Monday, June 2, 2014

တောင်ပြာတန်းကား မီးလောင်သေဆုံးသူတွေကို အသက်နဲ့ထိုက်တန်တဲ့ လျော်ကြေးပေးသင့်


အေးဗျာ၊ ကိုရဲရင့်ငယ်၊
ခင်ဗျားရဲ့ http://www.yeyintnge.com/2014/05/blog-post_31.html#.U4xKCCg1D9s ပိုစ့်ကိုဖတ်ရတော့
ကျွန်တော်အင်မတန် စိတ်မကောင်းဖြစ်မိတယ်၊

တောင်ပြာတန်းမီးလောင်လို့ ဆုံးသွားတဲ့ထဲမှာ ကျွန်တော့်သိတဲ့ မိသားစုဝင်တစ်ယောက်ပါတယ်ဗျ၊
ဒီလောက်ဆိုးတဲ့သတင်းကြားရတော့ ရှမ်းပြည်သားတစ်ယောက်အနေနဲ့ စိတ်အတော်မကောင်းဘူးပေါ့ဗျာ၊

တစ်လအကြာမှာ ရာဇာမင်းကားထပ်ဖြစ်တော့ ကျွန်တော်ထပ်မျက်လုံးပြူးသွားတယ်၊ ဒါပေမဲ့ အစိုးရနဲ့ ၀န်ကြီးဌာနတွေ ပါလာတော့ ကျွန်တော်ချီးကျူးမိလိုက်သေးတယ်ဗျ၊

ဒါနဲ့ တောင်ပြာတန်းက သေသူမိသားစုဝင်တစ်ယောက်ကို ကျွန်တော် Online ကတွေ့လို့ မေးဖြစ်တယ်၊ လျော်ကြေးရပြီလားလို့မေးတော့

သူကပြန်ပြောတယ်၊ လျော်ကြေးရဖို့နေနေသာသာ ကားဂိတ်က သတင်းတောင်မမေးဘူး၊ ရှေ့ပွဲ နောက်ပွဲ ဘာမှ လုပ်မပေးဘူး၊
ဖုန်းဆက်တော့ အလုပ်ရှုပ်နေတာနဲ့၊ ဆေးရုံကိစ္စရှုပ်နေတာနဲ့၊ နေပြည်တော်က အဘခေါ်လို့သွားနေတာနဲ့ဆိုတာတွေနဲ့ပဲ ပြန်ပြောတယ်တဲ့၊
ကားဂိတ်ကိုမေးတော့လည်း ဂဃနဏဘာမှ မဖြေဘူးတဲ့ဗျာ၊
သေတာ ၁လကျော်မှ အစိုးရအာမခံကို ကားဂိတ်ကတာဝန်ယူလျှောက်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ စာရွက်လေးပေါ် လက်မှတ်လိုတဲ့ အချိန်မှ အိမ်ရောက်လာပြီး လက်မှတ်ထိုးခိုင်းတဲ့ ၁ကြိမ်လေးပဲ ကားဂိတ်ကလူကို မြင်ဖူးတယ်ပြောတယ်ဗျ၊ လာတာတောင် အပိုစကားမပြောဘူးတဲ့၊ လက်မှတ်ထိုးပေးရန်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း တောင်းပြီးပြန်သွားတာပဲတဲ့၊

သူတို့အစား ကျွန်တော်ခံပြင်းတယ်ဗျ၊ ကျွန်တော်တို့ မြန်မာတွေဘာလို့ အသိတရား၊ Social ခေါင်းပါးလဲပေါ့ဗျာ၊ တစ်ဆက်တစ်စပ်တည်း ကိုရဲရင့်ငယ်ကတဆင့် ဒီဆောင်းပါးကို ဖြစ်နိုင်ရင်တင်ချင်တယ်၊

တောင်ပြာတန်းကား မီးလောင်သေဆုံးသူတွေကို အသက်နဲ့ထိုက်တန်တဲ့ လျော်ကြေးပေးသင့်
ဘယ်လိုဖြစ်တာလဲဆိုရင်
နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

"စက်ချို့ယွင်းတဲ့ ဆလွန်းကားလေးကို လိုက်ထရပ်ယဉ်လေးနဲ့ ညာဘက်ကျော ပုံမှန်လမ်းကြောင်းကနေ မှန်မှန်လေး နှစ်စီးဆွဲပြီး သွားတာပါ၊ နောက်က တောင်ပြာတန်း တောင်ကြီး-ရန်ကုန် အထူးကားကြီးက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ပြီးတော့ ကြိတ်ပြီးတော့ တောက်လျှောက်တွဲပြီး ပါသွားတာပေါ့လေ၊ ကားလေးက ကားကြီးရဲ့ ဘီးအောက်မှာဝင်သွားပြီးတော့ ဒရွတ်တိုက်ပါသွားတဲ့အခါမှာ အဲဒီကားရဲ့ ဆီတိုင်ကီတွေ ဘာတွေနဲ့ မီးထလောင်ပြီးတော့ နှစ်စီးထပ်နေတာဖြစ်တဲ့အတွက် အပေါ်က ကားကြီးပါထပ်လောင်ပြီးတော့ ကားတွေပျက်စီးတယ်၊ လူတွေဆုံးရှုံးဒဏ်ရာရတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်"

ဒါကြောင့်တောင်ပြာတန်းကားမီးလောင်တာကို သုံးသပ်ကြည့်တော့

၁။ ယာဉ်မောင်းအိပ်ငိုက်ခြင်း ( ယာဉ်လိုင်းမှာတာဝန်ရှိ၊ ၄င်းခန့်အပ်ထားတဲ့သူရဲ့ အမှား/အမှန်ကို တာဝန်ယူရမယ်)
၂။ အပိုယာဉ်မောင်းမပါခြင်း ( ဒီခရီးဟာ ယာဉ်မောင်း၂ဦးပါရမှာကို မထည့်ပေးတဲ့ ယာဉ်လိုင်းရဲ့အပြစ်)
၃။ ယာဉ်မောင်း၊ စပယ်ယာထွက်ပြေးခြင်း
ခု နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေအရ တောင်ပြာတန်း ယာဉ်မောင်း ဦးအောင်ဇေယျ၊ ယာဉ်နောက်လိုက် ဦးမင်းမင်းလတ်နဲ့ မော်တော်ယာဉ်မယ် မသူဇာတို့ ဖြစ်ကြပြီး သူတို့ ၃ ဦးဟာ အခင်းဖြစ်ပွားနေရာမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိပါတယ်။http://www.phothutaw.com/2014/04/blog-post_4302.html
( ယာဉ်ပေါ်တာဝန်ရှိသူတွေဖြစ်ပြီး ဒီလိုလက်လွတ်စပယ်လုပ်တဲ့အတွက် တင်းကြပ်စွာ မသင်ပြထားတဲ့ ယာဉ်လိုင်းမှာ တာဝန်ရှိ)
၎။ ခရီးသည်တွေကို အရေးပေါ်ထွက်ပေါက်နဲ့ ပတ်သက်ပြီး မရှင်းပြထားခြင်း(ယာဉ်လိုင်းတာဝန်)
၅။ အရေးပေါ်ဖြစ်လာသော်လည်းပဲ ယာဉ်မောင်း၊ စပယ်ယာ၊ ယာဉ်မယ် ၃ဦးလုံးသည် ခရီးသည်များကို မည်သည့်ကယ်ဆယ်ရေး၊ အရေးပေါ်ထွက်ပေါက်၊ ယာဉ်ပေါ်ပါ ကယ်ဆယ်ရေးအကြောင်းများကို မပြောဘဲ လက်လွတ်စပယ်ထားခဲ့ခြင်း၊ (ယာဉ်လိုင်းလမ်းညွှန်မှု လျော့လျဲသဖြင့် ယာဉ်လိုင်းတာဝန်)
၆။ နာရေးဖြစ်သူမိသားစု အိမ်များကို တစ်အိမ်တက်ဆင်းသွားလို့ လူမှုဝတ္တရားအရ သတင်းမေးရန် ပျက်ကွက်ခြင်း၊ (ယာဉ်လိုင်းတာဝန်)
၇။ ပျက်နေလို့ဆွဲနေတဲ့ ကားကိုမှ နောက်ကတက်ကြိတ်တာကို ယာဉ်ငယ်အမှားပါလို့ Public ထဲ တစ်ဖွဖွပြောနေသော ယာဉ်လိုင်းဝန်ထမ်းများ ရှိနေခြင်း၊ (အမှန်တရားကို ဖုံးကွယ်မထားသင့်တဲ့ ယာဉ်လိုင်းတာဝန်)
၈။ နေပြည်တော်ဆေးရုံမှာ မသေခင်ခံစား သွားရတဲ့ ကောင်လေးအတွက် တောင်ငူဆေးရုံက နေပြည်တော်ဆေးရုံအပြောင်းမှာ ၂သိန်းထောက်ပံ့ငွေပေးပြီး သေတာ၊ ဆေးကုတာ၊ ဘာတစ်ခုမှ လှည့်မကြည့်ဘူး၊ ၂သိန်းဆိုတာ ဘာသုံးလို့ရလဲဆိုတာ မသိလို့မှ မဟုတ်တာ။ (ရူးချင်ယောင်ဆောင်နေပေမယ့် ဒါလည်း ယာဉ်လိုင်းတာဝန်)
၉။ ယာဉ်လိုင်းက မန်နေဂျာ ကိုသော်မီဆိုတဲ့ အပြောနဲ့အလုပ်မညီ၊ အဘဆိုတဲ့ စကားလုံးပါးစပ်ကမချ၊ မဟုတ်မဟတ်၊ မရှိကို အရှိ လျှောက်ပြောတတ်တဲ့ လူ၁ဦးကိုသာ အလုံးစုံဖြေရှင်းဖို့တာဝန်ပေးထားခြင်း၊  ( ယာဉ်လိုင်းရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် ယာဉ်လိုင်းတာဝန်)
၁၀။ ထွက်ပြေးတဲ့ယာဉ်မောင်းခုထိမမိသေးခြင်း၊ (ရဲနဲ့ ယာဉ်လိုင်းတာဝန်)

ဒီလိုတာဝန်တွေပျက်ကွက်နေပါသော်လည်း ယာဉ်လိုင်းအား ပြေးဆွဲခွင့်ပေးနေခြင်း၊ တိုးချဲ့ခွင့်ပေးနေခြင်းတို့သည် တစ်စုံတစ်ရာသော ရိုးသားမှုမဖြစ်နိုင်လို့ တွေးမိတယ်၊ မြန်မာနိုင်ငံမှာကတော့ မီးများမီးနိုင်၊ ရေများရေနိုင်၊ ငွေများငွေနိုင်ဖြစ်နေတယ်၊ သမ္မတကြီးကတော့ ကိုယ်တိုင်ဆင်းစစ်ပြီး မိန့်ခွန်းမှာလည်း ဒီကိစ္စကိုထည့်ပြောထားတယ်၊ ဒါပေမဲ့ သမ္မတကြီးက သမ္မတကြီးပဲ၊ ပြောလည်းအပြောပဲရှိတာ၊ လိုက်နာတာမတွေ့ဘူးဗျ၊ တာဝန်ရှိသူတွေကလည်း ငါ့တာဝန်လို့ကိုမတွေးဘူးထင်တယ်၊ သမ္မတကြီးက ဟေ့မင်းလုပ်ပါလို့ ပြောမှသာ ထလုပ်မယ့်လူတွေ ဖြစ်နေတယ်၊ အသိတရားနဲ့ လုပ်မယ့်သူတွေ မတွေ့ဘူးလို့ ဝေဖန်ချင်တယ်၊

နိုင်ငံတကာမှာ ဒီလိုမျိုးမရဘူးဗျ၊ နည်းနည်းထိတာတောင် လျော်ကြေးပေးလို့ မဆုံးဘူး၊ စင်္ကာပူမှာ Road Accident Compensation ကို သေသေချာချာလုပ်ထားတယ်၊ တခြားနိုင်ငံတွေရောပဲ၊ လူတစ်ယောက်သေလို့ကတော့ ထိရောက်တဲ့ လျော်ကြေးကရပြီးသားပဲ၊ ဒဏ်ရာရရင်ကော အလုပ်မလုပ်နိုင်တဲ့ ကာလအထိတွက်ပြီး လျော်ကြေးပေးရသေးဗျ၊ မဟုတ်တာလုပ်လို့ကတော့ တရားရုံးကလား၊ ခွင့်လွှတ်မယ်မထင်နဲ့၊

ကြီးသည့်အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်ဆိုတဲ့ မြန်မာတွေရဲ့လက်သုံးစကားက လာဘ်စားပြီးခိုးလို့လွယ်အောင် ဖန်တီးထားတာပဲလို့ပြောချင်တယ်ဗျာ၊

ကျွန်တော်သာ အမိန့်ချလို့ရတဲ့ အာဏာရှင်ဆိုရင်-ဒီလိုလုပ်မယ်။
၁။ တောင်ပြာတန်းကား မီးလောင်သေဆုံးသူတွေကို အသက်နဲ့ထိုက်တန်တဲ့ လျော်ကြေးပေးခိုင်းမယ်၊
၂။ ဒဏ်ရာရသူတွေကို ဒဏ်ရာပျောက်အောင်ကူသခိုင်းပြီး ထိုက်တန်တဲ့ နစ်နာကြေးပေးခိုင်းမယ်၊
၃။ ဘာလို့လူမှုရေးပျက်ကွက်ရလည်းဆိုပြီး ယာဉ်လိုင်းတာဝန်ရှိသူတွေကို ခေါ်ပြီး ခံဝန်ချက်ထိုးခိုင်းပြီး တိုင်းသိပြည်သိ တောင်းပန်ခိုင်းမယ်၊
၎။ ကားပေါ်မှာပါလာတဲ့ ခရီးသည်အားလုံးရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် ယာဉ်ပေါ်ပါ ၄၄ယောက်ရဲ့ ပစ္စည်းငွေ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးခိုင်းမယ်၊
၅။ တာဝန်မဲ့အကြောင်းအရာတွေအတွက် နိုင်ငံတော်အနေနဲ့ တရားစွဲမယ်၊
၆။ ယာဉ်လိုင်းကိုချဲ့ဖို့မပြောနဲ့၊ ပြေးဆွဲခွင့်လုံးဝ ပိတ်ပစ်မယ်၊
၇။ တာဝန်မဲ့လွန်းတဲ့ ယာဉ်ပိုင်ရှင်၊ ယာဉ်လိုင်းအုပ်ချုပ်သူရော Black List လုပ်ပစ်မယ်၊

ကဲ၊ ရွှေမြန်မာရဲ့ တာဝန်ရှိသူတွေ ဘာလို့ဒီလိုမလုပ်နိုင်သလဲ၊ မလုပ်တာလဲဆိုတာ အားလုံးတွေးကြည့်ဗျာ

ဇော်နေရောင်
Singapore

0 အကြံပြုခြင်း: