Wednesday, May 14, 2014

အမြန်လမ်းပေါ်မှ အကျွတ်အလွတ်ပွဲ



 May 14, 2014
7day Daily

‘‘ကျွန်တော် ကျွန်မတို့ ကျွေးမွေးတဲ့အစားအစာများကိုလည်း သိသိသာသာ အားရပါးရ လာရောက်ယူငင်စားသုံးကြပါရန် ရိုသေလေးမြတ်စွာဖြင့် ပန်ကြားအပ်ပါတယ်ခင်ဗျာ’’

မေလ ၁၀ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၆ မိုင် လမ်းဘေး၌ ယာယီတည်ဆောက်ထားသည့် မဏ္ဍပ်အတွင်းမှ ထွက်ပေါ်လာသော ဖိတ်ကြားသံ။ ထပ်တလဲလဲခေါ်ယူနေသည့် ထိုအသံက မလှမ်းမကမ်းရှိ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအတွင်း ညစာစားသောက်နေကြသော ခရီးသွားပြည်သူများနားသို့ပင် ကျယ်လောင်စွာ ပျံ့နှံ့ရိုက်ခတ်လျက်။

အစားအသောက်များ ကျွေးမွေးမည်ဖြစ်သည့်အတွက် လာရောက်စားသုံးကြပါရန် ဖိတ်ကြားနေခြင်းဖြစ်သော်လည်း သက်ရှိထင်ရှား လူပုဂ္ဂိုလ်များကို ဖိတ်ခေါ်နေခြင်းတော့မဟုတ်။ သေဆုံးသွားပြီး မကျွတ်မလွတ်ဖြစ်နေကြသည့် မြန်မာပြည်တစ်နံတစ်လျားရှိ သရဲ၊ တစ္ဆေ၊ ပြိတ္တာအပေါင်းတို့ကို ဖိတ်ခေါ်နေခြင်းသာဖြစ်သည်။

၁၁၆ မိုင် သုညဖာလုံ ဘေးတည့်တည့်တွင် သဲပုံစေတီတစ်ဆူ တည်ထားသည်။ အဆိုပါ သဲပုံစေတီကို ရာဇမတ်ကာထားပြီး အတွင်းသို့ မည်သူမှမ၀င်ရဘဲ ဘုရားဖူးလာရောက်သည့် ပြိတ္တာများ နားနေရန်အတွက်ဟု သတ်မှတ်ထားသည်။ အနီးရှိ မဏ္ဍပ်အတွင်းမှာတော့ သံဃာတော်သုံးပါးနှင့် အကျွတ်အလွတ်ပွဲသို့ လာရောက်ကြသူများ အလုပ်ရှုပ်နေကြသည်။

ပြိတ္တာများကို အစာကျွေးမွေးမည့် အကျွတ်အလွတ်ပွဲ ကျင်းပသည့်နေရာမှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည်တင်ယာဉ်ကြီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ရသည့်နေရာနှင့် နှစ်ဖာလုံခန့်သာ ကွာဝေးသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။ လမ်းပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ယာဉ်မောင်းအိပ်ငိုက်၍ဖြစ်စေ၊ ယာဉ်ချို့ယွင်းမှုကြောင့်ဖြစ်စေ မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ရသည်။ ရိုးရာယုံကြည်သူများကတော့ မကျွတ်လွတ်သေးသည့် ၀ိညာဉ်များကြောင့်ဟုလည်း မှတ်ယူမှုများရှိသည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူများသည် မကျွတ်မလွတ်ကြဘဲ အဆိုပါလမ်းပိုင်းနေရာများတွင်သာ တ၀ဲဝဲလည်လည်ဖြစ်နေကြရသည်ဟု မှတ်ယူသူများလည်းရှိသည်။ ယခုတော့ မကျွတ်မလွတ်သေးဟု ယူဆထားကြသူများက ၀ိညာဉ်များအတွက် အကျွတ်အလွတ်ပွဲကြီးကို အမြန်လမ်းပေါ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

‘‘ဉာတိပေတ ဥဒ္ဒိဿဒါန အကျွတ်အလွတ်ပွဲ’’ဟု ဗီနိုင်းကပ်ထားသည့် မဏ္ဍပ်ကြီးအတွင်း သင်္ကန်းပရိက္ခရာအစုံများ စီတန်းထားသည်။ မဏ္ဍပ်၏ သုံးပုံတစ်ပုံနေရာလေးကို ရာဇမတ်ကာရံထားပြီး အထဲတွင် ပိုက်ဖျာများ ခင်းကျင်းထားသည်။ ဖျာပေါ်တွင် ရေစက်ချရန် ရေစက်ခွက် ၁၂ ခွက်ကို စီရီထားသည်။ ထိုအတွင်းသို့ လူအများဝင်ရောက်ခြင်းမပြုရဘဲ ဆွေမျိုးပြိတ္တာများ ရေစက်ချရန်နေရာဟု ရေးသားထားသည်။

သဲပုံစေတီကို ကာရံထားသည့် ရာဇမတ်ဝင်းခြံတွင်တော့ ပရလောကမှလာကြသည့် ဧည့်ပရိသတ်များ တည်းခိုရန်နေရာဟု စာကပ်ထားသည်။ ရာဇမတ်အတွင်းမြေနေရာကို သဲဖြင့်ခင်းကျင်းထားပြီး ညီညာအောင် ပြုလုပ်ထားသည်။ ရာဇမတ်အပြင်ဘက်တွင် လူပရိသတ်များက အတွင်းသို့ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ ဓာတ်မီးဖြင့် သဲမြေနေရာကို ခဏခဏထိုးကြည့်နေသူများက သဲပေါ်တွင် ပြိတ္တာတို့၏ ခြေရာတစ်စုံတစ်ရာများ ပေါ်လာလေမလားဟု ဇွဲကောင်းစွာ ကြည့်ရှုနေကြခြင်းပင်။

‘‘သူတို့လာပြီဆိုရင် ခြေရာပေါ်လာတတ်တယ်။ အဲဒါကြောင့် သဲခင်းပေးထားတာ’’ဟု ဖြူးမြို့နယ်မှ ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။ ခြေရာပေါ်၊ မပေါ် ဓာတ်ပုံရိုက်သူများ၊ ဓာတ်မီးဖြင့် ထိုးကြည့်နေသူများက သဲပုံစေတီ ခြံဝင်းနံဘေး ရစ်သီရစ်သီ။ ဒေသခံများလိုပင် ပွဲသို့ရောက်ရှိလာသည့် ရန်ကုန်နှင့် မန္တလေးမှ သတင်းမီဒီယာသမားများကလည်း ခြေရာပေါ်လိုပေါ်ငြား ဓာတ်ပုံတဖျတ်ဖျတ်ရိုက်လျက်။

ဤအကျွတ်အလွတ်ပွဲကို မေလ ၁၀ ရက် ညနေက စတင်ခဲ့သည်။ ဘုန်းတော်ကြီးများထံမှ တရားနာယူခြင်းကို စတင်ပြုလုပ်ကြပြီး ည ၁၀ နာရီတွင် ပထမအကြိမ် အစာကျွေးခြင်းကို ဆောင်ရွက်ကြသည်။ မြေစောင့်နတ်၊ မြေဖုတ်ဘီလူး၊ သုသာန်စောင့်နတ်များကို အသားဟင်းနှင့် ထမင်း၊ သက်သတ်လွတ်ထမင်း၊ ရေသန့် စသည်တို့ဖြင့် အစာကျွေးကြသည်။ အပင်ငယ်တစ်ပင်အောက်တွင် ကျွေးမွေးခြင်းဖြစ်ပြီး ခင်းကျင်းထားသည့် အစာထုပ်တစ်ဝိုက်တွင် ဖယောင်းတိုင်ငါးတိုင်နှင့် အမွှေးတိုင်များ ပတ်လည်ထွန်းညှိထားသည်။

ထို့နောက် ဘုန်းတော်ကြီးများက ပြိတ္တာတို့ လာရောက်စားသုံးကြရန် ဖိတ်ခေါ်ကြသည်။ ထိုသို့ နေရာများစွာကို လိုက်လံကျွေးမွေးပြီးသော်လည်း ကျွေးမွေးထားသည့်နေရာတွင် အစာထုပ်ကို ဓာတ်ပုံရိုက်သူများမစဲပေ။ ဓာတ်ပုံထဲတွင် ပြိတ္တာအရိပ်အယောင် တစ်စုံတစ်ရာပေါ်လိုပေါ်ငြား မျှော်လင့်ချက်ဖြင့် ရိုက်ကူးနေကြခြင်းဖြစ်သည်။ သို့တည်းမဟုတ် အစာထုပ်ရှိ ထမင်းပေါ်တွင် လက်ချောင်းရာပေါ်လာမည်လား၊ ရေသန့်ဘူးတစ်ဝက်လျော့သွားမည်လားဟု မျှော်လင့်သူများကလည်း စောင့်ကြည့်လျက်ရှိသည်။

ပွဲစီစဉ်သည့် အဖွဲ့ဝင်များနှင့် အနီးအနားမှ ဒေသခံများက ၁၁၆ မိုင် လမ်းဘေးဝဲယာတစ်ဝိုက်တွင် ဆီမီးတိုင်နှင့် အမွှေးတိုင်များကို လိုက်လံထွန်းညှိကြသည်။ လမ်းဘေးဝဲယာရှိ ချုံများ၊ တောများအတွင်းလည်း ဆီမီးထွန်းညှိကြသည်။ ထို့နောက် မန္တလေးဗြဟ္မစိုရ်ဆရာတော်ကြီးက အကျွတ်အလွတ်ပွဲသို့ လာရောက်သည့် ပြိတ္တာများကို အမျှဝေခြင်း ပြုလုပ်သည်။ ‘‘ဟိုနောက်က ပြိတ္တာတွေ စကားမများကြနဲ့’’ဟု ဆရာတော်ကလှမ်းမိန့်သည်။

ခေါ်ယူရာတွင် အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ရသူများ၊ ကြွရောက်လာသူတို့၏ ကွယ်လွန်သွားသော မိဘဆွေမျိုး၊ ဇနီး၊ လင်သားများ၊ အမြန်လမ်းတွင် သေဆုံးသွားသူများ၊ တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားရသည့် စစ်သည်များ၊ မြန်မာပြည်တစ်ဝန်းရှိ မကျွတ်လွတ်သေးသူများအား ထည့်သွင်းဖိတ်ကြားခြင်း ဖြစ်သည်။

‘‘ထပ်တလဲလဲ ဖိတ်ကြားရတယ်။ ခရီးလွန်တာတွေရှိတယ်။ သာသနာစောင့်နတ်မင်းကြီးလေးပါးနဲ့ နတ်ကောင်းနတ်မြတ်တွေက ပြိတ္တာတွေ သာဓုခေါ်နိုင်အောင် ကူညီစောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံရတယ်’’ဟု အကျွတ်အလွတ်ပွဲ ဦးဆောင်ကျင်းပသူ နတ်ရေကန်ဆရာတော် ဦးသောဘဏက မိန့်ကြားသည်။

ဖိတ်ကြားရာတွင်လည်း ပြိတ္တာ၊ တစ္ဆေသရဲများအနေဖြင့် ကြောက်လန့်ဖွယ်ရာရုပ်အဆင်းကို မပြကြရန်၊ ဆိုးရွားသည့် အနံ့အသက်များမပေးကြရန်၊ ထိတ်လန့်စရာများ မပြုလုပ်ကြရန်နှင့် အကျွတ်အလွတ်ပွဲကို လှူဒါန်းကြသည့် စေတနာရှင်များကို မနှောင့်ယှက်ကြရန် ကြိုတင်မေတ္တာရပ်ခံခြင်းကို အကြိမ်ကြိမ်ပြုလုပ်ကြသည်။

‘‘ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ’’ဟု ဆွေမျိုးပြိတ္တာများ လာရောက်သုံးဆောင်ကြရန် ဖိတ်ခေါ်ပြီး အစာကျွေးပွဲကို စတင်လိုက်သည်။

ကျွေးမွေးမည့် အစားအစာများကို လူငယ်များက ပြင်ဆင်ကြသည်။ ၀ါးဖြင့်ယက်လုပ်ထားသည့် ခြင်းပေါ်တွင် ငှက်ပျောဖက်အုပ်ပြီး ထမင်းဖြူများကို ထည့်ကြသည်။ ချက်ပြုတ်ထားသည့် ဆိတ်သားဟင်းကို ခပ်ထည့်သည်။ အခွံနွှာပြီးသား ငှက်ပျောသီး၊ ပေါင်မုန့်ချပ်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကွမ်းယာ၊ ဆေးပေါ့လိပ် စသည်တို့ကို ခြင်းထဲသို့ ထည့်သည်။ ထိုသို့ ပြင်ဆင်ပြီးသည့် ခြင်းများကို ကားပေါ်တင်ဆောင်လျက် ၁၁၆ မိုင်မှစ၍ အမြန်လမ်းတစ်လျှောက် နီးစပ်ရာမိုင်တိုင်များသို့ သယ်ဆောင်ကာ လမ်းဘေးတွင်ချ၍ ကျွေးမွေးခြင်း ပြုလုပ်ကြသည်။

အနီးအနားကျေးရွာများမှ ဒေသခံများလည်း အသီးသီးရောက်ရှိလာပြီး ကျွေးမွေးထားသည့် ထမင်းထုပ်များအနီး ရစ်သီရစ်သီလုပ်ကာ ဓာတ်ပုံရိုက်ကြပြန်သည်။ ရာဇမတ်အနီးကပ်၍ ခြေရာပေါ်လိုပေါ်ငြား ရှာဖွေကြပြန်သည်။

အမြန်လမ်းပေါ်တွင် ပထမဆုံးပြုလုပ်သည့် အကျွတ်အလွတ်ပွဲကို မန္တလေးဗြဟ္မစိုရ်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်ကြီး မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိကဆရာတော် အဂ္ဂမဟာဂန္ဓ၀ါစကပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒနှင့် ဖြူးမြို့မှ နတ်ရေကန်ကျောင်းတိုက် ဆရာတော်ဦးသောဘဏတို့က ဦးဆောင်၍ ဖြူးမြို့အခမဲ့နာရေးကူညီမှုအသင်း၊ ၀ါဆိုဦးလူမှုရေးအသင်း၊ ဖိုးလမင်းလူမှုကူညီရေးအသင်း၊ စေတနာရှင်မေတ္တာရှင်အဖွဲ့၊ ပဲနွယ်ကုန်းကျေးရွာ၊ တောကျွဲအင်းကျေးရွာတို့မှ ရွာသူ၊ ရွာသားများက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အကျွတ်အလွတ်ပွဲတစ်ခု ပြုလုပ်မည်ဆိုပါက ခုနစ်ရက်၊ ငါးရက်၊ သုံးရက် စသည်ဖြင့် ကြိုတင်၍ ပြုလုပ်မည့်နေရာ၊ အချိန်၊ နေ့ရက်တို့ကို တိတိကျကျ လိုက်လံဖိတ်ကြားရသည်။ ပြုလုပ်မည့်နေရာတွင် သဲပုံစေတီတစ်ဆူကို တည်ထားပေးရသည်။ သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ထားရှိပေးရသည်။ ပရလောကမှ ဧည့်သည်များ လာရောက်နားနေနိုင်ရန် နေရာတစ်ခု သတ်မှတ်ပေးထားရသည်။ အဆိုပါနေရာကို ရာဇမတ်ကာရံ၊ သဲခင်းလျက်၊ သောက်ရေအိုးကို အဖုံးဖွင့်လျက် သောက်သုံးနိုင်ရန် ထားရှိပေးရသည်။ ပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများ၊ အစားအသောက်များကို ပြင်ဆင်ထားပေးရသည်။ ဆီမီးနှင့် အမွှေးတိုင်များကို နေရာအနှံ့ ထွန်းညှိပေးထားရသည်။ ခရီးလွန်နေသူများရှိသည်အတွက် ထပ်တလဲလဲ ဖိတ်ကြားခြင်းကို ပြုလုပ်ရသည်။

ညဥ့်သန်းခေါင်ယံအချိန်တွင် အစာကျွေးမွေးခြင်းကိစ္စများကို ဆောင်ရွက်ကြပြီး အစာကျွေးမွေးနေချိန်အတွင်း မီးများအားလုံးကို ပိတ်ပေးထားရသည်။ ထို့နောက် နောက်တစ်နေ့နံနက် ၈ နာရီတွင် အမျှအတန်းပေးဝေ၍ သာဓုခေါ်နိုင်ရန် တရားပွဲပြုလုပ်ပေးရသည်။ ဒါက အကျွတ်အလွတ်ပွဲများ၏ အစီအစဉ်ဖြစ်သည်။ အကျွတ်အလွတ်ပွဲများကို အထူးသဖြင့် မန္တလေးရှိသုသာန်များ၊ ပြင်ဦးလွင်သုသာန်၊ ဖြူးမြို့ရှိသုသာန်များတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

‘‘အကျွတ်အလွတ်ပွဲ လုပ်တယ်ဆိုတာ အမှောင်ထဲမှာ တိုင်ထောင်ပြီး ခဲနဲ့ပစ်ရသလိုပါပဲ။ မှန်ချင်လည်း မှန်မယ်။ မမှန်ချင်လည်း မမှန်ဘူး။ ဘုန်းကြီးအနေနဲ့ကတော့ ဒီအမြန်လမ်းမကြီးက သတ္တ၀ါတွေ ကျွတ်ချိန်တန်လို့ လာလုပ်ပေးရတယ်လို့ပဲ ယုံကြည်ထားတယ်။ ပုဂ္ဂိုလ်စွဲမပါဘူး။ လူမျိုးဘာသာမရွေးဘူး။ တစ်ဦးတစ်ယောက်တော့ ကျွတ်တမ်းဝင်သွားကြမှာပေါ့’’ ဟု နတ်ရေကန်ဆရာတော်ဦးသောဘဏက မိန့်ကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် မိုင်တိုင် ၄၅၊ ၉၀ မှစတင်ကာ မိုင်တိုင် ၁၀၀ မှ မိုင်တိုင် ၁၇၀ အကြားတွင် ယာဉ်တိမ်းမှောက်မှုများ အမြဲဖြစ်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း အန္တရာယ်ဖြစ်စေနိုင်သည့် အမြန်လမ်းနေရာများကို စာရင်းထုတ်ပြန်ခဲ့ရာ မိုင်တိုင်အမှတ် ၇၅ (၅ ဖာလုံ ၆ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၉၀ (၆ ဖာလုံနှင့် ၇ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၀၃ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၅၀ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၂၅ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၆၈၊ မိုင်တိုင်အမှတ် ၁၇၀ (၁ ဖာလုံနှင့် ၂ ဖာလုံကြား) နေရာများကို အထူးသတိပြုကြရန်ဖြစ်သည်။

ယာဉ်တိမ်းမှောက်ခြင်း၊ တံတားကိုဝင်တိုက်ကာ ချောင်းအတွင်းထိုးကျခြင်း၊ အမြန်လမ်းပေါ်တွင် လူသေအလောင်းတွေ့ခြင်း၊ ယာဉ်နှင့်ဆိုင်ကယ်တိုက်မိခြင်း စသည့်ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး သေဆုံးဦးရေမှာလည်း မြင့်မားနေသည်။

အမြန်လမ်းကို ၂၀၀၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ၂၀၁၃ ခုနှစ်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၂၉၀ ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၁၀၀ ဦးအထိ ရှိခဲ့သည်။ စာရင်းများကို ပြန်ကြည့်ပါက ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့သည်။

၂၀၀၉ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၀ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦး၊ ၂၀၁၁ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၅၄ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် သေဆုံးသူ ၁၀၉ ဦးအထိ ရှိလာသည်။ ၂၀၁၄ ဇန်န၀ါရီလမှ ဧပြီလကုန်အထိ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၈ ဦးရှိသည်။

ယခုနှစ် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ၁၁၆ မိုင်တွင် ယာဉ်မတော်တဆမှုကြောင့် ယာဉ်မီးလောင်ကျွမ်းကာ ပွဲချင်းပြီးသေဆုံးသူ ၁၂ ဦးရှိခဲ့သည့်အတွက် အမြန်လမ်းတွင် အများဆုံးသော လူသေမှုဖြစ်ခဲ့သည်။ တစ်ဦးကတော့ ဆေးရုံသို့ရောက်ပြီးမှ ကွယ်လွန်ခဲ့သည့်အတွက် ၁၃ ဦး ဆုံးရှုံးခဲ့ရမှုဖြစ်သည်။

‘‘သတိနဲ့အသိလိုတာပေါ့။ ဘာသာရေးကလည်း လိုပါတယ်။ ၂၀၀၉ ခုနှစ် မတ်လစဖွင့်ကတည်းက အခုထိဆိုရင် ဒါက အဆိုးရွားဆုံးယာဉ်တိမ်းမှောက်မှုနဲ့ မီးလောင်မှုပေါ့။ အခုအကျွတ်အလွတ်ပွဲကတော့ ကောင်းတဲ့ဟာကို ဘာသာရေးအရ လုပ်တာပါပဲ။ ဒီလိုလုပ်နေသလို ဒီလမ်းမှာသွားတဲ့လူတွေကလည်း အသိနဲ့သတိထားမယ်ဆိုရင် အန္တရာယ်ကင်းကြမှာပါ’’ဟု အကျွတ်အလွတ်ပွဲသို့ တက်ရောက်လာသည့် ဒေသခံတစ်ဦးကပြောသည်။

‘‘ဒီလမ်းကြီးကိုသွားမယ်ဆို ကီလိုမီတာတစ်ရာထက် ပိုမမောင်းရဘူးလို့ သတ်မှတ်ထားတာကို လိုက်နာမယ်ဆိုရင် အန္တရာယ်ကင်းမှာပါ။ လမ်းကို သွားနေကျမဟုတ်တဲ့လူတွေ။ ဘယ်နေရာမှာ အကွေ့ရှိတယ်ဆိုတာ မသိတဲ့သူတွေ။ အရှိန်က အရမ်းပြင်းတဲ့အချိန်မှာ ပါသွားတာပေါ့နော်။ အရှိန်မထိန်းနိုင်တော့ အရက်သေစာသောက်စားတယ်။ အိပ်ငိုက်တယ်။ စက္ကန့်ပိုင်းလေးငိုက်လိုက်တဲ့အငိုက်က လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေပါတယ်။ လမ်းကြောင့်က ရာခိုင်နှုန်းနည်းပါတယ်။ နောက်တစ်ခုက ယာဉ်တွေရဲ့ကြံ့ခိုင်မှု။ ကားအသစ်တွေ တာယာတွေကွဲတယ်။ ဒီမှာ ရာသီဥတုက ပူတယ်။ ကွန်ကရစ်ခင်းထားတယ်။ ကားတွေကပူရင် လေပေါင်ကတိုးလာမှာပဲ။ လူတွေက အသိနဲ့ထိန်းသိမ်းမယ်ဆိုရင် အန္တရာယ်ကို လျှော့ချနိုင်မှာပေါ့။ နောက်အရှိန်နှုန်းတိုင်းတဲ့ ကိရိယာရှိပါတယ်။ ကားမောင်းတဲ့ယာဉ်မောင်းတွေက အရှိန်နှုန်းတိုင်းတဲ့ ကိရိယာနားရောက်ရင် အရှိန်လျှော့ချလိုက်တယ်။ အဲဒါကိုကျော်ရင် ဆက်မောင်းတာပဲ။ ကျွန်မတို့အမြင်နဲ့ပြောရင် လမ်းကြောင့်ဆိုတာထက် လူတွေရဲ့အသိအမြင်နဲ့ စည်းကမ်းတွေ လိုက်နာဖို့လိုပါတယ်’’ဟု အမြန်လမ်း အရေးပေါ်ကြက်ခြေနီစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့်က မှတ်ချက်ပေးသည်။

အမြန်လမ်းသည် အကွေ့အကောက်ပေါများ၍ ကွန်ကရစ်လမ်းပိုင်း လှိုင်းထခြင်းများ ဖြစ်ပေါ်သည့်အတွက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ တစ်နာရီလျှင် ကီလို ၁၀၀ နှုန်းဖြင့်သာ မောင်းနှင်ရန် သတ်မှတ်ညွှန်ကြားထားသော်လည်း ကီလို ၁၀၀ အထက် ပိုမိုမောင်းနှင်မှုများက အသက်အန္တရာယ်ဆုံးရှုံးရမှုတို့၏ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာသည်။ ခါးပတ်ပတ်ကြရန် ညွှန်ကြားထားသော်လည်း အချို့ကလိုက်နာမှုမရှိပေ။

ယာဉ်တိမ်းမှောက်မှုများမှာ လမ်းပိုင်းဆိုင်ရာပြဿနာကြောင့်ဟု လက်ညှိုးထိုးခဲ့ကြသော်လည်း ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းများကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများကတော့ ယာဉ်မောင်းတွင် တာဝန်ရှိပါသည်။

‘‘အရင်အစိုးရတုန်းက ရတဲ့ငွေနဲ့ လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးခဲ့တယ်။ လမ်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ခဲ့တာမရှိဘူး။ အခုတော့ လမ်းလုံခြုံရေးအတွက် အဓိကဦးစားပေးလုပ်သွားမယ်။ အရင်က ပိုက်ဆံရရင် လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးတယ်။ သတ်မှတ်ချိန်အတွင်း အမြန်ပြီးအောင်လည်း လုပ်ရတယ်’’ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်လင်းက ပြောသည်။

လက်ရှိ ရန်ကုန်-နေပြည်တော်လမ်းကို USAID အမေရိကန်အစိုးရ၏ အကူအညီပေးရေးအစီအစဉ်မှ နည်းပညာအကူအညီပေးနိုင်ရေးအတွက် သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ယာဉ်မတော်တဆမှုဖြင့် လူသေဆုံးမှုများလာခြင်းအပြင် ညဘက်မောင်းနှင်သူအချို့၏ နာနာဘာဝပရလောက ဖြစ်ရပ်ကြုံတွေ့ရသည်ဟူသည့် ပါးစပ်စကားသတင်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။ အမြန်လမ်းတွင် မကျွတ်မလွတ်သေးသည့်ပုဂ္ဂိုလ်များ ရှိနေသည်ဟု ယုံကြည်သူလည်း ပေါများလာခဲ့သည်။

ထို့အတွက် အမြန်လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင်လျက် ပရိတ်ရွတ်ဖတ်ခြင်းကို သံဃာတော်များက ပြုလုပ်ပေးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်ငူမြို့မှ သံဃာတော် ၁၈ ပါးက အန္တရာယ်ကင်းပရိတ်တရားတော်များကို ၁၄၆ မိုင်မှစ၍ မိုင်တိုင် ၈၄ အထိ ရွတ်ဖတ်ပေးခဲ့ကြသည်။ ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ၁၂၅ မိုင် ၄ ဖာလုံတွင် ရပ်နား၍ အမျှဝေခဲ့ကြသည်။

ယခု အကျွတ်အလွတ်ပွဲ မပြုလုပ်မီကလည်း သံဃာတော်များသည် အမြန်လမ်းတစ်လျှောက် ပရိတ်တရားတော်များကို တတိယအကြိမ်မြောက် လှည့်လည်ရွတ်ဖတ်ခဲ့ကြသေးသည်။

၁၁၆ မိုင် အကျွတ်အလွတ်ပွဲသို့ ည ၁၁ နာရီခန့်တွင် အနီးအနားမှ ဒေသခံများ တဖွဲဖွဲရောက်ရှိလာကြသည်။ လူပေါင်း ၃၀၀ ခန့် လာရောက်သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များကလည်း လာရောက်ကူညီပေးခဲ့ကြပြီး အနီးအနားရဲစခန်းတစ်ခုက ၎င်းတို့ စခန်းဝင်းအတွင်းမှ မကျွတ်မလွတ်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားခေါ်ယူပေးရန် တောင်းဆိုမှုရှိခဲ့သည်။ လူမှုရေးသင်းအဖွဲ့များကလည်း ထမင်းထုပ်များကို တက်ကြွစွာထုပ်ပိုးလျက် ကားဖြင့် လမ်းတစ်လျှောက် ချထားပေးလျက်ရှိသည်။

ညနေပိုင်းက လူမ၀င်ရောက်ရဟု စာကပ်ထားသည့် သဲပုံစေတီရာဇမတ်ကာခြံဝင်းအတွင်းသို့ ဦးဆောင်သူအဖွဲ့ဝင်အချို့က ၀င်ရောက်ကာ ဆီမီးနှင့် ပန်း၊ ရေချမ်း၊ အမွှေးတိုင်များ ထွန်းညှိခဲ့ကြသည်။ ညပိုင်းတွင်မှ ရောက်ရှိလာကြသည့် လူပရိသတ်များကတော့ ညနေပိုင်းက ၀င်ထွက်ခဲ့ကြသည့် ခြေရာများကို လက်ညှိုးထိုးကာ နာနာဘာဝပြိတ္တာတို့ရောက်ရှိ၍ ဘုရားဖူးသွားကြသည့် ခြေရာများဟု ယုံကြည်မှတ်ယူကာ အထူးအဆန်း ဓာတ်ပုံရိုက်ကူးလျက်ရှိကြသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်းကိစ္စကို ၀င်ရောက်ရှင်းလင်းခြင်းမရှိပါ။ ဖြူးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကတော့ ‘‘အမှောင်ထဲကို ဓာတ်ပုံရိုက်ရင် အလုံးတွေ အစက်အပြောက်တွေ ပေါ်လာတယ်။ အဲဒါ ပြိတ္တာတွေ ရောက်နေပြီဆိုတာကိုပြတာ’’ ဟု ဆိုပါသည်။

ပွဲသို့ လာရောက်သတင်းယူသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ ‘‘ဒါက ကင်မရာလှည့်စားမှုကြောင့်ပါ။ ဘာမှမရှိတဲ့အမှောင်ထဲကိုရိုက်ရင် အဲဒီလိုဖြစ်တတ်တယ်’’ ဟု မှတ်ချက်ပေးသည်။

မေလ ၁၀ ရက် ည ၁၂ နာရီအချိန်ကို နီးကပ်လာပါပြီ။ အစာကျွေးမွေးခြင်းများလည်း ပြီးစီးသလောက် ဖြစ်နေသည်။ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် မေတ္တာရပ်ခံခဲ့သည့်အတိုင်း ထိတ်လန့် ဖွယ်ရာများလည်း မဖြစ်ခဲ့ပါ။ ဆိုးရွားသည့် အနံ့အသက်များလည်း မရခဲ့ပါ။ ကြောက်လန့်ဖွယ်ရာ ရုပ်ဆင်းသဏ္ဌာန်များလည်း မပြသခဲ့ကြပါ။ ထူးခြားမှုလည်း တစ်စုံတစ်ရာမတွေ့ခဲ့ရပါ။ ‘‘လူအရမ်းများတော့ ပြိတ္တာတွေက အနားမကပ်ရဲကြဘူး။ လူတွေရှင်းမှလာကြမှာ’’ဟု ဖြူးမြို့မှ ဒေသခံတစ်ဦးက သူ၏ယုံကြည်ချက်ကို ပြောပြသည်။

၁၂ နာရီခန့်တွင် ဒေသခံပရိသတ်များ၊ သတင်းမီဒီယာများနှင့် ပွဲစီစဉ်သူ အဖွဲ့ဝင်အချို့ ပြန်သွားကြပြီဖြစ်သည့်အတွက် အကျွတ်အလွတ်ပွဲကြီးကျင်းပနေသည့် မဏ္ဍပ်တွင် လူအတော်အတန် ရှင်းလင်းသွားသည်။ ညဥ့်သန်းခေါင်ကျော် ၁၂ နာရီခွဲခန့်တွင် လူရှင်းလင်းသွားသည့် မဏ္ဍပ်တစ်ခုလုံးကို မီးအမှောင်ချလိုက်သည်။ မဏ္ဍပ်အတွင်းနှင့် အပြင်ဘက်တွင် ကျန်ရှိနေသည့်လူများအားလုံး အသံတိတ်ဆိတ်သွားကြသည်။

ထို့နောက် မဏ္ဍပ်အတွင်းမှ ဆရာတော်များက နာနာဘာဝပြိတ္တာများကို တရားဟောသည့် အသံခပ်အုပ်အုပ် ညအမှောင်ထုထဲမှာ စတင်ထွက်ပေါ်လာပါတော့သည်။

7day

0 အကြံပြုခြင်း: