Friday, June 27, 2014

(၃) နှစ်ကျော် အတွင်း သက်ငယ် မုဒိမ်းမှု (၁၀၀၀) ကျော်ရှိ



Messenger News Journal

(၃) နှစ်ကျော် အတွင်း သက်ငယ် မုဒိမ်းမှု (၁၀၀၀) ကျော်ရှိ ထက်ဝက်ခန့်မှာ (၁၀) နှစ်အောက် ကလေးအမှုများ ဖြစ်နေ
အစိုးရသစ် တာဝန်ယူချိန်မှ စ၍ ၂၀၁၄ ခုနှစ် မေလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းမှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ထက်ဝက်ခန့်မှာ အသက် (၁၀)နှစ်အောက် ကလေးအမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သက်ငယ် မုဒိမ်းမှုများမှာ ၂၀၁၁ ခုနှစ် တွင်(၃၅၉)မှု၊ ၂၀၁၂ ခုနှစ်တွင် (၃၁၈) မှု၊ ၂၀၁၃ ခုနှစ်တွင် (၃၁၅) မှုနှင့် ၂၀၁၄ ခုနှစ် မေလကုန်ထိ (၁၆၀) မှု စုစုပေါင်း သက်ငယ် မုဒိမ်းမှု (၁၁၅၂) မှု ဖြစ်ပွားခဲ့ပြီး အမှု(၅၀၀) ကျော်မှာ အသက်(၁၀) နှစ်အောက် အမှုများ ဖြစ်ကြောင်း သိရသည်။
““သက်ငယ်မုဒိမ်းမှုတွေ လျော့ကျလာအောင် စီမံချက် ဆောင်ရွက် နေပါတယ်။ မိဘတွေ အနေနဲ့ကလည်း ကိုယ့်ကလေးကို တစ်ယောက်တည်း လွှတ်တာတွေ မလုပ်ဖို့ သတိထားသင့်တယ်””ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ရဲအဖွဲ့မှူး ၀င်းစိန်က The Messenger Media သို့ပြောသည်။
သက်ငယ်မုဒိမ်းမှု ဆိုသည်မှာ အသက် (၁၈) နှစ်အောက် ကလေးငယ်များအား မုဒိမ်းမှု ကျူးလွန်ခြင်း ဖြစ်ပြီး၊ အသက်ခြောက်နှစ်သာ ရှိသေးသော ကလေးငယ် များလည်း ပါဝင်ကြောင်း သိရသည်။
““မိဘတွေက ကိုယ့်ကလေးကို ဒီအရွယ်လေးတွေမှာ ရင်အုပ်မကွာ စောင့်ရှောက် ထားသင့်တယ်။ ဒီကလေးတွေကို ကျူးလွန်တဲ့ သူတွေကိုလည်း တစ်ခါတည်းသေဒဏ် ပေးသင့်တယ်။ ကလေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ အဖွဲ့အစည်းတွေ လိုအပ်နေတယ်””ဟု ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ဒေါ်အေးအေးမြင့်က ပြောသည်။
အဆိုပါ အမှုများ လျော့နည်းလာ စေရန် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ တာဝန်ရှိသူများ ပူးပေါင်းကာ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ရုပ်သံများတွင် ပညာပေး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ ဂျာနယ်များတွင် သတင်းဆောင်းပါးများ ဖော်ပြခြင်းစသည် တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့ဖြစ်ပြီး ပြစ်မှု ကျူးလွန်ပါက ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူကာ ထောင်ဒဏ် (၁၀)နှစ်မှ တစ်သက်တစ်ကျွန်းထိ ကျခံနိုင်ကြောင်း သိရသည်။
အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကျူးလွန်သူ များအား သေဒဏ်ပေးရန် အဆိုကို လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင် တင်သွင်း ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်မှ ပယ်ချ ခံခဲ့သည်။

0 အကြံပြုခြင်း: