Monday, June 9, 2014

အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ




ရန်ကုန်ဆေးရုံးကြီးက စာဖတ်သူတစ်ဦးဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

၂၀၀၇ ခုနှစ်စက်တင်ဘာလ၂၇ရက် မြန်မာ့ဒီမိုကရေစီသမိုင်းမှာဘယ်လိုမှမမေ့နိုင်တဲ့ ရွှေဝါရောင်အရေးအခင်းရဲ့ အလယ်မှာ ကျွန်တော် ဟာ မလွှဲမရှောင်သာရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျနေခဲ့ပါတယ်။ ၂၆ ရက်နေ့မှာသေနတ်ဒဏ်ရာနဲ့ dead body တစ်ယောက်ရောက်ပါတယ်။

၂ရ ရက်နေ့မှာတော့ ဂျပန်သတင်းထောက်အပါအဝင် တော် တော်များများရောက်ပါတယ်။ မမေ့နိုင်သောမြင်ကွင်းတစ်ခုလို့ ငယ်ငယ်တုန်းကလို စာစီစာကုန်းရေးခိုင်းရင် အဲဒီနေ့ညက ဟိုင်းလက်ကား အစုတ်တစီးပေါ်မှာ dead body တွေစုပုံတင်ပြီး လုံထိန်းတွေပေါ်က လူမမြင်အောင်ကွယ်ထိုင်ပြီး ဆေးရုံထဲဝင်လာတဲ့မြင်ကွင်းကို ရေးရပါ လိမ့်မယ်။ မြင်သာအောင်ပြောရရင် သူ့ကျွန်မခံပြီရုပ်ရှင်ကားထဲမှာ မင်းညီမင်းသားတွေကိုသုတ်သင်ပြီး နွားလှည်းနဲ့သယ်လာတဲ့ မြင်ကွင်းအတိုင်းပါပဲ။ ဒဏ်ရာရတဲ့လူနာတွေထဲမှာတော့ NLD က ကိုမြသန်းထိုက်အပါအဝင် လမ်းဘေးဈေးဝယ်နေတဲ့သူလဲပါတယ်။ ကိုယ့်အိမ်ထဲကိုယ်ထိုင်နေတဲ့သူလည်းပါတယ်။ တကယ့်ကို ရမ်းသမ်းပစ်တာပါ။ အဲဒီအထဲမှာ မှတ်မှတ်ရရကတော့ ရှင်ဝဏိတဆိုတဲ့ ကိုယ်တော်လေးပါ။ ဘယ်ဘက် လက်မောင်းမှာ သေနတ်ဒဏ်ရာနဲ့ ရောက်လာတာပါ။

ကျွန်တော်တို့ခွဲစိတ်ပြီးတဲ့အချိန်မှာ ညသန်းကောင်တောင်ရောက်နေပါပြီ။ ကြုံလို့ပြော ရရင် အရေးအခင်းစကတည်းကကျွန်တော်တို့ဆေးရုံဝန်းထမ်းတော်တော်များများဟာ ဆေးရုံမှာအိပ်၊ဆေးရုံမှာစားလို့ သုံးလေးရက်နေ့ရော ညပါ ခွဲခန်းဝင်ခဲ့ကြရတာပါ။ ဟုတ်ကဲ့ ဗိုက်မှာ သေနတ်ဒဏ်ရာမရှိလို့ မယုံရင်လည်း မတတ်နိုင်ပါဘူး။

တိုင်းပြည်အတွက် ကျရာတာဝန်က သုံးလေးရက် နေ့ရောညပါ မနားပဲ တာဝန်ထမ်းခဲ့ဖူးပါတယ်။ ဒီလို့နဲ့တာဝန်ကျနေတဲ့အဆောင်က ဆရာမလေးက ညသန်းကောင်လောက်မှာ အရေးပေါ်မှာရှိနေတဲ့ ကျွန်တော်တို့ကိုဖုန်းလှမ်းဆက်ပါ တယ်။ ရှင်ဝဏိတကို ထောက်လှမ်းရေးက သင်္ကန်းလာချွတ်တယ်ဆိုတဲ့သတင်းပါ။ ကျွန်တော်တို့သူငယ်ချင်းတစုလုံးလည်း တော်တော်ဒေါသထွက်သွားပါတယ်။ နဂိုမှ အလုပ်သာ လုပ်နေရတယ်။ ဒေါသကထွက်တာရော စိတ်မကောင်းတာရော ပေါင်းပြီး အားလုံးက ပေါက်ကွဲချင်နေကြတာပါ။

ကျွန်တော်တို့သူငယ်ချင်းတသိုက် အဆောင်ထဲလိုက်သွားတော့ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးသုံးလေးရောက် အခန်းဝမှာရပ်နေပါတယ်။ အဲဒီမှာ ဒေါသမထိမ်းနိုင်တဲ့သူငယ်ချင်းတယောက်က ဘာမပြော ညာမပြောနဲ့ ထောက်လှမ်းရေးတယေက်မျက်နှာ သွားစေ့စေ့ကြည့်ပြီး ဟေ့ကောင် မင်းဘာသာကိုးကွယ်လဲဆိုပြီး စချဲပါတော့တယ်။ သူတို့မျက်နှာကြည့်ရတာလည်း အကြောက်တရားကြောင့်သာ ခိုင်းတာလုပ်နေရတယ်။ သိပ်တော့ပျော်ဟန်မရှိပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာကိုးကွယ်ပါတယ်ဆိုတဲ့အဖြေဟာ ကျွန်တော်တို့ကိုကြောက်လို့မဟုတ်ပေမယ့် တုန်နေပါတယ်။ အဲဒီမှာအသက်ကြီးတဲ့ ဆရာတယောက် က ဝင်ထိန်းလိုက်ပြီး လောလောဆယ် သင်္ကန်းမချွတ်ဖို့နဲ့ ဆေးရုံအုပ်ကြီးနဲ့ဆွေးနွေးပြီးတဲ့အချိန်အထိစောင့်ဖို့ အရာရှိတယောက်နဲ့ သဘော တူပြီး ကျွန်တော်တို့အုပ်စု ဆေးရုံအုပ်ကြီးရုံးခန်းကို ချီတက်ကြပါတယ်။

အဲဒီရက်က ဆေးရုံအုပ်ကြီးတင်မဟုတ်ပါဘူး ဝန်ကြီးပါဆေးရုံမှာ နှစ်ဆယ့်လေးနာရီ ရုံးထိုင်ပါတယ်။ ထုံးစံအတိုင်းဆေးရုံအုပ်ကြီးက ရွှေပြည်အေးတရားဟောပြီး ကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်ဖို့ သူတို့အလုပ်သူတို့လုပ်တာသာ ဖြစ်ကြောင်း တရားချပါတယ်။ ကြုံလို့ပြောရရင် သံဃာကိုသင်္ကန်းချွတ်တာ မသိချင်ယောင်ဆောင်နေလိုက်ပါဆိုတဲ့ဆေးရုံအုပ်ကြီးက ဗုဒ္ဓဘာသာမြန်မာမစစ်စစ်ကြီးဖြစ်ပြီး မကျေနပ်လို့သွားပြောတဲ့ကျွန်တော်တို့အဖွဲ့ထဲမှာ အခုခင်ဗျားတို့သိပ်မုန်းပါတယ်ဆိုတဲ့ ဘာသာခြားတစ် ယောက်တောင်ပါသေး။ ဒါပေမယ့် ကျွန်တော်တို့လက်မလျော့ပါဘူး။

အဲဒီအဆောင်မှာ တာဝန်ကျတဲ့ဆရာမကို အဲဒီကောင်တွေ သင်္ကန်းချွတ်တာနဲ့ ငါတို့အကြောင်း ကြားလို့မှာထားပြီး လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေပါတယ်။ ဒါပေမယ့်သိတယ်မလား ကလိန်ကကျစ်တွေလေ မနက်အစောကြီး လေးနာရီလောက် ဆရာမတမှေးအိပ်တုန်း ဆေးရုံကနေ ခိုးပြီး ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားပြီး ဘာတွေဆက်ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိလိုက်ရတော့ပါဘူး။ တကယ်ဆို အဲဒီ ကိုယ်တော်လေးဟာလက်မောင်းမှာ သေနတ်ဒဏ်ရာနဲ့ အခုမှခွဲစိတ်ခန်းက ပူပူနွေးနွေးထွက်လာတာပါ။ လေးစာဖို့ကောင်းတာတခုက အဲဒီကိုယ်တော်လေးရဲ့မျက်နှာမှာ ကြောက်ရွံစိုးရမ်စိတ် တစက်မှမတွေ့ရတာပါပဲ။

ကျွန်တော်ဒါတွေဘာကြောင့်ပြန်ရေးနေတာလဲဆိုတော့ ဘုန်းကြီးကိုသေနတ်နဲ့ပစ်တာ အခုပုဆိုးဝတ်ထားတဲ့စစ်အစိုးရပါ။ ဘုန်းကြီးကို သင်္ကန်းဆွဲချွတ်တာ အခုပုဆိုးဝတ်ထားတဲ့စစ်အစိုးရပါ။ ဘုန်းကြီးကိုလိုအပ်တဲ့ ကျန်းမာရေစောင့်ရှောက်မှူမပေးပဲ ဆေးရုံကနေ ခိုးသွားတာ အခု ပုဆိုးဝတ်ထားတဲ့စစ်အစိုးရပါ။ အတိုက်အခံအဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေဟာ ၂၀၀၇ မှာပါ။ ဘယ်လောက်မှ မကြာသေးပါဘူး။ အခုပုဆိုးဝတ်ထားတဲ့စစ်အစိုးရဟာ သူတို့အာဏာတည်မြဲဖို့ဆိုရင် သံဃာကိုလည်းသတ်ရဲတယ်။ သာသနာကိုလည်းဖျက်ရဲတယ်ဆိုတာ သက်သေတွေ အပြည့်ပါ။

အဲဒါကို အတိုက်အခံနဲ့သံဃာကိုလှည့်တိုက်နေတာကို လိုက်ယုံနေကြမယ်ဆိုရင် ရူးချင်ယောင်ဆောင်တာ ဖြစ်ချင်ဖြစ် ဒါမှမဟုတ် တကယ်ရူးနေကြလို့ပဲဖြစ်လိမ့်မယ်။

0 အကြံပြုခြင်း: