Sunday, May 18, 2014

အစိုးရသစ် တာဝန်ယူခဲ့သည့် ဘဏ္ဍာရေးနှစ် လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ ၉၈၀၀ ခန့်အထိ ရှိ



Eleven Media Group

အစိုးရသစ် တာဝန်ယူခဲ့သည့် ဘဏ္ဍာရေးနှစ် လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ ၉၈၀၀ ခန့်အထိ ရှိနေသဖြင့် ပြည်သူများ ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများ ဆက်လက်ဖြစ်လာစေနိုင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် သက်တမ်းသုံးနှစ်ကျော်ကာလနှင့် ဘဏ္ဍာနှစ် လေးနှစ်တာ ကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ကျပ် ဘီလျံ ၉၈ဝဝ ခန့်အထိ ရှိလာနေသဖြင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဆက်လက်ဖြစ်လာစေနိုင်သဖြင့် နိုင်ငံ့အတွက် အမှန်တကယ်အကျိုးပြုနိုင်မှုမရှိသည့် ဝန်ကြီးဌာနများ၏ စီမံကိန်းများအား စိစစ်ရပ်ဆိုင်းနိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များ၊ လွှတ်တော်အမတ်များက ဝေဖန်ပြောကြားသည်။

ယခင်အစိုးရလက်ထက်မှ တာဝန်များ စတင်လွှဲပြောင်းရယူစဖြစ်သည့် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၂၁၅၉၅၃၄ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၁၉၅၃၇၁၂ သန်းဖြစ်ကာ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွက် စုစုပေါင်း ဘတ်ဂျက်လိုငွေမှာ ကျပ် ၂၉၂၆၈၉၈ ဒသမ ၈၉၈ ဘီလျံ ဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၂၇၅၁ ဘီလျံ အထိဖြစ်ပေါ်နေကြောင်း မေ ၁ဝ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် Action Aid Myanmar က ဦးဆောင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း နောက်ဆက်တွဲ စကားဝိုင်းဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူလူထုဗဟိုပြုဖို့ နိုင်ငံတကာစံ သတ်မှတ်ချက်ဖြစ်တဲ့ ဘတ်ဂျက်ပွင့်လင်းမြင်သာမှု အချက်ရှစ်ချက်မှာ မြန်မာနိုင်ငံက တစ်ချက်ပဲကိုက်ညီတယ်။ အဲ့ဒီအချက်ကလည်း ဘတ်ဂျက်ကို အတည်ပြုပြီးမှ ထုတ်ပြန်တာဆိုတော့ ပြည်သူလူထုက ပြုပြင်ခွင့်မရှိတော့ဘူး။ ဘတ်ဂျက်လိုငွေပြတယ်ဆိုတာ မထူးဆန်းပေမယ့် အစိုးရသစ် တာဝန်ယူတဲ့ သုံးနှစ်ကျော်ကာလမှာ ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေတာ တွေ့ရမယ်။ ဖွံ့ဖြိုးတိုးတက်မှု တချို့ရှိပေမယ့် ရှေ့လာမယ့်နှစ်တွေရဲ့ ဘတ်ဂျက်လိုငွေပြမှုကို ထိန်းနိုင်မယ့် အနေအထားမှာ ရှိမနေဘူး” ဟု အမေရိကန်နိုင်ငံသား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးပညာရှင် Bart Robertson က သုံးသပ်သည်။

အစိုးရသစ် သက်တမ်းကာလ၏ အလုံးစုံစီမံခန့်ခွဲ လုပ်ဆောင်မှုကာလဖြစ်သည့် ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင်တွက်ချက်မည်ဆိုပါက အစိုးရသစ်လက်ထက် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ဘီလျံ ၇၆၃ဝ ကျော်အထိ ဖြစ်ပေါ်နေပြီး ယခင်အစိုးရလက်ထက် တာဝန်လွှဲပြောင်းယူစကာလ ဖြစ်သည့် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အား ထည့်ပေါင်းမည်ဆိုပါက အစိုးရသစ်သက်တမ်း ဘဏ္ဍာနှစ်လေးနှစ်အတွက် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ဘီလျံ ပေါင်း ၉၈ဝဝ ခန့် ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ် လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ ၉၈ဝဝ ကျော်ခန့်အထိ ဖြစ်လာနေမှု ကြောင့် ပြည်သူများ ထိခိုက်နစ်နာစေသည့် ငွေကြေးဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှု အနေအထားများအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ Eleven Media Group က မေးမြန်းရာ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဝန်ကြီးဌာနများအနေနှင့် သုံးငွေကို ခန့်မှန်းသည့်အခါ ပိုမိုတွက်ချက်ထားသည့်အတွက် ဘတ်ဂျက်လိုငွေ များပြားနေသော်လည်း ဘဏ္ဍာနှစ်တစ်နှစ် ကုန်ဆုံးချိန်တွင် အမှန်တကယ် ထွက်လာသည့် ဘတ်ဂျက်လိုငွေမှာ ခန့်မှန်းထားတာထက် ပိုမိုနည်းပါးနေကြောင်း မေ ၁၆ ရက်က ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေပြဿ နာအား ငွေရိုက်ထုတ်ခြင်း၊ ငွေစုငွေချေးစာချုပ်များ ထုတ်ရောင်းခြင်း နည်းနှစ်နည်းဖြင့် ဖြေရှင်းလေ့ရှိပြီး ထိုသို့ ဘတ်ဂျက်လိုငွေ ပြလာသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံဒုက္ခရောက်စေသည့် အရင်းခံအချက်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်အပါအဝင် ပညာရှင်များက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ်လျှော့ရိုက်ခဲ့ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို က ဆိုသည်။

“မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။ ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူ တွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ”ဟု မြန်မာဂျပန် ဖက်စပ်တည်ထောင်ထားသည့် Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ လုပ်သက်ရှိ ဦးကျော်စိန်က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ် ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ် အထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိကာလတွင် အမေရိကန်တစ် ဒေါ်လာလျှင် မြန်မာကျပ်ငွေ ကျပ် ၉၆ဝ ဝန်း ကျင်တွင် ငြိမ်သက်နေသည်မှာ သုံးလဝန်း ကျင်ခန့်ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲ နှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၄ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှုစရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိသည့်ဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့် လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်က ဆိုသည်။

ပညာရေးဝန်ကြီးဌာနအတွက် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် အစိုးရက ဘတ်ဂျက်ခွဲဝေမှုတွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်ထက် ဘီလျံ ၃၁ဝ ခန့် ပိုမိုခွဲဝေပေးခဲ့သော်လည်း အဆိုပါပမာဏအား ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းလစာတွင် ဘီလျံ ၁၆ဝ ခန့်အား သုံးစွဲခဲ့သည့်အတွက် ပြည်သူများ အမှန်တကယ်လိုအပ်သည့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ ရရှိမှုမရှိခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနကိုလည်း ဘတ်ဂျက်တိုးမြှင့်ပေးထားကြောင်း ဘတ်ဂျက်တိုးမြှင့်ပေးအပ်သော်လည်း ပြည်သူများလိုအပ်သည့် စီမံကိန်းများအား အမှန်တကယ်ဖြစ်ပေါ်လာရန် ခဲယဉ်းနေကြောင်းလည်း Bart Robertson က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနများသည် ဘတ်ဂျက်ခွဲဝေမှုအတွက် ဘဏ္ဍာနှစ်အလိုက် အရအသုံးငွေစာရင်းများ တင်ပြရာတွင် လိုအပ်သည့် ပမာဏထက် ပိုမိုတင်ပြနေခြင်းကြောင့် ဘဏ္ဍာနှစ်တစ်နှစ်၏ ဘတ်ဂျက်စာရင်းများတွင် ဘီလျံပေါင်းများစွာ ဖြတ်တောက်နေရကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ သာမန်စစ်ဆေးရန် မဖြစ်နိုင်သည့် ကုန်ကျစရိတ်များ၊ မည်သည့်နေရာတွင် သုံးမည်ဆိုသည့် ပမာဏမပါဘဲနှင့် ဘုရားငါးဆူ ရေတိုက်စားမှုမှ ကာကွယ်ရန်ဆိုသည့် ဘတ်ဂျက်တောင်းခံစရိတ်များ၊ ဆီးဂိမ်းစ်ကျင်းပပြီးသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအား ပြုပြင်ရန်ဆိုကာ ကျပ်သိန်းပေါင်းထောင်နှင့်ချီ၍ ယခုနှစ်တွင် တောင်းခံသဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် မကိုက်ညီသဖြင့် ဖြတ်ချခဲ့ရသည်များ စသည့် ဖြစ်ရပ်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာနှင့် နှစ်စဉ်ရုပ်သံရိုက်ကူးစက်များ ဝယ်ယူသည့် အနေအထားများစွာမှာ စစ်ဆေးရန်ခက်ခဲကြောင်း၊ ထိုသို့သော ဘတ်ဂျက်ပိုမိုတင်သည့် ပမာဏများကို လွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“ဘတ်ဂျက်တင်တဲ့အခါ များများတင်လိုက်ပါ။ သူတို့ဖြတ်ချမှာနဲ့အတော်ပဲဆိုတဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို အရင်ဆုံးပြုပြင်ဖို့ လိုပါတယ်”ဟု အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်က သုံးသပ်သည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP (Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။ အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာရေးနှစ်အကုန်တွင် ခြောက်ရာခိုင်နှုန်းအထက် ရောက်ရှိနေမည်ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း အမြင့်ပိုင်း၌ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖိုဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်”ဟု IMF၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝဝ၉ ခုနှစ်တွင် ၈ ဒသမ ၂ရာ ခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇ ဒသမ ၇ရာ ခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင် နှုန်း၊ ၂ဝ၁၂ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း နှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တို့ဖြစ်ပြီး GDP တွင်မူ ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒ သမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့်မြင့်တက်ခဲ့သော်လည်း ငွေကြေးများရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ်တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားသည်။

“ငွေဖောင်းပွမှုကြောင့် ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်း ကျတယ်။ ပုံသေဝင်ငွေပဲရတဲ့ ကျွန်တော်တို့လို ပင်စင်စားတွေ ဒုက္ခရောက်မယ်။ ငွေဖောင်းပွမှုကြောင့် မမျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမယ်။ ငွေဖောင်းပွမှုရှိ နေရင် ကုန်ဈေးနှုန်းတွေတက်နေတာနဲ့ပဲ ချမ်းသာတဲ့သူတွေ ဟန်ကျနေမယ်။ ငွေဖောင်းပွမှုကို မထိန်းနိုင်ရင် စားသုံးသူရော၊ လုပ်ငန်းရှင်တွေရော တစ်တိုင်းပြည်လုံးပါ ဒုက္ခရောက်သွားမယ်”ဟု ဒေါက်တာဦးမြင့်က သုံးသပ် ပြောကြားခဲ့သည်။

“ဘတ်ဂျက်လိုငွေပြပြီးတော့ အစိုးရအသုံးစရိတ် မြင့်မားလာတာနဲ့အမျှ ငွေဖောင်းပွမှုကို တိုက်ရိုက်သွားပြီး သက်ရောက်ပါတယ်။ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေဖောင်းပွမှုကလည်း တိုက်ရိုက်အချိုးကျနေပါတယ်။ စီးပွားရေးဖွံ့ဖြိုးလာတာနဲ့ အမျှ ငွေဖောင်းပွမှုလည်း ဖြစ်လာပါတယ်။ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက် မများအောင်တော့ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ အတိုင်းအတာတစ်ခုအထိ ရောက်နေအောင်လည်း ကျွန်တော်တို့ရဲ့ဘဏ္ဍာရေးမူဝါဒအရ ခွင့်ပြုလိုက်တဲ့ နိုင်ငံအတွင်းစီးဝင်သွားတဲ့ ငွေတွေကို ငွေကြေးမူဝါဒနဲ့ပြန်ပြီးတော့ ထိန်းချုပ်ရပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဦးမောင်မောင်ဝင်းက Eleven Media Group ၏ မေးမြန်းမှုအပေါ် မေ ၁၇ ရက်တွင် ဖြေကြားသည်။

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအတွက် ဘတ်ဂျက်ခွဲဝေမှုအား ဘဏ္ဍာရေးနှစ်အလိုက် ထုတ်ပြန်ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ခံရေးဆွဲပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြကာ လွှတ်တော်အတွင်း တင်သွင်း၍ လွှတ်တော်၏ ဆုံးဖြတ်မှုအား ခံယူရကြောင်း သိရသည်။

လွှတ်တော်အတွင်း၌ ဆုံးဖြတ်မှုခံယူသည်ဟုဆိုသော်လည်း လွှတ်တော်အမတ်များတွင် ဘတ်ဂျက်ဆိုင်ရာကျွမ်းကျင်သူ နည်းပါးသည့်အတွက် ဘဏ္ဍာရေးကော်မရှင်က ချပြလာသည့် ဝန်ကြီးဌာနအလိုက် ဘတ်ဂျက်အား ကြီးမားသော ပြုပြင်ပြောင်းလဲမှု ပြု လုပ်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်ခွဲဝေမှုတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကသာ အများဆုံးအဖြစ် ရပ်တည်နေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်၍ တိုးတက်မှုရရန် လုပ်ဆောင်ရမည့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် အနည်းဆုံးအသုံးပြုနေသည်။ ထိုသို့ အနည်းဆုံးအသုံးပြုနေသဖြင့် အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး မြန်မာနိုင်ငံမှာ နိုင်ငံ့ရငွေမှ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ဘတ်ဂျက်သုံးစွဲမှု အနိမ့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ဝန်ကြီးဌာနများမှ နှစ်စဉ်ဘတ်ဂျက် တောင်းခံမှုများအား အသေးစိတ်ပေးအပ်မှု မရှိခြင်း၊ ရငွေနှင့် သုံးငွေစာရင်း၏ စာရင်းချုပ်အား ပေးအပ်မှုမရှိခြင်း၊ ဝန်ကြီးဌာနများမှ နှစ်အလိုက်တင်ပြလာသည့် စာရင်းဇယားများအား လွှတ်တော်အမတ်များသို့ ပေးအပ်ရာတွင် စနစ်တကျ တင်ပြခြင်းမရှိ ဖြစ်နေကြောင်း လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းက ပြောကြားပြီး မြန်မာနိုင်ငံရှိ လွှတ်တော်အမတ် ၆ဝဝ ကျော်အနက် အစိုးရဘတ်ဂျက်အား လေ့လာဝေဖန်သည့် လွှတ်တော်ကိုယ်စားလှယ် ၄ဝ ခန့်သာ ရှိနိုင်ကြောင်း သုံးသပ်သည်။ ထို့ပြင် အမှန်တကယ်မလိုအပ်သည့် စီမံကိန်းများကိုလည်း စိစစ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ရန် လိုအပ်နေကြောင်းလည်း သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘတ်ဂျက်ရေးဆွဲရာ၌ သတင်းအချက်အလက်စီးဆင်းမှု နည်းပါးခြင်း၊ ပြည်သူလူထုပါဝင်မှု နည်းပါးခြင်း၊ စသည့် အချက်အလက်များကြောင့် ဘတ်ဂျက်ရေးဆွဲရာတွင် ပွင့်လင်းမြင်သာမှု နည်းပါးနေပြီး ပြည်သူလူထုပါဝင်လာရေး လုပ်ဆောင်ရန် လိုအပ်နေကြောင်း Bart Robert- son က ပြောကြားသည်။

Action Aid Myanmar က ယခုနှစ်ဆန်းပိုင်းတွင် ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဘတ်ဂျက်နှင့် ပတ်သက်၍ သေချာစွာနားလည်သည့် လူဦး ရေ ၂ ရာခိုင်နှုန်းခန့်သာ ရှိနေပြီး အထိုက်အလျောက် နားလည်သူ ၂၆ ရာခိုင်နှုန်းဝန်းကျင်နှင့် လုံးဝနားမလည်သူ အချိုးမှာ ၇၂ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံသည် ပြည်သူလူထုအတွက် အသုံးစရိတ်များဖြစ်သည့် ကျန်းမာရေးနှင့် ပညာရေး၊ စသည့် ကဏ္ဍများတွင် အာဆီယံနိုင်ငံများ အနက် တတိယမြောက် အနည်းဆုံးနိုင်ငံ ဖြစ်နေပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာရေးအသုံးစရိတ်များအား တိုးမြှင့်သုံးစွဲရန် လိုအပ်နေကြောင်း ပညာရှင်များက သုံးသပ် ပြောကြားသည်။

0 အကြံပြုခြင်း: