Tuesday, June 10, 2014

မျောက်ပြဆန်တောင်း



The Ladies News Journal
 Yesterday

ဆောင်းပါးရှင် - စိုပြေ

NGO တွေအတွက် သုတေသနအမြဲ လုပ်နေသည့် စိုပြေ့ဆရာတစ်ယောက်က ပြော ဖူးသည်။ ၈၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း ကိစ္စဖြစ်သည်။NGO တွေအလှူငွေရတာ ၁၀၀ ရာခိုင်နှုန်းရှိလျှင် ပြည်သူတွေဆီရောက် တာ ၂၀ ရာခိုင်နှုန်းပဲရှိသည်တဲ့။ ကျန်သည့် ၈၀ ရာခိုင်နှုန်းကNGOကလူတွေ အသုံးစရိတ် နှင့်ကုန်သည်ဟု ဆရာကဆိုသည်။ အစကတော့ စိုပြေလည်း ဆရာ့စကားကိုမယုံ။ ဟုတ်နိုင် ပါ့မလားဟု တွေးမိသည်။NGOဆိုတာ အစိုးရက ပြည်သူတွေအတွက် မလုပ်နိုင်သည့် ကိစ္စများကို လိုက်လံဆောင်ရွက်ပေးရသော အဖွဲ့အစည်းမဟုတ်လား။ ပြီးတော့ ပရဟိတ သမားတွေလုပ်ကြတာ။ ဒါကြောင့် NGO တွေ က လူတွေဟာ အနစ်နာခံပြီး ပြည်သူတွေ အတွက် လုပ်ပေးနေတာလို့ စိုပြေထင်တာပေါ့ လေ။

အခုတော့ စိုပြေယုံသွားပြီ။ ဟိုတစ်နေ့က သတင်းတစ်ပုဒ်တက်လာသည်။ ယူနီဆက် အဖွဲ့၏ အိမ်ခန်းငှားခက တစ်လကို ဒေါ်လာ ၈၇၀၀၀ ဆိုပဲ။ ဒေါ်လာ ၈၇၀၀၀ ဆိုတော့ မြန်မာငွေနှင့် ပြန်တွက်လိုက်လျှင် ကျပ်သိန်း ပေါင်း ၈၃၀ ကျော်နေပြီ။ ဒါတောင် တစ်လ စာပဲရှိပါသေးသတဲ့။ တစ်နှစ်စာဆိုလျှင် သိန်း ပေါင်း တစ်သောင်းကျော်သွားပြီ။ အဲ့လိုမျိုး ၇ နှစ်စာချုပ် ချုပ်ထားတာဆိုပဲ။ ဒါဆို ကျပ် သိန်းပေါင်း ခုနစ်သောင်းကျော်။ နည်းနည်း နောနော ငွေမဟုတ်။ နောက်ပြီး ငှားသည့်အိမ် ကလည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးအိမ်ဆိုပဲ။ ဗိုလ်ချုပ်ဟောင်းဆိုတော့ အမေရိကန်၏တစ် ဦးချင်းဗီဇာပိတ်ဆို့မှုတို့ စီးပွားရေးပိတ်ဆို့မှု တို့ခံထားရသည့် အိမ်ဖြစ်မပေါ့လေ။ ဒီဗိုလ်ချုပ် က အိမ်ငှားခတောင် ဒီလောက်ဈေးရတဲ့အိမ် ကို ဘယ်လိုပိုင်ဆိုင်ခဲ့လဲဆိုတာကတော့ သူ့ အကြောင်းနှင့်သူပေါ့လေ။ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာတာလည်း ဖြစ်နိုင်သည်။ တစ်နည်း နည်းနဲ့ ချမ်းသာတာလည်းဖြစ်နိုင်သည်။ ဒါ ကတော့ သူ့အလုပ်။ ယူအန်အဖွဲ့အစည်းဖြစ် သည့် ယူနီဆက်အနေဖြင့် ဒီထက်ဈေးပေါသည့် နေရာမှာငှားပြီး ပိုသည့်ငွေကို ကလေးသူငယ် များအတွက် ပိုပြီးလုပ်လို့ရမှာပဲဟုလည်း စိုပြေ ဉာဏ်သေးသေးလေးနှင့် တွေးမိသည်။

သူတို့ငှားသည့်နေရာက တကယ့်ဈေးကြီး သည့် ၀င်ဒါမီယာထဲက အိမ်။ အဲဒီ့နေရာမှာ မဟုတ်ဘဲ အခြားနေရာမှာငှားလျှင် ဒီလောက် ဈေးကြီးမည်မဟုတ်။ သူတို့ကတော့ သွားရေး လာရေးလွယ်ကူသည့်နေရာကို ငှားသည်ဟု အကြောင်းပြနိုင်သည်။ တကယ်တော့ ယူအန် က ၀န်ထမ်းတွေအတွက် အိမ်တိုင်ယာရောက် ကားတွေစီစဉ်ပေးထားတာပဲ မဟုတ်လား။ ဒါဆို ဘယ်လောက်ဝေးဝေး လာလို့ရသည်ပဲ။

စိုပြေတို့နေသည့် သန်လျင်ကအိမ်ဆိုလျှင် အိမ်ငှားခ ကျပ်ငါးသောင်းပဲပေးရသည်။ ယူ နီဆက်ရုံးခန်းလုပ်ထားသည့် အိမ်ကြီးအိမ် ကောင်းမျိုးဆိုလျှင် အလွန်ဆုံးပေးရ ကျပ် ငါးသိန်းလောက်သာရှိမည်။ အပိုင်ဝယ်လျှင် တောင် သိန်းငါးထောင်မကျော်နိုင်။ အခု သူ တို့ငှားထားသည့် သိန်း ၈၃၀ ကျော်နှင့်ဆို လျှင် အစွန်းထွက်ပင်ကုန်လိမ့်မည်မဟုတ်။ ကိုယ်ပိုင်ကားလေးစီး၊ ဖယ်ရီကားလေးစီးပြီး အေးဆေးလာလို့ရသည်။ အခုတော့ ပိုက်ဆံ အလကား သက်သက်ဖြုန်းတီးသည်ဟု စိုပြေ မြင်မိသည်။ မှားချင်လည်း မှားလိမ့်မည်။ ယူ အန်အဖွဲ့အစည်း ၀င်ဒါမီယာထဲပဲ ငှားရမည် ဟု အစိုးရက အမိန့်မထုတ်ထားတာတော့ သေချာသည်။

နောက်နေ့ကျတော့ သတင်းတစ်ပုဒ်ထပ် တက်လာပြန်သည်။ ယူနီဆက်အဖွဲ့အစည်း တစ်ခုတည်းမဟုတ်။ WHO ကလည်း ဒေါ် လာ ၈၃၀၀၀ နှင့် အိမ်ငှားသည်တဲ့။

သူများတွေတော့ မသိ။ စိုပြေကတော့ ထိုငွေတွေကို နှမြောမိသည်။ ထိုငွေတွေနှင့် မြန်မာပြည်သူများ အကျိုးအတွက် အများ ကြီးလုပ်ပေးလို့ရနိုင်သည်ဟု မြင်မိသည်။ မြန် မာပြည်က ကလေးတွေအတွက် လိုအပ်တာ တွေအများကြီးရှိသည်။ ကျန်းမာရေး၊ ပညာ ရေး၊ စားဝတ်နေရေး အစုံ အစိုးရက ဘာမှ သေချာမလုပ်ပေးနိုင်သေး။ အစိုးရမလုပ်ပေး နိုင်တော့ အန်ဂျီအိုတွေကများ လုပ်ပေးမလား လို့ သူတို့အိမ်ငှားခနှင့်တင် ဘက်ဂျက်ကုန်သွား နိုင်သည်။

ကြုံတုန်းပြောရလျှင် ယူအန်တွေ၊ အန် ဂျီအိုတွေမှာ လုပ်နေသည့် နိုင်ငံခြားသားတွေက လခတွေကို နင့်နေအောင်ယူထားကြသည်။ နိုင်ငံခြားသား အန်ဂျီအိုဝန်ထမ်းတစ်ယောက် အတွက် လခက ဒေါ်လာတစ်သောင်းအထက် မှာရှိသည်ဟု စိုပြေ့ဆရာကပြောဖူးသည်။ မြန် မာဝန်ထမ်းကျတော့ရော ဒေါ်လာတစ်ထောင် အောက်တွေချည်းပဲဖြစ်သည်။ အန်ဂျီအိုဝန် ထမ်းတော်တော်များများဆိုလျှင် စိုပြေတို့ သ တင်းစာဆရာတွေထက်ပင် လစာနည်းသေး သည်။

တကယ်တမ်းလုပ်ရတော့ မြန်မာဝန်ထမ်း တွေပဲဖြစ်သည်။ နိုင်ငံခြားသားတွေကတော့ ဟိုပွဲလေးတက်လိုက်၊ ပရောဂျက်လေးရေး လိုက်နှင့် အေးဆေးပင်။ တစ်ခါက အင်္ဂလန် အခြေစိုက် အန်ဂျီအိုကြီးတစ်ခု မြန်မာပြည် တွင် ရုံးစိုက်သည်။ အင်္ဂလန်ရုံးမှာ အလုပ် လုပ်နေသည့် မြန်မာတစ်ယောက်က မြန်မာ ပြည်ရှိ အဆိုပါအန်ဂျီအိုကြီးဆီသို့ ပြောင်း ရွှေ့ရသည်။ လခကတော့ အင်္ဂလန်မှာပေးထား သည့်လခ ဒေါ်လာတစ်သောင်းလောက်ဖြစ် သည်။ မကြာခင်မှာပဲ အဆိုပါမြန်မာလည်း လခ ဒေါ်လာတစ်သောင်းအောက်ဖြစ်သွား သည်။ ဘာကြောင့်လဲဆိုတော့ မြန်မာဖြစ်နေ လို့တဲ့။ သူလိုကိုယ်လို ဘာမှမတတ်သည့် နိုင်ငံခြားသားများလည်း အန်ဂျီအိုတွင်လုပ် လျှင် လခကောင်းသည်။ သူတို့ထက်တော် သည့် ထက်သည့် မြန်မာတွေကတော့ သူတို့ လခထက် အဆငါးဆယ်လောက်နည်းသည့် လခလေးဖြင့် လုပ်နေရရှာသည်။

အန်ဂျီအိုမှာ အလုပ်လုပ်သည့် မြန်မာတွေ များ နိုင်ငံခြားမှာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာပြည်ပြန်လာလုပ်တော့ လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာ ဆိုတာနှင့် ခံပေတော့။ နိုင်ငံခြားမှာတော့ အန်ဂျီအိုဈေးကွက်ဆိုတာရှိသည်ဟု ကြားဖူး သည်။ သူတို့ဆီမှာတော့ အန်ဂျီအိုအလုပ် သည် စီးပွားရေးအလုပ်လိုဖြစ်သည်။ ယခု လည်း မြန်မာပြည်မှာ သူတို့လိုဖြစ်နေပါပြီ။ မြန်မာပြည်ကလည်း နည်းနည်းတော့ဆန်း သည်။ အန်ဂျီအိုမှာ အလုပ်ရဖို့တော်ဖို့လိုသည်။ လူတော်ဖို့မဟုတ်။ အမျိုးတော်ဖို့ဖြစ်သည်။ အန်ဂျီအိုမှာလုပ်နေသူတစ်ယောက်ယောက် နှင့် အမျိုးတော်ရမည်။ ဒါမှ အလုပ်ရမည်ဖြစ် သည်။ အစိုးရအလုပ်ထက်ပင် ခက်သေး သည်။

နောက်ပြီး အန်ဂျီအိုတွေကို မေးမြန်းဖို့ဆို လျှင် အစိုးရကိုမေးရသည်ထက်ပင် ခက်သေး သည်။ ယခုဆိုလျှင် အစိုးရကိုတောင် ဘာ မေးမေးရနေသည်။ အန်ဂျီအိုတွေကတော့ ဒီ လိုမဟုတ်။ အရာအားလုံး လျှို့ဝှက်ထားကြ သည်။ တစ်ခုခုမှားဖြေမိလျှင် အလုပ်ပြုတ်မှာ ကြောက်ပုံရသည်။ လခကောင်းတွေဆိုတော့ အလုပ်ပြုတ်မှာကြောက်ပေမပေါ့လေ။ ခရီး သွားလျှင် အကောင်းစားဟိုတယ်မှာ တည်း သည်။ အကောင်းစား အစားအစာ စားသည်။ အကောင်းစားယာဉ်စီးသည်။

နောက်ပြီး အန်ဂျီအိုဝန်ထမ်းဟောင်းတစ် ဦးရေးထားသည့်စာကို ဖတ်ဖူးသည်။ သူရေး ထားသည်က အန်ဂျီအိုတွေအနေနှင့် ပစ္စည်း ၀ယ်လျှင် ဈေးကြီးကြီးနှင့်ဝယ်ပြီး ဆိုင်က ကော်မရှင်ယူကြသည်တဲ့။ ကြားလို့မှမကောင်း။ ပြည်သူ့အတွက် လခကောင်းကောင်းနှင့် အ လုပ်လုပ်နေပြီး ပြည်သူတွေအတွက် ပစ္စည်း တွေအပေါ်မှာ ကော်မရှင်တွေ ပြန်ယူသည်။

အထက်ကရေးခဲ့သည့် တစ်လသိန်း ၈၃၀ တန် အိမ်ငှားခသည်လည်း ကော်မရှင်များ ယူထားသလား စဉ်းစားစရာဖြစ်သည်။ မြန်မာ့ အိမ်ခြံမြေဈေးကွက်ဈေးကြီးရသည့် အကြောင်း ရင်းတွင် အန်ဂျီအိုတွေလည်း တစ်ထောင့် တစ်နေရာကပါနိုင်သည်။

ဘာပဲဖြစ်ဖြစ်လေ။ စိုပြေနှင့်မဆိုင်ပါဘူး။ သူ့အလုပ်သူ လုပ်နေကြတာပဲ။ မြန်မာပြည် သူတွေက တစ်နေ့ နှစ်ထောင်နှင့်လောက် အောင်စားနေကြတာမဟုတ်လား။ ပြည်သူ တွေကို အကြောင်းပြပြီး သူတို့ အန်ဂျီအိုတွေ၊ ယူအန်တွေ ကောင်းကောင်းနေ၊ ကောင်း ကောင်းစားနိုင်ရင် ပြီးတာပါပဲလေ။ စိုပြေတို့ က ဘုရားသခင်နောက်ဆုံးမှ ဖန်တီးခဲ့တာဆို တော့ မျောက်တွေနှင့် သိပ်မခြားဘူးလို့ သူတို့ ထင်ရင်ထင်မှာပေါ့။

အတွဲ (၂) အမှတ်စဉ် ၁၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်

0 အကြံပြုခြင်း: