Wednesday, June 18, 2014

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်




ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လူကုန်ကူးတိုက်ဖျက်ရေးမှ ဝင်ရောက်စစ်ဆေး

ဇွန်လ ၁၅ ရက်၊ ညနေလေးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ
တစ်ခုကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့နှင့် ဒေသခံနယ်မြေထိန်းတို့က ဝင်ရောက်
စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

တိုက်ခန်း လေးလွှာတွင်ရှိသည့် အဆိုပါ LTPC ကုမ္ပဏီ၏ ရုံးခန်းအတွင်း ဝန်ထမ်းအမျိုးသမီးသုံးဦးနှင့် စင်ကာပူနိုင်ငံသို့
အိမ်အကူစေလွှတ်ရန် သင်တန်းလေ့ကျင့်ပေးနေသည့် အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ်
တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် ၃ဦးပါ ပါဝင်ကြောင်း သိရှိရသည်။

၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့ကြောင်းယင်းကလေးငယ်နှစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

ယင်းအနက် ကလေးငယ်တစ်ဦးသည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်ရန် ပက်စ်ပို့ ရရှိထားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

“သမီးတို့နှစ်ယောက်က ဒီနှစ်ဆယ်တန်းကျလို့ စင်္ကာပူမှာ အလုပ်သွားလုပ်ဖို့ ဒီကိုရောက်လာတာပါ၊ သင်တန်းကြေးနဲ့ ကျန်တာတွေအတွက် ပိုက်ဆံမပေးရပါဘူး၊ ဟိုကိုရောက်တော့မှ လုပ်ခလစာထဲက ခြောက်လစာဖြတ်မယ်လို့ ကုမ္ပဏီကပြောပါတယ်”ဟုရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လယ်စောင်းကျေးရွာမှ ရောက်ရှိနေသည့် ၁၆နှစ်အရွယ် အမျိုးသမီးငယ်မှ ပြောပြခဲ့သည်။

၎င်းတို့အပါအဝင် ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသမှ ၉ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦး၊ စုစုပေါင်း အမျိုးသမီးငယ်၁၃ဦးသည် ကုမ္ပဏီတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက် စစ်ဆေးခဲ့သည့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝေလွင် က
“ကလေးနှစ်ယောက်ကိုတော့ အုပ်ထိန်းသူတွေဆီ ပြန်အပ်ပေးပါ့မယ်၊ လက်တလော ဘာပုဒ်မနဲ့ အရေးယူမယ်ဆိုတဲ့ အနေအထားမရှိသေးပါဘူး၊ ဧရာဝတီတိုင်းနဲ့ ညောင်ရွှေဘက်က ရရှိတဲ့ အချက်အလက်တွေ၊ နောက်ပြီး လဝက ရုံးက အချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးသွားရဦးမှာပါ”ဟု ပြောသည်။

ကုမ္ပဏီရှိ ဝန်ထမ်းအမျိုးသမီးသုံးဦး၏ ပြောပြချက်အရ ၎င်းတို့သည် ကလေးများ၏ သင်တန်းဆရာမများသာ ဖြစ်ကြောင်း၊ မန်နေဂျင်းဒါရိုက်တာမှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးသာ ရန်ကုန်မြို့တွင်ရှိကြောင်း သိရသည်။

အဆိုပါ အမှုဆောင်ဒါရိုက်တာ ဆိုသူသည် ဝန်ထမ်းများနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သော်လည်း စစ်ဆေးမှုပြီးဆုံးသည့် ညဆယ်နာရီချိန်အထိ ကုမ္ပဏီသို့ ရောက်ရှိလာခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကုမ္ပဏီသည် တရားဝင်လိုင်စင်ရကုမ္ပဏီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှု ဥပဒေနှင့် မညှိစွန်းကြောင်း၊ အကယ်၍ ညှိစွန်းခဲ့ပါကလည်းလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ တရားလိုပြုလုပ်ကာ တိုင်ကြားလာမည်ဖြစ်ကြောင်း ဒုရဲအုပ် လင်းထွဋ် ကပြန်လည်ဖြေကြားခဲ့သည်။

1 အကြံပြုခြင်း:

Anonymous said...

Soe paing from haw nan company also kept deposit from trainees and save at Asia Green Bank is legal?