Wednesday, June 4, 2014

မိကွန်ထောလေးများ ဖတ်ဖို့



သရုပ်ဖော် ကာတွန်း - ဝေယံ (တောင်ကြီး)

ငြိမ်းချမ်းအေး


ဆုံးသွားရှာပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင် ရဲ့ သမီး မိကွန်ထော ဓာတ်ပုံ ကို မီဒီယာ တခုမှာ တွေ့လိုက်ရတော့ ကိုငှက် သမီးလေးတောင် အရွယ်ရောက်ပါပေါ့လို့ သတိထားမိတယ်။  တပါတည်း သူ့ အဖေ၊ သူငယ်ငယ် လူမမည်အရွယ်မှာ ကတည်းက "သမီးကို သိုင်းသင်ပေးချင်တယ်၊ သမီးအရွယ်ရောက်လို့ သူကိုယ်တိုင် သဘောတူလို့ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး၊ ဒါပေမယ့် သူမနှစ်သက်၊ အလိုမတူဘဲ ယောက်ျားတဦးဦးက အင်အားသုံးပြီး အနိုင်ကျင့်ခံရမှာကိုတော့ စိုးရိမ်တယ်" လို့ ပြောဖူးခဲ့တယ် ဆိုတဲ့ စကားကိုပါ ပြန်လည် ကြားယောင်မိတယ်။  တဆက်တည်း သိုင်းပညာရပ်ရဲ့ လူငယ်တွေအပေါ် အကျိုးသက်ရောက်နိုင်မှု ကျေးဇူးကို ဆက်လက် တွေးမိလာတယ်။

သိုင်းပညာဟာ အပေါစား ရုပ်ရှင်တွေရဲ့ ဖျက်ဆီးခြင်းခံရတဲ့ အတွက် လူအများရဲ့ စိတ်ထဲမှာ အနှစ်မပါ၊ အကြမ်းဖက်မှုသက်သက် သဘော ပုံဖော်ခြင်း ခံနေရတယ်။  တကယ်တော့ သိုင်းပညာ (Martial Arts) ဆိုတာမှာ လူတယောက်နဲ့ တယောက် ကန်ကျောက်ထိုးကြိတ်၊ သတ်ပုတ်ခြင်းဟာ အပေါ်ယံ သဘောသာဖြစ်ပြီး တကယ့် အတွင်းသဘောက တွေးခေါ်မြော်မြင်နိုင်တဲ့ ဒဿနိက တခုခု၊ ဆင်ခြင်မှု တခုခုကို အခြေပြုကာ ကိုယ်ခန္ဓာ လှုပ်ရှားမှု နဲ့ စိတ် ဝိညဉ် အသိကပ်မှု တို့ကို အချိုးကျပေါင်းစပ်ထားတဲ့ အနုပညာတရပ် ဖြစ်တယ်။

ကမ္ဘာ့လူမျိုးအသီးသီးရဲ့ သိုင်းပညာတိုင်းမှာ မိမိ အင်အားကို ရှာဖွေ၊ စုစည်းပြီး မိမိကိုယ်ကိုအောင်နိုင်ခြင်းကသာ အဓိက ပါ။  ပရမတ္တသစ္စာ (Absolute Truth) ကို မိမိ အတွင်းစိတ်မှာ ခွဲခြမ်းစိတ်ဖြာ ရှာဖွေ ရှုမှတ်တဲ့ ဘာသာတရားတွေရဲ့ အကျင့်၊ လမ်းစဉ်တွေကို သိုင်းပညာရပ်တိုင်းရဲ့ အဆင့်မြင့် နုနယ်တဲ့ အစိတ်အပိုင်းတွေမှာ တွေ့နိုင်တယ်။  ဒါဟာ မိမိရဲ့ အဇ္ဈတ္တသန္တာန် (Inner Nature) ကို ချုပ်ထိမ်းအောင်နိုင်ခြင်းဖြင့် အေးချမ်းအောင် လုပ်ခြင်း တမျိုးပါ။  အပူ၊ အအေး၊ အချစ်၊ အမုန်း၊ ငြိမ်းချမ်းခြင်း၊ စစ်ပွဲ စတဲ့ ဆန့်ကျင်ဘက် ဝိရောဓိ (Contradiction) တွေ ဆုံစည်းချုပ်ငြိမ်းရာကို ရှာဖွေခြင်း သဘောလို့ ဆိုနိုင်တယ်။

ဒီလို အခြေခံသဘောကြောင့် သိုင်းပညာဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့ကို အများကြီး အထောက်အကူပေးနိုင်စွမ်းတယ်။  အပေါ်ယံ တိုက်ရိုက်သဘော မြင်သာတဲ့ အချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး ကြံ့ခိုင် သန်စွမ်း လာမှု ဖြစ်တယ်။  ဒီလို ကာယ၊ စိတ္တ နှစ်ဖြာ တိုးတက်ဖွံ့ဖြိုးစေတဲ့ အတွက် တချို့နိုင်ငံကြီးတွေမှာဆိုရင် သိုင်းပညာရပ် တခုခု မဖြစ်မနေ သင်စေဖို့ ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းတွေမှာ ပြဋ္ဌာန်းလေ့ရှိတယ်။

ဒါ့အပြင် သိုင်းပညာဟာ ယနေ့ခေတ်လို လူ့အခွင့်အရေးအကြောင်း၊ ဒီမိုကရေစီ သဘောတရားတွေ အကြောင်း အတွင်တွင်ပြောနေကြတဲ့ ခေတ်ကြီးမှာတောင် မတရား အနိုင်ကျင့် ဖျက်စီး၊ ကာမကို လုယူခံနေရဆဲဖြစ်တဲ့ အမျိုးသမီးငယ်လေးတွေအတွက် မိမိအခွင့်အရေး နဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ရာ လက်နက်တမျိုးလည်း ဖြစ်ပြန်တယ်။

    လူ့အခွင့်အရေး အကြောင်းတွေ အာပေါက်မတတ် ပြောတတ်တဲ့ ယောက်ျား ရင့်မာကြီး ဆိုသူတွေဟာ သူတို့ကို လူဖြစ်စေတဲ့ အမျိုးသမီးတွေရဲ့ ဘဝ၊ ဂုဏ်၊ မာန နဲ့  အခွင့်အရေးကိုကြတော့ ခြယ်လှယ်၊ ချုပ်ကိုင်၊ လွှမ်းမိုး၊ မတရား ပြုချင်ကြတယ်။  ယောက်ျားကြီးဝါဒ ကို မသိစိတ်အနေနဲ့ပဲ ဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် လက်ခံ ကျင့်သုံးချင်နေကြသေးတယ်။  လူသားမျိုးနွယ်တူ၊ မျိုးပွား အင်္ဂါ နဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတချို့ကလွဲလို့ ခြေ၊လက်၊ ခေါင်း အစရှိတဲ့ အင်္ဂါစုံ အားလုံး အတူတူပါသူချင်း ခွဲခြား၊ ဖိနှိပ်၊ အနိုင်ယူချင်ကြတယ်။  ယထာဘူတ ကျကျ စဉ်းစားရင် ဒီလို လူသား တည်ဆောက်ဖွဲ့စည်းပုံအရ အားလုံးတူသူချင်း အတူတူ အနိုင်ယူစရာ၊ အခွင့်အရေးပိုယူစရာ ရှိရင် လူသားမျိုးနွယ်ကို ဖန်တီးပေးနိုင်စွမ်းတဲ့ ကြီးမြတ်တဲ့ မိခင်မျိုးနွယ်၊ မိခင် အလောင်းအလျာ အမျိုးသမီးများသာ ဖြစ်သင့်တယ်။

ဒီလို အမျိုးသမီး ဦးစားပေး သဘောဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရှိကို ရှိရမယ့် အချက် ဖြစ်တယ်။  သို့သော် တဖက်က ပြန်စဉ်းစားကြည့်ရင် ဒီသဘောဟာ ကောင်းပေမယ့် တနည်းအားဖြင့် ဒီလို ဦးစားပေး ခြင်းကလည်း အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ ခွန်အားအရ အားနည်းသူမလို့ ညှာတာတဲ့ ပုံစံမျိုး၊ စွမ်းဆောင်ရည်ကွာလို့ ခွဲခြားထားသလိုမျိုးဖြစ်နေတဲ့ အတွက် တကယ့် အမျိုးသမီးဝါဒီ စိတ်ရှိတဲ့ တိုးတက်တဲ့ အမျိုးသမီးတွေက လက်ခံလေ့မရှိဘူး။  တန်းတူအခွင့်အရေးပဲ တောင်းဆိုတယ်။  သူတို့အတွက် အပို ဘာမှ စဉ်းစားပေးစရာ၊ လုပ်ဆောင်ပေးစရာ မလိုတဲ့ သဘော ဖြစ်တယ်။  ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ အမျိုးသမီးတွေနဲ့ ကြုံတွေ့ချိန်မှာ အမျိုးသားတွေဟာ အားလုံးတန်းတူသဘောဖြစ်စေပြီး သာမန် အမျိုးသမီးတွေအတွက်တော့ ညှာတာစဉ်းစား၊ အခွင့်အရေးပိုပေးခြင်းဟာ ခေတ်သစ် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ ရှိရမယ့်၊ ရှိသင့်တဲ့ ကျား/မ လိင်ကွဲပြားသူချင်း ဆက်ဆံမှု သဘောဖြစ်တယ်။

မျက်မှောက်ခေတ်လို အာကာသကိုတောင် အမျိုးသမီးတွေ ခရီးဆန့် စူးစမ်းရှာဖွေ လူသားအကျိုးပြုနေတဲ့ ခေတ်မျိးမှာ ကမ္ဘာကြီးကို အကြီးအကျယ် ပြောင်းလဲ အကျိုးပြုစေတဲ့ နိုင်ငံရေး၊ လူမှုရေး အမျိုးသမီးခေါင်းဆောင်ကြီးတွေ ပေါ်ထွန်းနေတဲ့ မျက်မှောက် (၂၁) ရာစု လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းစရာအနေနဲ့  အမျိုးသမီးတွေကို နိုင်လိုမင်းထက် လုပ်ချင်နေသေးတဲ့ ကျောက်ခေတ်က ရှေးဦး ယောက်ျားကြီးတွေ လောက် တောင် အသိဉာဏ် မရင့်သန်နိုင်သေးတဲ့၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးတဲ့ ယောက်ျားကြီးတွေဟာ ဒုနဲ့ဒေး ရှိနေဆဲ၊ စက်ဆုပ်ဖွယ် တွေ့မြင်နေရဆဲပဲ ဖြစ်တယ်။  ဒီလို လက်သင့်မခံနိုင်ဖွယ် အခြေအနေမျိုးတွေဟာ လူ့ အသိုင်းအဝန်း ဝန်းကျင်မှာ အမြစ်တွယ် ရှင်သန်နေဆဲ ဖြစ်တာကြောင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတဲ့ သိုင်းပညာရပ်ဟာ အမျိုးသမီးလေးတွေ မိမိ အခွင့်အရေး ကို တကိုယ်ရေ ကာကွယ်နိုင်ဖို့ရာ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေတယ်။

[စကားချပ် - ကျောက်ခေတ် က လူသားတွေဟာ လူဦးရေ တိုးပွားမှု အင်အားလိုတဲ့ သဘောကို ကောင်းကောင်း သိတဲ့အတွက် မျိုးပွားမှုမှာ အဓိကကျတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားတယ်၊ ကိုးကွယ်တယ်၊ အကြီးအမှုး ပြုတယ်။  မျက်မှောက်ခေတ်မှာကို တနေရာမှ တနေရာ ရွှေ့ပြောင်းသွားလာ (Nomadic) ပင်လယ်အခြေပြု ယဉ်ကျေးမှု ကျင့်သုံးတဲ့ ဆလုံလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဗဟိုပြု အုပ်ချုပ်မှုကို တွေ့နိုင်သေးတယ်။]

ဒါကြောင့် ကာမ ကို အဓမ္မယူလိုမှု (သို့မဟုတ်) အင်အားကြီးမားမှု အားကိုးနဲ့ သက်သက် အနိုင်ကျင့်လိုမှုတွေကို အထိုက်အလျေက် ကာကွယ်နိုင် ဖို့အတွက် အမျိုးသမီးတွေဟာ ကိုယ်လုံပညာ သိုင်းပညာရပ် တခုခုကို စနစ်တကျ သင်ယူထားနိုင်ရင် ကောင်းတယ်။  အထက်မှာ ဆိုခဲ့သလို စိတ်ဓာတ်ကြံ့ခိုင်၊ ကိုယ်ကျန်းမာ မှုလည်း တွဲလျက် ရနိုင်မယ်။

ဒါ့အပြင် သိုင်းပညာရပ် တခုခုကို အမျိုးသမီးတွေလေ့လာ လိုက်စားခြင်းဟာ အမျိုးသမီးအခွင့်အရေးကို တိုက်ပွဲဝင်တဲ့ အမှတ် သင်္ကေတ လည်း ဖြစ်တယ်။  ရှေးရိုးစွဲ ဘာသာ အယူဝါဒီ တွေ ကြီးစိုးတဲ့ ကမ္ဘာ့ တချို့နိုင်ငံတွေမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းရည် ကို ပြနိုင်ဖို့၊ သာတူညီမျှ ဖြစ်တဲ့ သဘောကို ဖော်ဆောင်နိုင်ဖို့ အတွက် သိုင်းပညာရပ်တွေကို စိတ်ဝင်တစား ကြိုးစား လေ့ကျင့်သင်ယူလာကြတယ်။

ဥပမာ - ရှေးရိုးစွဲ ဘာသာအယူဝါဒ အခြေပြု သူတွေ အာဏာရနေတဲ့ အီရန်နိုင်ငံမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ပိုင်ခွင့်အပါအဝင် မိမိတို့ရဲ့ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးတွေ ပျက်သုဉ်း နေရတာကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် အနေနဲ့ နင်ဂျာ သိုင်းပညာ၊ နင်ဂျစ်ဆု သိုင်းပညာတွေကို ထူးချွန်ထက်မြက်အောင် ကြိုးစား သင်ယူ လိုက်စားတဲ့ ယဉ်ကျေးမှု ခေတ်စားလာနေတယ်။  ရှေးရိုးစွဲ ယောက်ျားကြီးတွေ အဓမ္မ သတ်မှတ်ပြဋ္ဌာန်းထားလို့ ဝင်ဆင်ရတဲ့ သူတို့ရဲ့ ရိုးရာ ဝတ်ဆင်ပုံနဲ့ ဆင်တူတဲ့ ရှေးနင်ဂျာ စစ်သူရဲကောင်းတွေရဲ့ ဝတ်ရုံတွေကိုဝတ်၊ ဓားရှည်ကြီးတွေကို လက်မှာ ဝံ့ကာ၊ ဝံ့ကာ နဲ့ နင်ဂျာသိုင်းအတတ်ကို အနုပညာ အကတရပ်လို လှလှပပ ရဲရဲဝံ့ဝံ့ ကစားပြရင်းနဲ့ မိမိတို့ရဲ့ လူသား စွမ်းဆောင်နိုင်ရည် ကို ဖော်ထုတ်ရင်း ယောက်ျားကြီးတွေ့ရဲ့ နိုင်ထက်စီးနင်းလုပ်မှုကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆန့်ကျင်ကြတယ်။

ဗမာ့ လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးအခွင့်အရေးကို ကြည့်ပြန်ရင်လည်း ရှေးအစဉ် အဆက်ကတည်းက နိုင်ငံအဝှမ်း အမျိုးသမီးတွေဟာ အရေးပါတဲ့ နေရာ အခန်းကဏ္ဍ မှာ ရှိနေပြီး အိမ်နီးချင်းတိုင်းပြည်များက အမျိုးသမီးများထက်စာရင် နှိမ်ချ၊ ခွဲခြားဆက်ဆံခံရမှု နည်းတယ်လို့ ဆိုနိုင်ပေမယ့် ကျားဗဟိုပြု မဟာဖို ဝါဒ နဲ့ အတွေးအခေါ်ဟာ အနည်း၊ အများဆိုသလို လူ့မှုပတ်ဝန်းကျင်မှာ တွေ့နေရတယ်။  ဥပမာ - တကမ္ဘာလုံးက အလေးထား၊ ဂုဏ်ပြုရတဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်လိုမျိုး တိုင်းပြည်မှာ ထင်ထင်ရှားရှား ရှိပါလျက်နဲ့ လက်ရှိ တိုင်းပြည်ရဲ့ ဥပဒေပြုလွှတ်တော်နှစ်ရပ်မှာ ပါဝင်ခွင့်ရနေတဲ့ အမျိုးသမီး လွှတ်တော် အမတ် အရေအတွက် အင်မတန် နည်းနေသေးတယ်။

ဒါ့အပြင် နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေကြောင့် ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ (မိခင် နဲ့  နှမ အကြီး၊ အငယ်တွေ) ဟာ မိမိတို့ရဲ့ တကိုယ်ရေဆန္ဒ သဘောထားထက် မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတဲ့ အတွက် ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစား စတဲ့ ပင်ကိုယ် စိတ်ဗီဇ နဲ့  ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမျိုးတွေမှာ ယောက်ျား၊ သား၊ မောင်ဘွားတွေ နဲ့  ယှဉ်ရင် အားနည်းနေပြီး မွေးရာပါ လူတဦးချင်းရဲ့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသလို ဖြစ်နေရတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုရင်လည်း အထက်မှာ ဆိုခဲ့တဲ့ လူမှုစီးပွားအခြေအနေကြောင့် မိမိဘဝ ပင်ကိုယ် အရည်အသွေး တိုးတက်အောင်လုပ်ဆောင်နေရခြင်းမျိုး မဟုတ်ဘဲ၊ အိမ်ထောင့်စီးပွားအတွက် သက်သက် ယောက်ျားများနဲ့ ယှဉ် လမ်းထွက် စီးပွာရှာဖွေမှု တွဲလျက် လုပ်နေရခြင်းကလွဲလို့ ယဉ်ကျေးမှု၊ ရိုးရာ၊ အစဉ်အလာ  သတ်မှတ်ချက်မှာတော့ ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေဟာ တကိုယ်ရေ ဆန္ဒ ဝါသနာပါရာ လုပ်ဆောင်ခွင့်ရခြင်းမျိုးမရှိဘဲ အိမ်ထောင်ထိမ်းသိမ်းမှု တာဝန်ထမ်းရွက်ဖို့ သက်သက်သာ အဓိက လို သတ်မှတ်ခံထားနေရဆဲ ဖြစ်တယ်။

    တိုင်းပြည်မှာ နှစ်ရှည်လများ ခံစားနေရတဲ့ ပြည်တွင်းစစ်မီးရဲ့ ဒဏ်ကြောင့် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးများဟာ သားမယားပြုကျင့်ခံရမှု အပါအဝင် အဓမ္မ လုပ်အားပေးရမှု စတဲ့ မတရားမှုဒဏ်တွေကိုလည်း ခါးစည်းခံနေရဆဲပဲ ဖြစ်တယ်။  ပဋိပက္ခဒေသ မဟုတ်တဲ့ မြို့ကြီး၊ ပြကြီးတွေမှာလည်း တိုင်းပြည်ရဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်၊ စာရိတ္တမဏ္ဍိုင်တွေရဲ့ ဆိုးကျိုးဆက်အနေနဲ့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် တရားမဲ့ အနိုင်ကျင့်မှုတွေရဲ့ အဓိက သားကောင်ဖြစ်နေဆဲပဲ ဖြစ်တယ်။

ဒီလို အခြေအနေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့ သိုင်းပညာရပ်တခုခုကို အမျိုးသမီးငယ်လေးတွေ စိတ်အားထက်သန်စွာ လေ့လာလိုက်စားတဲ့ ယဉ်ကျေးမှုတရပ် ဗမာ့လူ့အဖွဲ့အစည်းမှာ ရှင်သန်ကြီးထွားလာခဲ့ရင် မိမိ အလိုမတူဘဲ အဓမ္မ ကာမ လုယူခံရမှု နဲ့ အကြမ်းဖက်ခံရမှု ကို ထိရောက်စွာ ပင်ကိုယ်စွမ်းရည်ဖြင့် ကာကွယ်လာနိုင်မှာဖြစ်သလို ကာယ၊ စိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ အမျိုးသမီးကောင်းလေးတွေ တိုင်းပြည်ရဲ့ နယ်ပယ်စုံ၊ ကဏ္ဍအသီးသီးမှာ ယခုထက် ပိုမို လွှမ်းမိုးနေရာယူလာနိုင်မှာ ဖြစ်တယ်။

ဒါကြောင့် ကိုငှက် ရဲ့ သမီးငယ် မိကွန်ထောလေး အပါအဝင် နှမ၊ အမ အမျိုးသမီးငယ်များ သိုင်းပညာ တရပ်ရပ်ကို လိုက်စားခြင်းအားဖြင့် မိမိ ပုဂ္ဂလိက ဘဝ လုံခြုံမှုကို ဖန်တီိးနိုင်ကာ အမှီအခိုကင်းကင်း ရပ်တည်၊ ကာယ၊ ဉာဏ ဘက်စုံ အစွမ်းပြကာ ဗမာ့ လူ့အဖွဲ့အစည်းမှာ ယခုထက် ပိုမိုနေရာယူပြရင်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြီးရာသာ အောင်နိုင်ရာလို့ ထင်နေဆဲ ရှိတဲ့ ယောက်ျားထုကြီး အသိတရားရလာအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ငြိမ်းချမ်းအေး

(စာရေးသူ ၏ ၀၂၊ ဇူလိုင်၊ ၂၀၁၂ ရေး မိုးမခ အွန်လိုင်း ဆောင်းပါးဟောင်း ကို တည်းဖြတ် ကာ ဘက်မလိုက် ဂျာနယ် အတွဲ (၁)၊ အမှတ် (၈)၊ ၂၉၊ မေ၊ ၂၀၁၄ တွင် ပုံနှိပ်သည်။)



0 အကြံပြုခြင်း: