Monday, May 12, 2014

မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက် NLD ထပ်မံမေးမြန်းမည်


Eleven Media Group

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက် NLD ထပ်မံမေးမြန်းမည်

လာမည့်ရွေးကောက်ပွဲများ၌ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အား အတည်ပြုနိုင်ရန် ဦးတင်အေးထံသို့ NLD မှ စာဖြင့်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားမှုသည် တိတိကျကျ မရှိသဖြင့် မေ ၁၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ တွေ့ဆုံရာတွင် ထပ်မံမေးမြန်း ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံမှ NLD သို့ ပြန်ကြားစာ၌ ဥပဒေပုဒ်မများအား ညွှန်းဆို၍ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် ၎င်း၏ပါတီတို့မှ မဲဆွယ်စည်းရုံးခွင့်ရှိကြောင်းနှင့် ညွှန်ကြားချက်အသစ် ထုတ်ပြန်ရန်ရှိသည်ဟု ပါဝင်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

“သူက နောက်လာမယ့် လုပ်စရာ ရှိတယ်ဆိုတာ ပါတယ်။ လုပ်ထုံးလုပ်နည်းကတော့ ဘယ်ဟာကိုမှ သူမညွှန်းဘူး။ ပုဒ်မတွေညွှန်းတယ်။ ပုဒ်မတွေကတော့ လွဲနေတာပေါ့ဗျာ။ ဒီလဆန်းမှာ အစည်းအဝေးလုပ်ပြီး ထုတ်ပြန်ပါမယ်လို့ ဖော်ပြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “လာမယ့်ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောပါနဲ့။ ၀င်ချင်ဝင်မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုံး။ ဒါကြောင့် ကျွန်တော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကျွန်တော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” ဟု ဧပြီ ၇ ရက် ပုသိမ်ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာန သတင်းဖော်ပြချက်တွင် ပါရှိခဲ့သည်။

ပုသိမ်၌ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောဆိုချက်သည် ပါတီဥက္ကဋ္ဌကဲ့သို့ မဲဆန္ဒနယ်နှင့် မသက်ဆိုင်သူများ လာရောက်စည်းရုံးခြင်းကို ကန့်သတ်ရန် ရည်ညွှန်းခြင်းဖြစ်နိုင်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံထုတ်ပြန်မည့် ညွှန်ကြားချက်တွင် အဆိုပါအချက်မှာ ပါဝင်လာနိုင်ကာ လက်ရှိရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် မြို့နယ်တွင်း ပါတီတို့၏ မဲဆွယ်စည်းရုံးခွင့်မှာ နဂိုမူလအတိုင်းပင် ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြားသည်။

မေ ၁၅ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသည် ရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက်နှင့် ပတ်သက်သည့် ညွှန်ကြားချက်အား ထုတ်ပြန်နိုင်ရေး ဆွေးနွေးရန်အတွက်ဖြစ်ကြောင်း သိရသည်။

“အဲဒီဟာ ဆွေးနွေးမယ်ဆိုတော့ ကျွန်တော်တို့ဘယ်လောက်ထိ ဆွေးနွေးဖြစ်မယ်ဆိုတာတော့ အခုအချိန်အထိ မသိရသေးဘူး” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲကိုယ်စားလှယ် ထားရှိခွင့်ပြုထားပြီး လာမည့်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဆိုသည်မှာ မဟုတ်ကြောင်း၊ သို့ရာတွင် ကိုယ်စားလှယ်လောင်းမှ ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ်များပင် ကော်မရှင်၌ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေချိန်တွင် အခြားပြင်ပမှ ပုဂ္ဂိုလ်များအနေဖြင့် ခရီးသွားဟန်လွဲ ဟောပြောမှုများ လုပ်ဆောင်၍ မရကြောင်း၊ ယခင် ထိုသို့ ကိစ္စရပ်များ ရှိခဲ့နိုင်သော်လည်း လာမည့်ရွေးကောက်ပွဲများတွင် အဘက်ဘက်မှ Free & Fair နှင့် သတ်သတ်မှတ်မှတ်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဧပြီ ၂၃ ရက်က The Daily Eleven သတင်းစာသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သူမ၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

0 အကြံပြုခြင်း: