Sunday, May 11, 2014

ကုန်ကြမ်းအားထား မြန်မာနှင့် ပိုငွေပြနေသည့် တရုတ်


Eleven Media Group

(Written by: သစ်ထွဋ်)

ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန်တာနဲ့ တစ်နှစ်တာအတွင်းရှိခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေ ထွက်လာလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ ဘယ်လောက်ရှိခဲ့သလဲဆိုတာ ထွက်လာခဲ့ပါတယ်။

ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၃၀ ကျော် ရထားသူ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြထားချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၆၈ ဘီလျံ ရရှိခဲ့တယ်လို့ ဖတ်ရပါတယ်။ အဲဒီ ကုန်သွယ်မှုတွေထဲမှာ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာနေတဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပမာဏဟာ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် (၇၅၃၂ ဒသမ ၂၃၂ သန်း) ရှိခဲ့တာဖြစ်ပြီး အဲဒီပမာဏဟာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက် နိုင်ငံအဖြစ် ဆက်လက်တည်ရှိစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကိန်းဂဏန်း အချက်အလက်တွေအရ တရုတ်နဲ့ ကုန်သွယ်မှုဟာ ကုန်သွယ်မှုပမာဏ အားလုံးရဲ့ ရာခိုင်နှုန်း ၃၀ ကျော်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။ ယခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံဘက်က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေ ဖြစ်ပေမယ့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှာ တရားမ၀င် ကုန်သွယ်မှု ဖြစ်စဉ်တွေကို မကြာခဏ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့် တကယ်အမှန် ကုန်သွယ်မှုပမာဏဟာ ဘယ်လောက်ထိ ရှိနိုင်သလဲဆိုတာ မသိနိုင်ပါဘူး။

ပိုငွေပြနေသည့် တရုတ်

တရားဝင်ကုန်သွယ်မှု အချက်အလက်တွေအရ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်တွင် မြန်မာဘက်မှ တင်ပို့ခဲ့ တဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်သာ ရှိခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းခဲ့ရတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိရှိ နေခဲ့တာကြောင့် မြန်မာ-တရုတ် ကုန်သွယ်မှုမှာ တရုတ်က ပိုငွေပြနေတယ်ဆိုတာ သိသာနေပါတယ်။ တစ်နည်းအားဖြင့် နှစ်နိုင်ငံ အပြန်အလှန် တင်ပို့မှုတွေမှာ တရုတ်က မြန်မာရဲ့ တင်ပို့မှုပမာဏထက် တစ်ဆကျော်အထိ ယင်းတို့ရဲ့ ကုန်ပစ္စည်းတွေကို ပိုမိုတင်ပို့ထားနိုင်တဲ့ အနေအထား ရှိနေတာပါ။ ကုန်သွယ်မှုမှာ တရုတ်က အခုလို ၀င်ငွေပိုရတဲ့ အားသာချက်ရှိနေသလို တင်ပို့တဲ့ ကုန်ပစ္စည်း အမျိုးအစားမှာလည်း မြန်မာကပို့တဲ့ ကုန်တွေအားလုံးလိုလိုဟာ ကုန်ကြမ်းအဆင့်သာရှိတဲ့ ကုန်တွေဖြစ်ပြီး တရုတ်က တင်သွင်းလာတာတွေ အများစုက ကုန်ချောတွေဖြစ်နေတာ တွေ့ရပါတယ်။ အုန်းမှုတ်ခွက်ကစပြီး တန်ဖိုးကြီး ကျောက်စိမ်းတွေအထိ မြန်မာဘက်က ကုန်ကြမ်းတွေ တရကြမ်း တင်ပို့နေတဲ့ အချိန်မှာ တရုတ်ကတော့ သူ့ရဲ့ပင်လယ်ထွက်ပေါက်နဲ့ ဝေးကွာတဲ့ ကုန်းတွင်းပိတ်ဒေသတွေက အများဆုံးထွက်ရှိတဲ့ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အီလက်ထရွန်နစ်ပစ္စည်းများ အပါအ၀င် ကုန်ချောပစ္စည်းတွေကို တင်ပို့ခွင့်ရနေတာ ဖြစ်ပါတယ်။

အချောင်နှိုက်ချင်သူများ

ဒီလိုကုန်သွယ်မှုတွေ ဘီလျံနဲ့ချီနေပေမယ့် မီဒီယာတွေမှာ ဖော်ပြနေကြတဲ့ သတင်းတွေအရတော့ မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းတွေ တရုတ်ကို တင်ပို့တဲ့နေရာမှာ ကန့်သတ်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာဘက်က ကုန်ပစ္စည်းတွေ တင်ပို့ရာတွင် ငွေပေးချေရာတွင် လည်းကောင်း၊ အခွန်အကောက် ကောက်ခံရာတွင် လည်းကောင်း အားသာချက်များရအောင် တရုတ်ဘက်က လုပ်ဆောင်နေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ရာ ပြီးခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးပြပွဲမှာ မြန်မာဘက်ကကုန်သွယ်မှုလုပ်ငန်းတွေမှာ မျှတတဲ့ဝန်းကျင်ကို ဖန်တီးပေးဖို့ တရုတ်ဘက်ကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နယ်စပ်ဒေသက မြန်မာကုန်သည်တွေ ဝေဖန်ကြတဲ့နေရာမှာ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံသို့ တင်ပို့မှုကို အချိန်အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ခြင်းအပါအ၀င် ပုပ်သိုးကုန်တွေကို ၀ယ်ယူရာတွင် အချိန်ဆွဲထားပြီး လျှော့ဈေးနဲ့ရဖို့ ဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တရုတ်ကုန်သည်တွေက ကြိုညှိထားပြီး မြန်မာဘက်က ပုပ်သိုးနိုင်တဲ့ကုန်တွေကို အချိန်လွန်မှ ဈေးနှိမ်ပြီး ၀ယ်ယူမှုတွေကြောင့် မန္တလေးမှသယ်လာတဲ့ ကုန်သည်တွေအဖို့ ရွေးချယ်စရာမရှိဘဲ နောက်ဆုံးမှာရတဲ့ဈေးနဲ့ တရုတ်ကုန်သည်တွေလက်ထဲ ထိုးအပ်ရတာပါ။

လူကိုဘေးဖြစ်စေသည့် ကုန်စည်များ

တရုတ်ဘက်တင်ပို့မှုတွေကို ဝေဖန်ကြတဲ့နေရာမှာ အဓိက အချက်ကတော့ တရုတ်ကုန်ပစ္စည်းအချို့ဟာ အရည်အသွေးမမီသော ကုန်ပစ္စည်းတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ဝေဖန်ကြတာ များပါတယ်။ အထူးသဖြင့် စားသောက်ကုန်အချို့ဟာ လူကိုအန္တရာယ်ပေးနိုင်တဲ့ ဓာတုဗေဒတွေ ပါဝင်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပြီး တရုတ်နိုင်ငံတွင်းမှာ မကြာခဏ ဖြစ်ပွားနေတဲ့ စားသောက်ကုန်ဆိုင်ရာ အငြင်းပွားမှုဖြစ်စဉ်များ (ဥပမာ- နို့မှုန့်များတွင် မယ်လမင်းဓာတ်များ ပါဝင်ခဲ့ခြင်း၊ စားသုံးရန်မသင့်သည့် စားသုံးဆီများ တွေ့ရှိခဲ့ခြင်း၊ ကြက်ဥအတုများ ၀င်ရောက်လာခြင်း) ရှိနေခဲ့ခြင်းကြောင့်လည်း တရုတ်ကတင်သွင်းတဲ့ စားသောက်ကုန်တွေအပေါ် စိတ်ချယုံကြည်မှုတွေ နည်းနေတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း တရုတ်စားသောက်ကုန်တွေဟာ ဈေးနှုန်းသက်သာခြင်းနဲ့ မြန်မာနိုင်ငံထဲကို နယ်စပ်ဝင်ပေါက်မျိုးစုံက အလွယ်တကူ ၀င်လာခွင့်ရနေတာကြောင့် ရန်ကုန်မြို့ က အရောင်းဆိုင်တွေမှာ နယ်စပ်ကလာတဲ့ တရုတ်နိုင်ငံလုပ် မုန့်တွေကို အများအပြား တွေ့နေရတာ ဖြစ်ပါတယ်။ စားသောက်ကုန်များတွင်သာမက လူသုံးကုန် အချို့မှာလည်း လူကိုဘေးအန္တရာယ်ဖြစ်စေသော ဓာတုဗေဒ ပစ္စည်းတွေ ပါဝင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ ဝေဖန်မှုများ (ဥပမာ တရုတ်နိုင်ငံမှ တင်သွင်းရောင်းချသော ချယ်ရီဝက်ဂွန်ကားများတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားကြောင်း) ရှိခဲ့ပါသေးတယ်။ ကြီးထွားနေသည့် တရားမ၀င်ကုန်သွယ်မှု မြန်မာ-တရုတ် ကုန်သွယ်မှုမှာ အခုလို အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ရှိနေရာ တရားမ၀င် ကုန်သွယ်မှုတွေကို တားဆီးအရေးယူဖို့ မြန်မာဘက်က ဖွဲ့စည်းဆောင်ရွက်လျက်ရှိတဲ့ Mobile Team အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပြုရာတွင် အဓိက၀င်ပေါက် ထွက်ပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ဇုန်ရှောင်ကွင်းလမ်းရှစ်လမ်းမှ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး ကျပ်သန်းပေါင်း ခုနစ်ဘီလျံနီးပါး (ကျပ်သန်း ၆၂၀၁ ဒသမ ၉၇၅) ကို ဖမ်းဆီးရမိခဲ့ရာ ပျမ်းမျှ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ခုနစ်သန်းနီးပါး တန်ဖိုးရှိ ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖမ်းဆီးရမိခဲ့တဲ့ ကုန်တွေမှာ မြန်မာဘက်မှ ကျောက်စိမ်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ကျွဲ၊ နွား၊ သတ္တု အပါအ၀င် မြွေများနှင့် ရေလိပ်များ ပါဝင်ခဲ့ပြီး တရုတ်ဘက်က တင်သွင်းလာတဲ့ စားသုံးရန်မသင့်တဲ့ ဆေးဝါးများ၊ အေးခဲအသားများ၊ ပိုးသတ်ဆေးများ၊ စားသောက်ကုန်များ၊ ဖဲထုပ်များ အပါအ၀င် ကုန်ပစ္စည်းမျိုးစုံ ပါဝင်နေတာကြောင့် တရားမ၀င်ကုန်သွယ်မှု ပြဿနာဟာလည်း မြန်မာ-တရုတ် ကုန်သွယ်ရေးမှာ အရေးတကြီး ဖြေရှင်းရမယ့် အချက်တစ်ချက် အနေနဲ့ ရှိနေပါတယ်။ ဒီလို တရားမ၀င် ကုန်သွယ်မှုတွေ ရှိနေတာကြောင့် ကုန်ပစ္စည်း အရည်အသွေးတွေကို ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိနေသလို မျှတတဲ့ကုန်သွယ်မှု အခြေအနေကို ဖြစ်ပေါ်စေဖို့ အခက်အခဲတွေ ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်မှုပြုရာမှာ မြန်မာအနေနဲ့ ယခုလို ကုန်သွယ်မှုဆိုင်ရာ အခက်အခဲတွေ ရှိနေပေမယ့်လည်း ယနေ့ကမ္ဘာမှာ စီးပွားရေးအင်အား ကြီးထွားလာဖို့ အရှိန်မြှင့်လာတဲ့ တရုတ်ရဲ့ကုန်သွယ်မှု တိုးချဲ့လာမှုဒဏ်ကို မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေသာမက အခြားစီးပွားရေးအင်အားကြီး နိုင်ငံတွေအပေါ်လည်း သက်ရောက်မှု ရှိနေခဲ့တာ ဖြစ်ပါတယ်။ များပြားတဲ့လူဦးရေကို ပိုင်ဆိုင်တဲ့ တရုတ်ရဲ့စီးပွားရေးအရ လွှမ်းမိုးမှုကို ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံတိုင်းဟာ မူဝါဒပေါ်လစီ အသစ်တွေ ရွေးချယ်စဉ်းစား လာကြရပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အနေလည်း တရုတ်နဲ့ ကုန်သွယ်မှုကဏ္ဍမှာ ကိုယ့်အတွက်အကျိုးရှိမယ့် အခင်းအကျင်းကို တည်ဆောက်ဖို့လိုအပ်ပြီး ဘေးထွက်ဆိုးကျိုး (အရည်အသွေးမမီသော ကုန်ပစ္စည်းများ နိုင်ငံတွင်းဝင်ရောက်လာခြင်းကဲ့သို့) များကိုလည်း တတ်နိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်ကြဖို့ အစီအမံသစ်တွေ ချမှတ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(မြန်မာ-တရုတ် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တရားမ၀င်ကုန်သွယ်မှု ရှောင်ကွင်းလမ်းကြောင်းအချို့ကို ပြသထားသည့် မြေပုံ (စီးပွား/ကူးသန်း))

0 အကြံပြုခြင်း: