Monday, June 16, 2014

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးက ရှင်းလင်းပြောဆိုရန်မရှိဟုဆို



 Mon, 2014-06-16 13:56

ဦးအံ့မောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရှင်းလင်းခဲ့သော ဦးအံ့မောင်သည် သမ္မတအကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူက ငြင်းဆိုထားခြင်းအပေါ် အထူးရှင်းလင်းရန်မရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

  ‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်ကတော့ အထူးတလည်ပြန်ရှင်းလင်းဖို့မရှိပါဘူး။  သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာထူးက သာသနာရေးဝန်ကြီးဌာနက ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 မကြာမီရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မဟာသန္တိသုခကျောင်းတိုက် ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အဖြစ် ရှင်းလင်းခဲ့သောဦးအံ့မောင်မှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်းနှင့် ၎င်း၏  ရှင်းလင်းပြောဆိုချက်များသည်  သမ္မတအား ကိုယ်စားမပြုကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ငြင်းဆို ပြောကြားထားသည်။

 ဇွန်လ ၁၁ ရက်တွင် ပြု လုပ်ခဲ့သော အထက်ပါသတင်းစာရှင်းလင်းပွဲ၌  သတင်းထောက်တစ်ဦးက သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ်  ဦးအံ့မောင်က‘‘သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ တရားရုံးကို သွားလို့ရ တယ်’’ဟု ဒေါသတကြီးပြန်လည် ပြောဆိုမှုအပေါ်  ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတရုံးတာဝန် ရှိပုဂ္ဂိုလ်ထံမှ အထက်ပါအတိုင်း ဖြေရှင်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးအံ့မောင်၏ အမည်နှင့် ရာထူးကို ဖော်ပြသော ကတ်ပြား၌ နိုင်ငံတော်သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဟု ဖော်ပြပြီး မီဒီယာအားလုံးကလည်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဟူ၍ ရေးသားဖော်ပြခဲ့ကြသည်။

ထို့အပြင်သာသနာရေးဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)ရုံးဝင်းအတွင်းရှိ ၎င်း၏ရုံးခန်းတွင်လည်း နိုင်ငံတော်သမ္မတရုံး   အကြံပေးပုဂ္ဂိုလ်ဟု  ချိတ်ဆွဲရေးသားထားသည်။ ဦးအံ့မောင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
http://www.7daydaily.com/story/13347#.U57QaCg1D9s

0 အကြံပြုခြင်း: