Saturday, June 14, 2014

သမ္မတကို ကြိုးကိုင်နေသူများ



Tomorrow

ဒီမိုကရေစီ အစိုးရ သက်တမ်း လေးနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သုံးဦးမြောက် အဖြစ် စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်ကို ခန့်အပ်လိုက် ပြန်သည်။ ၀န်ကြီးသက်တမ်း အနုဆုံးတွင် ပါဝင်သော်လည်း အချိန်တိုအတွင်း ရထားပို့ဆောင်ရေး ၀န်ကြီးမှ စွမ်းအင် ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ခွင့် ရခဲ့သူလည်းဖြစ်သည်။

ဤအပြောင်းအရွှေ့က သမ္မတကို မည်သူတွေက အကြံပေး၍ မည်သို့ ချယ်လှယ်နေသည်ကို သက်သေပြလိုက်သလို ဖြစ်နေသည်။ ပထမဆုံး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အငြင်းပွားဖွယ်ရာနှင့် ထောက်ပြဖွယ်ရာ လုပ်ငန်းများ ဖြစ်သည့် အရက်နှင့် ဘီယာချက်စက်ရုံ (၇)ရုံနှင့် စီးကရက် စက်ရုံ(၃)ရုံကို ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုခဲ့သည်။ ဦးစိုးသိန်း နေရာကို ရေတပ်မှပင် ဗိုလ်မှူးချုပ်ဟောင်း ဖြစ်သော ဦးဝင်းရှိန်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ရာ ဦးစိုးသိန်းက သူ၏တပည့်လည်းဖြစ်၊ သူစိတ်ကြိုက် ချယ်လှယ်ရသည့် သူလည်း ဖြစ်သည့်သူကိုပေးခဲ့သည်ဟု အသံများထွက်ခဲ့သည်။ သို့သော် ဦးဝင်းရှိန်၏ လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မည်သည့် ပြဿနာမှမရှိဘဲ၊ မည်သည့် အသံမှမထွက်ပဲ စွမ်းဆောင်နိုင်ခဲ့သည်။ ယခုအခါ အဘယ်ကြောင့် ဦးဝင်းရှိန် နေရာတွင် ၀န်ကြီးသက်တမ်း အနုဆုံးသူကို တာဝန်ပေးသည်ကို ပြည်သူများရော၊ စီးပွားရေး လုပ်ငန်းရှင်များကပါ သိလိုနေကြသည်။

အပြင် စီးပွားရေးသမားများ နှင့် နိုင်ငံရေး လေ့လာသူများ၊ အငြိမ်းစား အစိုးရ အရာရှိကြီးများကြားတွင် သမ္မတကို ဦးစိုးသိန်းက ချယ်လှယ်နေသည်ဟူသည့် အသံများ ကြားလာရသည်။ ဦးစိုးသိန်းသည် သမ္မတ အခန်းကို တံခါးမရှိ ဓားမရှိဝင်ခွင့်၊ ထွက်ခွင့်ရသော တစ်ဦးတည်းသော ၀န်ကြီးဖြစ်သည် ဟုလည်း ဆိုကြသည်။ သူ့ကိုယ်သူ ၀န်ကြီးအားလုံးကို အုပ်ချုပ်နေရသည့် First Ministerဟု အထင်ရောက်နေကြောင်း ၀န်ကြီးအချင်းချင်း ပြောဆိုသံများ ထွက်လာသည်။ တစ်ချိန်တည်းတွင် သမ္မတ၏ အကြံပေး ဖြစ်သူ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကလည်း လက်စောင်းထက် လာနေသည်။ ဦးဇေယျာအောင်နှင့် ဦးရဲထွဋ်သည် စစ်တက္ကသိုလ် တစ်ပတ်စဉ်ထဲ ဆင်းသူများ ဖြစ်ရုံမက သမီးယောက်ဖ တော်စပ်သူများလည်း ဖြစ်သည်။ ဦးရဲထွဋ် လက်စောင်းထက် လာချိန်တွင် သူ၏ယောက်ဖ တော်စပ်သူကို တစ်ဆင့်ပြီး တစ်ဆင့် ဆွဲတင်လာခြင်းဟုလည်း ဝေဖန်လာကြသည်။ ဦးရဲထွဋ်သည် မီဒီယာ လောကတစ်ခုလုံးက ဝေဖန်နေသော ပုံနှိပ်ထုတ်ဝေ ဥပဒေနှင့် PSM ခေါ် ပြည်သူ့ ၀န်ဆောင်မှု မီဒီယာ ဥပဒေကို ဦးဆောင်ရေးဆွဲသူလည်း ဖြစ်သည်။

အများပြည်သူ အမြင်တွင် သမ္မတကို သမ္မတရုံး ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်း၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ယခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က နောက်ကွယ်မှ ကြိုးကိုင် နေသည်ဟု ခန့်မှန်းနေကြသည်။ အငြိမ်းစား အစိုးရ အရာရှိကြီး တစ်ဦးက “ဒီလို ပြောဆိုကြတာတွေက အကြောင်းရှိတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို အကုန်ပြန်လွှတ်ပေးခဲ့ပေမဲ့ ဦးသန်းရွှေရဲ့ အသက်အန္တရာယ် လုံခြုံရေး အတွက် ထောက်လှမ်းရေး အရာရှိဟောင်း ၁၉ ဦးကို ခုထက်ထိ လွှတ်မပေးဘူး။ ကာလုံမှာ ဒီကိစ္စ ဆွေးနွေးတော့ အဖွဲ့ဝင် နှစ်ဦးက ပြန်လွှတ်ပေးရေးကို ကန့်ကွက်တယ်လို့ သိရတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို ပြည်တွင်းပြည်ပက ငွေတွေပုံပေးပြီး အာဏာကုန်လွှဲ ထားတယ်၊ အခုထိ ဘာမယ်မယ်ရရ သေသေချာချာ သဘောတူညီချက်များ ရလို့လဲ၊ အခုဆိုရင် ကေအိုင်အေက လွတ်လပ်ရေး လိုချင်လို့ တိုက်ပွဲ ၀င်တာဆိုပြီး လေသံ ပြောင်းလာပြီ၊ ၂၀၁၅ မတိုင်ခင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်ရမဲ့ လမ်းလည်း မမြင်ဘူး။

အပြင်မှာ ကားပါမစ် ရမယ်ဆိုတာသိရင် တောခိုသူပုန် ထပါတယ်ဆိုတဲ့ စကားပဲ ခေတ်စားလာတယ်။ ဦးစိုးသိန်းဆို စကား ပြောတာ မောက်မာတယ်။ တစ်ချိန်လုံး သူလာဘ်မစားပါဘူးပဲ ကြွေးကြော်နေတယ်။ တကယ်ရော ဟုတ်လို့လား။ မြန်မာ့စက်မှု ဆိပ်ကမ်းကို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအတွက် ဘာလို့အခွန် ကင်းလွတ်ခွင့် အမေရိကန် ဒေါ်လာသန်း တစ်ထောင်ဖိုး ပစ္စည်းသွင်းခွင့်တွေ ပြုခဲ့တာလဲ။ အခွန်ဌာနက ကန့်ကွက်မှ တွက်ချက်ပုံ မှားသွားတယ်ဆိုပြီး ဖြစ်သွားတယ်။ အများပြည်သူ ထောက်ပြနေတဲ့ အရက်ချက် စက်ရုံတွေ ဘီယာချက် စက်ရုံတွေ စီးကရက်စက်ရုံတွေ အများကြီးကို တိုင်းပြည်အတွက် ဘာကောင်းကျိုးရှိလို့ တက်သုတ်ရိုက်ခွင့်ပြု လိုက်သလဲဆိုတာ အခုထိ ရှင်းမပြနိုင်တဲ့ အပြင် လူမသိသူမသိ ဖြစ်ပေမဲ့ အာဏာကြီးတဲ့ နိုင်ငံတော် စီးပွားရေး ကော်မတီမှာ ဥက္ကဌ လုပ်နေတယ်။ တရားမ၀င် ကုန်စည် ထိန်းချုပ်တားဆီးရေး မိုဘိုင်း အဖွဲ့ကို လှုပ်မရအောင် နည်းမျိုးစုံနဲ့ ညစ်နေတယ်။ ပြောရရင် စီးပွားရေးသမား အလိုကျတွေချည်း လုပ်နေတယ်။

ရန်ကုန်မြို့လယ်က တိရိစ္ဆာန်ရုံကိုတောင် မြို့ပြင်ရွှေ့ပစ်ဖို့ ကြံခဲ့တဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ သမ္မတက အရမ်း ယုံကြည် အားကိုးနေပြီး သူလုပ်ချင်သမျှ လုပ်ခွင့်တွေ ရနေတယ်။ အခုသမ္မတကို နောက်ကွယ်က ကြိုးကိုင်နေသူတွေ အားလုံးဟာ စစ်တပ်က လူတွေချည်း ဖြစ်နေတယ်။ နောက်ဆုံးတော့ သမ္မတပဲ နာမည်ပျက်နေတာ”ဟု သူ၏အမြင်ကို ပြောပြသွားသည်။ ဗိုလ်မှူးချုပ် အထက်ရာထူးဖြင့် တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးက “သမ္မတက စစ်ရုံးမှာတုန်းက ဆက်လက် တင်ပြအပ်ပါသည်ပဲ တစ်သက်လုံး ရေးလာတာ၊ တွေဝေတတ်တယ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် တစ်ခုကို ရဲရဲ မချရဲဘူး၊ စိတ်ကောင်း စေတနာကောင်းရှိပြီး လာဘ်မစားတာက လွဲရင် လူတွေနဲ့လဲ သိပ်အပေါင်းအသင်း မလုပ်ဖူးဘူး။ ဒါကို အခွင့်ကောင်းယူပြီး သမ္မတ ပတ်ဝန်းကျင်က လူတွေက သူတို့ အကျိုးစီးပွား အတွက် မျိုးစုံလုပ်စားနေကြတာ”ဟု သူ၏အမြင်ကို ရှင်းပြသည်။

ယခုပုံစံအတိုင်း သမ္မတ အနေဖြင့် ဆက်လက်သွားပါက တိုင်းပြည်၏ အနာဂတ် အတွက်ပါ ထိခိုက် လာနိုင်ကြောင်းနှင့် တပ်မတော်မှ အာဏာ သိမ်းယူမှုမျိုးလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခုဆိုလျှင် သမ္မတ သဘောကောင်းသည်ကို အခွင့်အရေးယူပြီး ပြောင်ပြောင်တင်းတင်း လာဘ်စားနေသော ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ တစ်နေ့ထက် တစ်နေ့ များလာကြောင်း၊ ပြည်သူများ အတွင်း ၂၁၀၅တွင် ရွေးကောက်ပွဲ ဖြစ်မဖြစ်၊ တပ်မတော်မှ အာဏာ သိမ်းမသိမ်းကိုပင် လောင်းကြေးများ ထပ်လာကြကြောင်း၊ သမ္မတ အနေဖြင့် ယခုထက် ပိုမိုပြတ်သားစွာဖြင့် တိုင်းပြည်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သင့်သည်များကို အမြန်ဆောင်ရွက် ရမည့် အချိန်ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်၊ မိသားစု တစ်စုကို ကာကွယ်နေမည့် အစား ပြည်သူ့ အသံပိုမိုနားထောင်ရန် လိုအပ်ချိန် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကလည်း သုံးသပ်ပြောကြားသွားခဲ့သည်။

- သံဖနောင့်

0 အကြံပြုခြင်း: