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ၄၃၆ နဲ့ ၅၉(စ)ကို ပြင်ဖို့ လူထုလှုပ်ရှားမှုနဲ့ အတူဆောင်ရွက်လာတာကို
 တွေ့ရတယ်။ အစကတည်းက အမှားလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ စည်းရုံးရာမှာ
အမှန် တရားကို မြတ်နိုးကြတာဖြစ်လို့ မခက်ခဲခဲ့ပါဘူး။

ဒါပေမယ့် ပြသာနာကဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထုရဲ့ ၉၂. ၈၄ ရာခိုင်နှုန်း
ထောက်ခံခဲ့တယ်လို့လည်း ဆိုသေးရဲ့။ သေချာမေးကြည့်တော့ လူ ၁၀၀မှာ ၉၃ ယောက်
လောက်က ဒီဥပဒေတွေကို နားမလည်ဘူး။ ၄၃၆လည်း မသိဘူး။ ၅၉(စ)လည်း ခေါင်း
ထဲမှာ မရှိဘူး။ ဒီအခြေအနေမှာ လူထုကို နားလည်အောင် ပညာပေးရင်း ၂၀၀၈ ဖွဲ့စည်းပုံ
 အခြေခံ ဥပဒေ မခိုင်မာမှုဟာ တစ်ဖြည်းဖြည်း ပေါ်လွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဖို့
လူတွေကလည်း အားတက်သရောလက်မှတ်ထိုးလာကြတယ်။ နိုင်ငံတကာကလည်း ထောက်ခံ
အားပေးလာကြတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ပေးဖို့ လူထုလှုပ်ရှားမှုတွေကို တားဖို့ကလည်း
တစ်နေ့ထက်တစ်နေ့ ခက်ခဲလာတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အနာဂတ် ရွေးကောက်ပွဲတွေမှာ PR
လို့ခေါ်တဲ့ Proportional Representationဆိုတဲ့ ဝေပုံကျစနစ်နဲ့ ပြည်သူ့ ကိုယ်စားလှယ်
တွေရွေးမယ့် အချိုးကျ ကိုယ်စားပြု စနစ်ကို ကျင့်သုံးဖို့ အဆိုကို အတည်ပြုခဲ့တယ်။

ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က
တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသား လွှတ်တော်မှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ
NLDနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပြီး အာဏာရပါတီဖြစ်တဲ့
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ထောက်ခံကြတဲ့ အတွက် ထောက်ခံမဲ
၁၁၇မဲ၊ ကန့်ကွက်မဲ ၈၅မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ထောက်ခံမဲ ကန့်ကွက်မဲ ရွေးချယ်ရာ
မှာလည်း အရှေ့တောင်အာရှမှာ အကြီးဆုံး လွှတ်တော်ဖြစ်တဲ့၊ ကျပ်ငွေ ဘီလီယံပေါင်း
များစွာ အကုန်အကျခံ တည်ဆောက်ထားတဲ့ နေပြည်တော်က အမျိုးသား လွှတ်တော်
အဆောက်အအုံမှာ မတ်တပ်ရပ်ပြီး ဆန္ဒပြုကြရပါသတဲ့။

ဒီနေရာမှာတော့ လျှို့ဝှက်မဲတို့၊ Electronic Voting Systemတို့မသုံးတာတော့ အကုန်
အကျများမှာ စိုးလို့လား မသိဘူး။ ထူးဆန်းတယ်နော်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က “မတ်တပ်ရပ် ဆန္ဒပြုတာဟာ တရားမမျှတစရာ မရှိကြောင်း၊ စနစ်
နှစ်ခုရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဆွေးနွေးကြကြောင်း၊ ထို့အတွက် ကော်မရှင်
တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နှပ်ကြောင်းပေးသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ ပြောစကား အရ ကော်မရှင်၏ အစီရင်ခံ စာပေါ်မူတည်ပြီး
ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်ပင်ကာ လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ဆိုပါသည်။
အချိုးကျ ကိုယ်စားလှယ် စနစ် ကျင့်သုံးရန် မတ်တပ်ရပ်၍ ဆန္ဒရယူရာတွင် တပ်မတော်သား
ကိုယ်စားလှယ်များ အားလုံး၊ NLD ကိုယ်စားလှယ်များ အားလုံး၊ တိုင်းရင်းသားပါတီ
ကိုယ်စားလှယ်များ အားလုံးက ကန့်ကွက်သည့် အနေဖြင့် မတ်တပ်မရပ်ပဲ ထိုင်နေခဲ့
ကြသည်။

ဤမြင်ကွင်းကိုကြည့်ပြီး လွှတ်တော်တွင် ဆန္ဒ၊ သဘောထား လွတ်လပ်သည့် အသွင်
ဆောင်သလို လိုတော့ရှိသည်။ တပ်မတော်သား ကိုယ်စားလှယ်များက ကြံ့ခိုင်ရေး ပါတီ
၏ ဆန္ဒသဘောထားကို မထောက်ခံသည့် အတွက် ပို၍ကြည့်ကောင်းနေသယောင်
ရှိသည်။ သို့သော် လွှတ်တော်တွင် ထောက်ခံမည်၊ မထောက်ခံမည်ကို တွက်ချက်ရသည်
မှ အလွန်လွယ်ကူသည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင်
ပါတီကြီး တစ်ခုတည်းက အပြတ်အသတ် အနိုင်ရထားသောကြောင့် ဖြစ်သည်။
အမျိုးသား လွှတ်တော်တွင် ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ပါသည် ဆိုသည့် ကိုယ်စားလှယ်
များက သဘောကျသည့် PRစနစ်သည် ဘယ်လို ရွေးကောက်ခံ စနစ်ဟူသည်ကို
ကျွန်တော်တို့ နားလည် ကြေညက်အောင် လေ့လာကြည့်ခဲ့ပါသည်။

ကျွန်တော်တို့လို နိုင်ငံရေး နှင့် နှစ်ပေါင်း ၂၅နှစ်လောက် လက်ပွန်းတတီးနေခဲ့တဲ့
သူတောင် အတော်လေ့လာယူရသည်။ သာမာန်ပြည်သူတစ်ယောက် (သို့) လယ်သမားကြီး
တစ်ယောက်(သို့) အိမ်ရှင်မ တစ်ယောက်က PRစနစ်အောက်တွင် နိုင်ငံ၏ ကောင်းကျိုး
ကို ပုံဖော်မည့် မည်သူကို မဲပေးကြရပါမည်လဲ။ မြန်မာနိုင်ငံသား သန်း၆၀သည်
လောလောလတ်လတ် အထွေထွေ ရွေးကောက်ပွဲ တစ်ကြိမ်နှင့် ကြားဖြတ်ရွေးကောက်
ပွဲတစ်ကြိမ်ကိုသာ ဖြတ်သန်းဖူးသေးသည်။ ရိုးရှင်းလွယ်ကူသည့် ထိုရွေးကောက်ပွဲ
များမှာတောင် ဆန္ဒပြုပုံ မှားယွင်းသည့်အတွက် ပယ်မဲတွေ ဘယ်လောက် ရာခိုင်နှုန်း
ရှိခဲ့သလဲ ဆိုသည်ကို အားလုံးသိကြပြီး ဖြစ်ပါသည်။

ထိုစနစ်ကို မကြေညက်သေးသည့် ပြည်သူများ အနေဖြင့် ရှုပ်ထွေးလွန်းသော အချိုးကျ
ကိုယ်စားပြုမှု စနစ်ကို မည်ကဲ့သို့သွားပါမည်လဲ။ တိုင်းရင်းသား လူမျိုး ၁၀၀ကျော်
မှီတင်းနေထိုင်သည့် ပြည်ထောင်စုတွင် ခိုင်မာသည့် ငြိမ်းချမ်းရေး မရသေးပဲ မည်ကဲ့သို့ သွားပါမည်လဲ။
လက်ရှိအစိုးရနှင့် အတိုက်အခံ နိုင်ငံရေးပါတီတွေကြားတွင် ပီပြင်သည့်
နိုင်ငံရေး ပဋိညဉ် မရှိပဲ မည်ကဲ့သို့ သွားပါမည်လဲ။

ရွေးကောက်ပွဲတွင် မိမိပါတီက တစ်နိုင်ငံလုံးတွင် ရခဲ့သည့် ထောက်ခံမဲ ရာခိုင်နှုန်း
အလိုက် လွှတ်တော် ကိုယ်စားလှယ် ခွဲတမ်းရသည့် စနစ်ကို PRဟု ဆိုပါသည်။ လာမည့် အထွေထွေ
 ရွေးကောက်ပွဲတွင် NLDက ၅၀ ရာခိုင်နှုန်း ကြံ့ခိုင်ရေးက ၂၅ ရာခိုင်နှုန်း
ရခဲ့လျှင် ကိုယ်စားလှယ် ၃၀၀ ရှိမည်ဆိုပါက NLDက ၁၅၀၊ ကြံ့ခိုင်ရေးက ၇၅ယောက်
ရွေးပေးရမည်။ ကျန်သည့် တိုင်းရင်းသား လူဦးရေက ဗမာလူ ဦးရေထက် နည်းပါးသည့်
အတွက် တိုင်းရင်းသား အားလုံးပေါင်းမှ ၇၅ ဖြစ်ဖြစ်မြည်အောင် ရပေလိမ့်မည်။

PRစနစ်အတည်ဖြစ်လျှင် နောက်ထပ် နှစ်ပေါင်းများစွာ တိုင်းရင်းသားများ ခံကြပေဦးတော့။
ကိုယ်စားလှယ်ကိုလည်း ပါတီကရွေးသည့် အတွက် ကိုယ့်မြို့နယ်က ကိုယ် သဘော
ကျသည့် သူကိုတောင် မဲပေးရဖို့မလွယ်။ ယခုအချိန်အထိလည်း ကိုယ်စားလှယ်တွေမှာ
 ဘာအခွင့်အရေးမှ မရှိမှန်း ကြံ့ခိုင်ရေး နှင့် NLD ပါတီများကိုကြည့်လျှင် သိနိုင်ပါသည်။
ဒီအခြေအနေမျိုးမှာ PRစနစ်လုပ်လို့ကတော့ အားလုံး ကျွမ်းပြန်ကုန်ပါလိမ့်မည်။

လက်ရှိ နိုင်ငံ့တာဝန် ထမ်းဆောင်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
အတွက် တစ်ရက်ခြင်း၊ တစ်နာရီခြင်းသည် တိုင်းပြည်အတွက် အဖိုးတန်လှပါသည်။
လွှတ်တော် ကိုယ်စားလှယ်များ လတ်တလော ဆောင်ရွက်ရမည့် ခေတ်နှင့် မလျှော်ညီ
သည့် ဥပဒေများ ပြင်ဆင်ပြောင်းလဲရန် ကိစ္စ၊ အကာအကွယ်မဲ့နေသော နိုင်ငံသားများကို
ဥပဒေအရ အကာအကွယ်ပေးရန် ကိစ္စများ လုပ်ဆောင်ရန် ရှိနေပါသည်။

အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေ အားလုံးကို ယခုလွှတ်တော် နှစ်ရပ်လုံးမှ
ခေတ်နှင့်ညီအောင် မပြင်ဆင်နိုင်သေးပါ။ ထို့ကြောင့် လက်ရှိ လူ့အဖွဲ့အစည်းတွင်
လည်းကောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တွင် နေ့စဉ် ပြသာနာများ
ဖြစ်ပွားလျှက်ရှိပါသည်။ ဥပမာနှစ်ခုလောက်ကို ပြောပြချင်ပါသည်။ ယခင်က
 စားသောက်ဆိုင်များတွင် အရက်သေစာ ရောင်းချလိုပါက ယစ်မျိုး လိုင်စင်ယူရပါသည်။
ယစ်မျိုး လိုင်စင်တွင်လည်း ပြည်တွင်း အရက်ရောင်းချလျှင် အခွန်တစ်မျိုး နိုင်ငံခြား
အရက်ရောင်းချလျှင် အခွန်တစ်မျိုး သတ်မှတ်ထားပါသည်။ အကယ်၍ အရက်ဆိုင်
တစ်ဆိုင်သည် ယစ်မျိုးလိုင်စင်ယူပါက ကျပ် ၁သိန်းမှ ကျပ် ၄သိန်းကြား ကျသင့်ပါသည်။
အကယ်၍ လိုင်စင် မယူပဲ ရောင်းချပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီး
တရားစွဲ ဆိုနိုင်သည်။ သို့သော် တရားရုံးက လိုင်စင်မယူသည့် အတွက် ပြစ်ဒဏ်မှာ
ဒဏ်ငွေ ၁၀၀၀သာဖြစ်သည်။

ထို့ကြောင့် အရက်ဆိုင် အားလုံးမှာ လိုင်စင် မယူကြတော့ပဲ အဖမ်းခံပြီး ဒဏ်ငွေ
တစ်ထောင်ကို ပျော်ပျော်ပါးပါး ဆောင်ကြသည်။ ကဲ လွှတ်တော် ဘာလုပ်နေသလဲ။
ထိုနည်းတူ ကုန်ကားကြီးများအား တန်ပိုတင် ဆောင်မှုဖြင့် စစ်ဆေးရေး ဂိတ်များတွင်
အရေးယူကြသည်။ ပြစ်ဒဏ်က ငွေ ၂၀၀၀၀ ခန့်သာရှိသည်။ တန်ပိုတင်ဆောင်ကားခ
 ရသည့်အကျိုးအမြတ်မှာ ကျပ်သိန်း ဆယ်ဂဏန်းမျှရှိသည်။

ထို့ကြောင့် ကားပိုင်ရှင်တွေက ဥပဒေကို လေးစား လိုက်နာခြင်းမ ရှိကြတော့။
ကဲ လွှတ်တော်က မည်သို့ ဆောင်ရွက်ပါမည်လဲ။ လက်တွေ့ လိုအပ်ချက်များကို
ဖြေရှင်းရေးသည် အဓိကကျပါသလား (သို့) အင်မတန် ရှုပ်ထွေးခက်ခဲသည့် PRစနစ်
ကို ခမ်းနားကြီးကျယ်သည့် လွှတ်တော်ကြီးထဲတွင် နိုင်ငံတော် ဘဏ္ဍာငွေထဲမှ
တစ်လ ကျပ် ၆ သိန်းယူကာ ဆွေးနွေးကြမည်လော။ တိုင်းသူပြည်သားများ ကိုယ်စား
 ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ်ကြီးများကို မေးခွန်းမေးရန် ရှိပါသည်။

ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၁၆)ပါ ဆောင်းပါး )

0 အကြံပြုခြင်း: