Saturday, May 17, 2014

ဗကသကျောင်းသား ကိုကောင်းထက်ကျော်အတွက် ဆန္ဒပြ



RFA Burmese

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဗ.က.သများအဖွဲ့ချုပ်ဝင် ကိုကောင်းထက်ကျော်ကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့က ရိုက်နှက်ပြီး လက်ရှိဖမ်းဆီးဖို့ ကြိုးစားနေတာကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ဒီနေ့ မန္တလေးမြို့ ၇၃ လမ်း၊ Friend လ္ဘက်ရည်ဆိုင်ရှေ့မှာ မန္တလေးခရိုင် ဗ.က.သ များအဖွဲ့ချုပ်က ဆန္ဒပြခဲ့ကြပါတယ်။

လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော် အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို ဖော်ထုတ်ပေးဖို့နဲ့ ဖမ်းဆီးခံလယ်သမားတွေကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ မန္တလေးခရိုင် ဗ.က.သများအဖွဲ့ချုပ် ဥက္ကဌ ကိုဆွေလင်းထွန်းက ပြောပါတယ်။

"ကိုကောင်းထက်ကျော် အကြမ်းဖက်ခံရတဲ့ကိစ္စကို ကန့်ကွက်ရှုံ့ချတာပေါ့၊ တာဝန်ရှိတဲ့လူတွေကို ဖော်ထုတ်ပေးဖို့ပေါ့၊ တစ်နိုင်ငံလုံးမှာ ဒီအကြမ်းဖက် ဖြိုခွဲနေတဲ့ဟာတွေကို ရပ်တန်းကရပ်ဖို့ပေါ့၊ နောက်တစ်ခုက လယ်သမားတွေကို အကြမ်းဖက်တာ၊ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်တာတွေကို ရပ်တန်းကနေရပ်ပေးဖို့ အဲဒီရည်ရွယ်ချက်နဲ့လုပ်တာ"

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကိုကောင်းထက်ကျော်ဟာ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာက လယ်သမားကိုပေါက်စ အဖမ်းခံရတာကို ပြန်လွှတ်ပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရရှိဖို့ တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ကူညီခဲ့ပါတယ်။ ဆန္ဒပြပြီးအပြန်မှာ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် ကိုကောင်းထက်ကျော် ဒဏ်ရာရခဲ့သလို လယ်သမား ၂ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

ကိုကောင်းထက်ကျော်အပါအဝင် လယ်သမား ၄ ဦးကို ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားပြီး လယ်သမား ဒေါ်ညို နဲ့ ကိုမောင်ဝင်းတို့ကိုလည်း ပေါင်းတည်ထောင်မှာ ဖမ်းဆီးထားပါတယ်။

ကိုကောင်းထက်ကျော်နဲ့ ဒေါ်ခင်မာအေးတို့က ပုန်းရှောင်နေဆဲလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗ.က.သ က ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

0 အကြံပြုခြင်း: