Thursday, June 26, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့ အစိုးရအနေနဲ့ ဘာကြောင့် ဆုံးဖြတ်ရတာလဲ


Sai Aung Lwin
ဒီကနေ့ ထုတ် ဒီမိုကရေစီ တူဒေးသတင်းစာပါ ဆောင်းပါး

စိုင်းထွန်းအောင်လွင်
နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမည်တင်သွင်းခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတကနေ ရခိုင်ပြည်နယ်လွှတ်တော်ကို သ၀ဏ်လွှာပေးအပ်ခဲ့ပါတယ်။
အဲဒီသ၀ဏ်လွှာကို ဇွန်လ ၂၅ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းဝေးမှာ ဖတ်ကြားခဲ့ပြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်မသင့်ဆိုတာကို ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အကြံပြုချက်ပေးပို့ရမှာဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပမဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းဝေးမှာတော့ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ ပြည်နယ်ဝန်ကြီးချုပ်တွေ အပါဝင် အစိုးရအဖွဲ့ဝန်ကြီးတွေကို ခန့်အပ်ရွေးချယ်နိုင်မှုက သမ္မတရဲ့ လက်ထဲမှာ ရှိနေပြီး သမ္မတက တင်သွင်းလာခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေဟာ သူတို့ရဲ့ ရှိရမဲ့ အရည်ချင်းသတ်မှတ်ချက်တွေနဲ့ မပြည့်စုံကြောင်း အထင်ရှား မပြသနိုင်ဘူးဆိုရင် ၀န်ကြီးချုပ်အဖြစ် တင်သွင်းမှုကို ငြင်းပယ်ခွင့်ရှိမှာတော့ မဟုတ်ပါဘူး။
တကယ်လို့ ဗိုလ်ချုပ်မောင်မောင်အုန်းသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့မယ်ဆိုရင် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း နောက်ပိုင်း တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ပြည်နယ်ဝန်ကြိးချုပ်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်လာမှာပါ။
ထူးခြားတာကတော့ ရခိုင်တိုင်းရင်းသားပါတီနှစ်ပါတီနဲ့ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ ကနေ ရခိုင်ပြည်နယ်ကြီးချုပ်ဟာ ရခိုင်တိုင်းရင်းသားထဲကပဲ ဖြစ်ရမယ် ၊ ပြည်သူတွေ ရေွးချယ်ထားရတဲ့ အထဲကပဲ ဖြစ်ရမယ်၊ ဒီမိုကရေစီ စနစ်ကိုသာ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာ နေရာအများဆုံးရထားတဲ့ ရခိုင်အမျိုးသားပါတီ ထဲကပဲ ဖြစ်ရမယ်လို့ ဇွန်လ ၂၃ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအရတော့ သမ္မတက အမည်တင်သွင်းရင် အကြောင်းပြချက်မခိုင်လုံရင်ကန့်ကွက်ခွင့်မရှိပါဘူး။

လက်ရှိအနေထားအရတော့ မဲခွဲခွင့်ပေးခဲ့ရင်တောင် ရခိုင်ပါတီ ဘက်ကတော့ အနိုင်ရဖို့ မရှိပါဘူး ၊ ဒါကလည်း ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်လွှတ်တော်အတွင်းမှာ နေရာ ၁၈ နေရာရထားပြီး နေရာအများဆုံးရထားတယ်ဆိုပေမဲ့ ပြည်ခိုင်ဖြိုးပါတီအမတ်က ၁၄ ယောက်ရှိနေပြီး တပ်မတော်သား ကိုယ်စားလှယ်က ၁၂ ယောက်ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဘက်ကတော့ သ၀ဏ်လွှာဖတ်ကြားတဲ့ နေ့အထိ ကန့်ကွက်တာတွေ မရှိသေးပဲ စောင့်ကြည့်လေ့လာနေတယ်လို့ ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောပါတယ်။။

ဘာကြောင့် တပ်မတော်သားတဦးကို စဉ်းစားတာလဲ

ဒီနေရာမှာ စဉ်းစားစရာ ဖြစ်လာတာကတော့ ရခိုင်လူမျိုးတဦးဖြစ်တဲ့ ၀န်ကြီးချုပ် ဦးလှမောင်တင်ကို နှုတ်ထွက်ခွင့်ပြုခဲ့ပြီး တပ်မတော်သားတဦးကို ၀န်ကြီးချုပ် အဖြစ်အဆိုပြုခဲ့သလဲ ဆိုတာပါပဲ။

တကယ်တော့ ရခိုင်ပြည်နယ်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း တည်ငြိမ်မှု မရှိဆုံးပြည်နယ်တခုလို့ ဆိုရရင်မှားမယ်မထင်ပါဘူး။
၂၀၁၂ ခုနစ် နှစ်လယ်ပိုင်းလောက်က စခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီ မွတ်ဆလင်တွေအကြား ဘာသာရေး ၊ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီး နေအိမ်တွေ ပျက်စီးခဲ့ရသလို ၊ သိန်းနဲ့ချီတဲ့ လူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ပဋိပက္ခတွေဟာ ခဏတာ ထိန်းချုပ်ထားနိုင်တယ်လို့ ယူဆစရာ ရှိပေမဲ့လည်း လူမျိုးစု တစုနဲ့ တစုအကြား ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ အမုန်းတရားတွေကိုတော့ ငြိမ်းသတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။
နှစ်ဘက်မျိုးနွယ်စုတွေအကြား အမုန်းတရာတွေကနေတဆင့် ပြီးခဲ့တဲ့ မတ်လအတွင်းက နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေကို ဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ် တွေဟာလည်း ကမ္ဘာမျက်နှာစာမှာ အတော့ကို မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့လည်း တဖြည်းဖြည်း အရှိန်မြင့်တက်လာပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ နှေးကွေးခဲ့တဲ့အတွက် ဗဟိုအစိုးရကကော လေ့လာသူတွေကပါ ပြစ်တင်စရာ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် စိုးရိမ်စရာဖြစ်လာခဲ့ရတာကတော့ နှစ်နိုင်ငံနယ်ခြားမှာ အခြေပြု လှုပ်ရှားနေတဲ့ RSO လို့ ခေါ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ ပြသနာပါပဲ။ သူတို့အဖွဲ့ဟာ ယခင်ကတည်းက ရှိနေခဲ့တယ်ဆိုပေမဲ့ အင်အားကောင်းလှတာတော့ မဟုတ်ပါဘူး။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ မြန်မာနယ်စပ်က လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အထိ ပြုလုပ်လာနိုင်ခဲ့ပါတယ်။
နယ်ခြားစည်းရိုးမှာ စောင့်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုတာကလည်း ဖွဲ့စည်းတာမကြာသေးတဲ့အတွက် လုံခြုံရေးအရလည်း ရဲတပ်ဖွဲ့ရဲ တာဝန်ယူနိုင်မှုက အကန့်သတ်ရှိပါတယ်။

ရခိုင်ပဋိပက္ခတွေစတင်စဉ် ၂၀၁၂ ခုနစ်ကလည်း အလားတူပါပဲ။ အစိုးရအနေနဲ့ ရဲတပ်ဖွဲ့တွေကို အသုံးပြုပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော်က ၀င်ရောက် ဖြေရှင်းပေးခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ရခိုင်ပြသနာက ဘာသာရေး ၊ လူမျိုးရေးကနေ လုံခြုံရေး ပြသနာလည်း ဖြစ်လာပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ အာဏာအရှိဆုံးဖြစ်တဲ့ ၀န်ကြီးချုပ်ဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်နေခဲ့ရင် ရခိုင်နဲ့ ဘင်္ဂလီ မွတ်ဆလင်တွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်လောက် လွတ်လွတ်လပ်လပ် ဖြေရှင်းပေးနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်မျိုး အစိုးရမှာ ရှိနေခဲ့တာပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
၁၉၈၂ ခုနစ် ဥပဒေအကောင်ထည်ဖော်ချိန်
တိုက်ဆိုင်မှုတရပ်ကတော့ လတ်တလောအတွင်းမှာပဲ ၁၉၈၂ ခုနစ်နိုင်ငံသား ဖြစ်မှု ဥပဒေကို အသုံးပြုပြီး အစိုးရအနေနဲ့ ဘင်္ဂလီတွေကို စတင်စီစစ်မှုတွေပြုနေချိန်မှာ ခုလို ၀န်ကြီးချုပ် အပြောင်းလဲ ကိစ္စတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ဥပဒေကို မြေပုံမြို့နယ်မှာ စတင်အကောင်ထည်ဖော်နေတာ ဖြစ်ပြီး ရာနဲ့ချီတဲ့ ဘင်္ဂလီတွေကလည်း နိုင်ငံသားဖြစ်ခွင့်အတွက် လာရောက် စီစစ်ခံခဲ့ပါတယ်။ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အပါဝင် ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို စုံစမ်းစစ်ဆေးရတဲ့ ကော်မရှင်တွေကလည်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ အတွက် ၁၉၈၂ ခုနစ် ဥပဒေကို အသုံးပြုဖို့ အကြံပြုထားတာ ကြာပါပြီ။
နိုင်ငံသား ဖြစ်ခွင့် အတွက် ဥပဒေအရ မပြည့်စုံပေမဲ့ နိုင်ငံသားကတ်ရယူထားတဲ့ ပန်းရောင် နိုင်ငံသား ကတ်ရပြီးသူ ဘင်္ဂလီအချို့ကိုလည်း ပြန်လည်စီစစ်ဖို့ ရခိုင်တိုင်းရင်းသားတွေက လတ်တလောမှာ တောင်းဆိုနေပါတယ်။ ၁၉၈၂ ဥပဒေအရ စီစစ်မှုမှာ တသန်းကျော်ရှိတဲ့ ဘင်္ဂလီတွေအနက် ဘယ်လောက် နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုတာ ခန့်မှန်းလို့မရပေမဲ့ ၊ အကိုင်တွယ်မတတ်ရင်တော့ နိုင်ငံသား စီစစ်မှုကနေ တင်းမာမှုတွေ ပေါ်ပေါက်လာနိုင်ပြီး ပြသနာတွေ ဖြစ်လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်။ ဒါကလည်း နိုင်ငံသား ဖြစ်ခွင့်အတွက် တိုက်ရိုက်အကျုံးမ၀င်တဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာတောင် အများကြီး ပြသနာတွေ ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အစိုးရအနေနဲ့ လက်ကျန်သက်တမ်းကာလ လ ၂၀ ကျော်ကာလအတွင်းမှာ နိုင်ငံသား ဖြစ်ခွင့်ကို စီစစ်ပေးမဲ့ ပုံလည်းရှိနေပြီး ပဋိပက္ခတွေကို နောက်အစိုးရလက်ထဲ လက်မလွှဲခဲ့ချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရခိုင်လက်နက်ကိုင်တွေအခြေချရေး ( သို့မဟုတ် ) ပြည်သူ့စစ်ဖွဲ့စည်းရေး

ရခိုင်တိုင်းရင်းသားတွေရဲ စိတ်ထဲမှာ ရခိုင်ပြည်နယ်မှာ ခုလို သန်းနဲ့ချီတဲ့ ဘင်္ဂလီ မွတ်ဆလင်တွေ ရှိနေတာဟာ ရခိုင်ပြည်နယ်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသား ဒေသတွေမှာလို တိုင်းရင်းသား လက်နက်ကိုင်တွေ အခိုင်မာ မရှိခဲ့ကြတာကြောင့်လို့ ယူဆချက်တွေလည်း ရှိပါတယ်။ ရခိုင်လက်နက်ကိုင်တွေအနေနဲ့ အဖွဲ့ငယ်လေးတွေအဖြစ် လက်ရှိအချိန်မှာရှိနေပြီး ရခိုင်ပြည်နယ်ထဲမှာ အခြေချနေတာ မဟုတ်ပါဘူး ၊ နှစ်ပေါင်း သုံးဆယ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေပြီး ၊ ရခိုင့်တပ်မတော် (AA ) ဆိုရင် အဖွဲ့သုံးဖွဲ့လောက်ကွဲနေကာ တရုတ်နယ်စပ်လောက်အထိကို ရောက်နေတာပါ။
ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အဲဒီအဖွဲ့တွေ ရခိုင်ပြည်နယ်မှာ ပြန်လည် ခြေချခွင့်ရဖို့ တောင်းဆိုတာတွေလည်းရှိခဲ့သလို ၊ ဒေသကာကွယ်ရေးအတွက် ပြည်သူု့စစ်တွေ ဖွဲ့စည်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အစိုးရဘက်ကတော့ အဲဒီအခြေနေတွေကို လတ်တလောမှာ ခွင့်ပြုနိုင်ဖွယ်လည်းမရှိပါဘူး ။ တဘက်မှာလည်း RSO လို့အဖွဲ့တွေရှိနေတဲ့အတွက် ပဋိပက္ခပိုမို ကြီးထွားလာမှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်တွေ ရခိုင်မှာ ပြန်ခြေချနိုင်ဖို့ကတော့ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပြီး ပေါ်ပေါက်လာမဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် အဖြေရှာရမဲ့ ကိစ္စဖြစ်နေပါတယ်။
အချုပ်အား ဖြင့်တော့ ပဋိပက္ခတွေက အစပိုင်းမှာ ဘာသာရေး ၊ လူမျိုးရေးကို အခြေခံခဲ့တယ်ဆိုပေမဲ့လည်း နောက်ပိုင်းမှာ RSO လို လက်နက်ကိုင်ပြသနာတွေ ပေါ်လာတာ ၊ နယ်စပ်အခြေနေတွေ ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့ပြီး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာတို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်လာတာတွေဟာ တပ်မတော်သား တယောက်အနေနဲ့ တာဝန်ယူလာရဖို့ အကြောင်းဖန်လာတယ်လို့ ဆိုရမှာပါ။
ဒါ့အပြင် ဗိုလ်ချုပ် မောင်မောင်အုန်းအနေနဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနမှာ ဒုတိယ ၀န်ကြီးအဖြစ်တာဝန်ယူနေစဉ် ပြီးခဲ့တဲ့ တနှစ်ခွဲကာလလောက်တည်းက ရခိုင်နယ်စပ်ပြသနာတွေနဲ့ ပတ်သက်လို့ ပါဝင်ဖြေရှင်းပေးခဲ့ရတာ၊ စစ်တွေမှာ ဖြစ်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့စည်းတွေကို ဦးတည်တဲ့ ပဋိပက္ခတွေအပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ဒေသခံတွေနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေအကြား ၀င်ရောက် ညှိနှိုင်းမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာတွေကလည်း ၀န်ကြီးချုပ်အဖြစ် တင်သွင်းဖို့ ပိုမို အလေးပေး သလို ဖြစ်စေခဲ့ပါတယ်။
‘ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေနေတွေက အရင်ကလို ဘာသာရေး ၊ လူမျိုးရေးလောက်ပဲ မဟုတ်တော့ဘူး လုံခြုံရေး ပြသနာပါရှိလာတယ် ၊ လက်ရှိမှာ အစိုးရကလည်း ၁၉၈၂ ခုနစ် ဥပဒေကို စတင် အကောင်ထည်ဖော်ပေးနေတဲ့အချိန်မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို တာဝန်ပေးတယ်ဆိုတာက သူက တပ်မတော်သားလည်းဖြစ်နေသလို ရခိုင်အရေးမှာ ဖြေရှင်းဆောင်ရွက်နေတာ ကြာပြီ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ‘အစိုးရအနေနဲ့လည်း ရခိုင်ပြသနာကို ၂၀၁၅ နောက်ပိုင်း ယူမသွား ၊ လက်ဆင့်ကမ်းမသွားချင်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ‘ လို့ မြန်မာ့အရေး လေ့လာသူ ကိုကျော်လင်းဦးက သုံးသပ်ပါတယ်။

0 အကြံပြုခြင်း: