Tuesday, June 10, 2014

"ဦးဇင်းတို့ ခိုင်းလို့ အစိုးရကလုပ်တာပဲရှိတယ်"-----ဦးဇင်း ၀ီရသူ-----


ဦးအောင် ကြီး

သို့ ...
ဦးဇင်း ၀ီရသူ
မစိုးရိမ်တိုက်သစ် မန္တလေး

တပည့်တော် သတင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကိုဖြတ်ကနဲမြင်လိုက်ရလို့ မေတ္တာဖြင့် ခင်မင်စွာ စာရေးလိုက်ပါတယ်။

"ဦးဇင်းတို့ ခိုင်းလို့ အစိုးရကလုပ်တာပဲရှိတယ်" ... ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ခုပါ။

ဘယ်လိုအပိုင်းကို ခိုင်းလို့ ဘယ်လိုအပိုင်းကို လုပ်တယ်ဆိုတာ ဂျာနယ်ကို မဖတ်ရသေးလို့ အသေအချာမသိပေမယ့် ဟုတ်လောက်တယ်လို့ ထင်မြင်မိပါတယ်ဘုရား။ ဦးဇင်းခိုင်းရင် လုပ်လောက်တယ်။ အပေးအယူကလည်း ရွှေည၀ါ ဆရာတော်တို့ထက် ဦးဇင်းက အစိုးရနဲ့ Transaction များပုံရမယ်ထင်ပါတယ်။

တောင်သူလယ်သမားတွေကို ထမင်းတစ်နပ်ပဲစားပြီး ဥပုသ် စောင့်ခိုင်းတာဟာ ဦးဇင်းတို့ရဲ့ ဘာသာရေးအမျှော်အမြင်ရှိမှုတွေ ရောစွက်နေလောက်တယ်လို့ ထင်မြင်မိကြောင်းပါ။ ကျေးဇူးတင်ပါတယ်ဘုရား။ ဟဲ ဟဲ .. ခင်မင်စွာ ကျီစားတာပါဦးဇင်းရာ။ ကန်တော့ပါ ဦးဇင်း ၀ီရသူ ... ကန်တော့ပါ။

ခက်တာက ဦးဇင်းတို့ကလည်း ဘာတွေ ခိုင်းနေမှန်းမသိ။ အစိုးရကလည်း ဘာတွေလုပ်နေမှန်းမသိ။ လောလောဆယ်တော့ တပည့်တော်ကြားတာ ဒေါ်စုကြောင့်လည်းမဟုတ်ပါဘဲနဲ့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့လကပဲ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ဖို့ တစ်နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ပါပြီ။ ထားပါတော့ ဦးဇင်းရယ်။ အမှန်ဆိုရင် ကချင်နဲ့ သုံးနှစ်ကြာဖြစ်နေတဲ့ စစ်ပွဲအတွက် ဗုဒ္ဓရဲ့သားတော် ရဟန်းတော်တွေအနေနဲ့ ပြေရာပြေကြောင်းတွေ မိန့်ကြားသင့်တယ်။ ဗုဒ္ဓလက်ထက်တော်မှာကို သွေးချောင်းစီးမယ့်အဖြစ်ကို တားဆီးဖို့ အရိပ်ကျို့တို့ကျဲတဲ ပဲ ရှိတဲ့ ဇီးပင်အောက်မှာထိုင်တော်မူပြခဲ့တဲ့ ဗုဒ္ဓရဲ့ လုပ်ရပ်မျိုးကို အတုယူသင့်တယ်။

စစ်ဘေး ဒုက္ခသည်တွေ ဘယ်လောက်များများ၊ စစ်ကြောင့် လူတွေ ဘယ်လောက်ဒုက္ခရောက်ရောက် ဦးဇင်းတို့က သိပ်နေနိုင်တာပဲ။ ဒီလို စစ်ပွဲတွေက ဦးဇင်းတို့ခိုင်းလို့ အစိုးရကတိုက်နေရတာတော့ မဟုတ်လောက်ဘူးဆိုတာ တပည့်တော်တို့လည်း ခန့်မှန်းမိပါတယ်ဘုရား။ အော်ရီဒူး ကုမ္ပဏီ ကို လက်ခံပြီး လုပ်ကိုင်ခွင့်ပေးဖို့လည်း အစိုးရကို ဦးဇင်းတို့ မခိုင်းလောက်ဘူးလို့ ထင်ပါတယ်ဘုရား။ လယ်တီသိမ်ကို ဖျက်ဖို့ သံဃာတွေကို မီးလောင်ဗုံးကပ်ခဲ့တာမျိုးတွေလည်း ဦးဇင်းတို့ စနက်မပါဘူးလို့ တပည့်တော်ယုံကြည်ပါတယ်ဘုရား။

ကေတီဗွီ ၊ မာဆတ် ၊ ဖာခန်းတွေ ၊ ဘီယာဆိုင်တွေ ဘယ်လောက်ပေါပေါ ကုလားနဲ့မပတ်သက်ရင် အေးချမ်းတယ်ထင်နေတဲ့ ဦးဇင်းတို့ကို တပည့်တော်တို့မှာ ဘယ်လို လျှောက်ရမှန်းတောင် မသိတော့ပါဘူးဘုရာ့။ မြန်မာပြည်က အောက်ဆုံးအဆင့်မှာ ငတ်နေပါတယ်ဘုရား။ ငတ်နေတဲ့ကြားက စစ်ပွဲတွေလည်း ဖြစ်နေပါတယ်ဘုရား။ စစ်ပွဲတွေ ဖြစ်နေတဲ့ကြားက ပြည်ပကနေ အမျိုးမျိုး ဂုတ်သွေးစုပ်တာကိုလည်း ခံနေရပါတယ်ဘုရား။ ဒီလို သွေးစုပ်ခံနေရတဲ့ကြားက အမြတ်ထုတ်ပြီး ရသလောက် ချွတ်ရောင်းမယ့်လူတွေကလည်း အားကျိုးမာန်တက် ငွေပေါ်လျှော့ဈေးတွေ လုပ်နေကြပါတယ်ဘုရား ....။

ကလေးငယ် ၁၃၆ ယောက်ဝန်းကျင်လောက်ကို စာသင်ပေးနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကို မြန်မာတစ်ပြည်လုံးကို အလင်းဖွင့်ပေးတဲ့သူ။ အောင်မြင်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ပညာရေးစနစ်ကို မြှင့်တင်ပေးနေသူလို့ မထင်မြင်သင့်ပါဘူးဘုရား။ ဦးဇင်းမှာ ဘာစီးပွားရေးမှ လက်ဆုပ်လက်ကိုင်မရှိဘဲ ဒကာဒကာမတွေရဲ့ ပစ္စည်းလေးပါးအလှူနဲ့ ရပ်တည်နေရတာကို လည်း သတိချပ်သင့်လှပါတယ်ဘုရား။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက် တကယ်လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးစနစ်ဖြစ်ပေါ်လာဖို့က အရေးကြီးပါတယ်ဘုရား။ ပညာရေးစနစ် အသက်ဝင်ဖို့အတွက် ပညာရေးအသုံးစရိတ် လောက်ငှဖို့လိုအပ်ပါတယ်ဘုရား။ လောက်ငှအောင်ရတဲ့ အသုံးစရိတ်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့လည်း လိုအပ်မယ်ထင်ပါတယ်ဘုရား။ ဒီ့အပြင် လောက်ငှတဲ့ ပညာရေးအသုံးစရိတ်ရှိလာရင် ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ပြည့်ဝတဲ့ စာသင်သား လူငယ်တွေလည်း လိုအပ်ပါတယ်ဘုရား။ ဒါကြောင့် မွေးသောကလေးတိုင်းကျန်းမာဖို့ .. လူငယ်တိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ၊ အလွယ်တကူ ဈေးပေါပေါ ၀ယ်ယူနိုင်မယ့် အာဟာရ အရင်းအမြစ်တွေ လိုအပ်ပါတယ်ဘုရား။ အဲဒီလို လွယ်ကူသက်သာတဲ့ အရင်းအမြစ်တွေ ရနိုင်ဖို့အတွက် သယံဇာတတွေချည်းထုတ်ရောင်းနေလို့ မဖြစ်ပါဘူးဘုရား။ တပည့်တော်တို့နိုင်ငံမှာ ထုတ်ကုန်တွေ တိုးတက်အောင်လုပ်ပြီးတော့လည်း နိုင်ငံခြားဝင်ငွေတိုးဖို့ ကြိုးစားရမှာဖြစ်ပါတယ်ဘုရား။ ထုတ်ကုန်ဆိုတာကလည်း ပြည်ပက ကားတွေကို စက်မှုဇုန်မှာ ဘော်ဒီပြန်ထုပြီး ပြည်တွင်းထုတ်လိုလို ဗြောင်လိမ်တဲ့ထုတ်ကုန်မျိုးတွေ မဟုတ်ပါဘူးဘုရား။ အခုတော့ သူတို့အများစုက သယံဇာတတွေ ရောင်းစားထားတာ အတော့်ကို လက်လွန်နေတာ အရှင်ဘုရားတို့အလွယ်တကူ တွေ့နိုင်လိမ့်မယ် ထင်ပါတယ်ဘုရား။

စီးပွားရေးအဆင်မပြေပဲ ပညာတတ်တွေ မွေးထုတ်လို့မရနိုင်သလို သူများလောက်မကျန်းမာပဲ သူများနဲ့တန်းတူ စီးပွားရှာနိုင်ဖို့လည်း မလွယ်ကူပါဘူးဘုရား။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ထိပ်ဆုံးအဆင့်မပြောနဲ့ အလယ်အဆင့်ကိုတောင် အဝေးကြီးမော့ကြည့်နေရတဲ့ အောက်ဆုံးအဆင့်ပါဘုရား။
ဦးဇင်းတို့ခိုင်းသင့်တာက မင်းကျင့်တရား ၁၀ ပါးနဲ့ မညီသမျှကို ညီမျှအောင် ဆုံးမ ခိုင်းစေဖို့ ပိုမိုလိုအပ်ကြောင်းပါဘုရား။ ဓမ္မနဲ့ယှဉ်သော ပြောဆို သတိပေးမှုမျိုးဖြစ်ပါတယ်ဘုရား။

အမုန်းတရားဟာ မည်မျှ ပူပြင်း လောင်မြိုက်စေတတ်သလဲဆိုတာ မေတ္တာ နဲ့ ကိုယ်ချင်းစာတရားကို အထူးရင်ဝယ်ပိုက်ပြီး လောကကို ပျံ့နှံ့စေအောင် တာဝန်ထမ်းဆောင်ရမယ့် ဘုရားသားတော် ဦးဇင်းတို့က ပိုပြီး သိမှာပါဘုရား ...။

အောက်ဆုံးအဆင့်ရောက်နေတဲ့ မြန်မာပြည်ဟာ အမုန်းတရားကြောင့် ထူးပြီး တိုးတက်သွားလိမ့်မယ်လို့ တပည့်တော် မယုံကြည်ပါဘူးဘုရား ...။ ဦးဇင်းလည်း ယုံကြည်လိမ့်မယ် မထင်ပါဘူးဘုရား။

ဗုဒ္ဓရဲ့ တရားတော်တွေဟာ သက်ရှိတိုင်းအတွက်ပါဘုရား ...။ ဗုဒ္ဓဘာသာဝင် ဟုတ်သည်ဖြစ်စေ .. မဟုတ်သည်ဖြစ်စေ ... ဗုဒ္ဓရဲ့ မေတ္တာဓါတ်ကို သက်ရောက်စေသင့်ပါတယ်ဘုရား ... ။ ဒါမှလည်း ဗုဒ္ဓအလိုကျဖြစ်စေလိမ့်မယ်လို့ တပည့်တော် ယုံကြည်ပါတယ်ဘုရား။

တကမ္ဘာလုံးကို မေတ္တာဖြင့် ငြိမ်းအေးအောင် စွမ်းဆောင်တော်မူပါဘုရား။
ဦးဇင်းတို့ ခိုင်းတာကို အစိုးရက လိုက်လုပ်နေရတာ သေချာရင် ...
လက်ရှိမြန်မာပြည်မှာရှိနေတဲ့ ဒုက္ခ အပေါင်းအတွက်လည်း မယောင်ရာတွေ ဆီမလူးဖို့ အဲဒီ အစိုးရကို ခိုင်းပေးပါဘုရား ...။ ဓမ္မနဲ့ယှဉ်တဲ့ ဆိုဆုံးမမှုတွေနဲ့ အကြီးအကဲကို ဆုံးမတယ်ဆိုတာ ရဟန်းသံဃာတို့ လုပ်ကောင်းတဲ့ အလုပ်လို့ တပည့်တော်ယူဆမိကြောင်းပါဘုရား။

အရှင်ဘုရားအားလည်း သတ္တ၀ါအပေါင်း အေးချမ်းသာယာစေဖို့ အကြောင်းပြု၍ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လက်မှတ်ထိုးနိုင်ပါစေကြောင်း ဆန္ဒပြု ဆုတောင်းအပ်ပါတယ်ဘုရား။

နောက်ဆုံးပိတ်အနေနဲ့ တပည့်တော် ရိုသေစွာ လျှောက်ထားလိုတာကတော့ ဦးဇင်းတို့က အစိုးရကို ခိုင်းလို့ရရင် ယောင်တဲ့နေရာကို ဆီလူးခိုင်းပေးပါလို့။

ရိုသေလေးစားစွာဖြင့်
ဒကာတော်
အောင်ကြီး
__________________________________________
(မှတ်ချက်။ ။ မိုးသု(မန္တလေး) က ရဟန်းသံဃာတော်တို့ကို ယဉ်ကျေးစွာ ဝေဖန်လျှင် အပြစ်မဖြစ်ကြောင်းရှင်းပြ ရေးသားတာကို ဖတ်မိ၍ နောက်နောင်တွေ ယဉ်ကျေးစွာပဲ ဝေဖန်ပါတော့မည်ဘုရား။ လက်သီးချင်းထိုးဖို့ စိန်မခေါ်တော့ပါဘူးဘုရား။ ဒါကိုမှ ဆရာတော် လူထွက်ပြီးတဲ့အခါ တပည့်တော်နဲ့ ထိုးချင်ပါတယ်ဆိုရင်တော့ တပည့်တော်အနေနဲ့ ဆရာတော်ဘုရားမျက်နှာကိုထောက်ထားပြီး စဉ်းစားပေးပါ့မယ်ဘုရား)

0 အကြံပြုခြင်း: