Tuesday, May 13, 2014

" ခင်ဗျားကို မကြိုက်ဘူးဗျ"



By Ma Nandar

သန်းခေါင်စာရင်း စစ်တယ်ဆိုပြီး ခြင်ထောင်ကို လှန်ကြည့်တဲ့အထိ အစော်ကား ခံနေရတာတောင်မှ၊ အထဲက အိပ်နေသူကို စောင်ဆွဲလှန်မသွားတာ၊ ပါးရိုက်မသွားတာ ကျေးဇူးတင်ရမယ်လို့ ရင်တမမနဲ့ အနှစ်(၅၀)ကျော် နေနေခဲ့ရတဲ့ ဘဝတွေ။

လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာတောင် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ဆန္ဒလေးကို ကျယ်ကျယ်မပြောရဲတဲ့ ဘဝတွေ၊

နာဂစ်မုန်တိုင်းလို သဘာဝဘေးအန္တရာယ်မျိုး ကျရောက်လို့ ပူဆွေးသောကရောက်ပြီး သေလုမြောပါး ဒုက္ခပင်လယ်ဝေနေရတဲ့အထဲ၊
ဟယ်လီကော်ပတာကြီးနဲ့ လာပြီး အိုးရှိလား၊ ခွက်ရှိလား လာမေးသူတွေကို နေပူကြီးထဲမှာ ခြေဗလာ၊ လက်ဗလာနဲ့ အပြစ်တစုံတရာမှ မပြုလုပ်ရပါဘဲနဲ့ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီနေရတဲ့ ဘဝတွေ၊

ရွှံ့ရေသာသာလောက်ကို သောက်နေရလို့၊ ရေကောင်းရေသန့်လေး လိုချင်ပါတယ် ပြောမိလို့ ပါးရိုက်တာတွေရော၊ ပုဆိုးလှန်တာတွေရော စုံနေအောင် ဆဲဆိုကြိမ်းမောင်းခံလိုက်ရတဲ့ ဘဝတွေ၊

စပါးစိုက်ပျိုးပေးနေတဲ့ တောင်သူလယ်သမားကြီးတွေကိုမှထမင်းတနပ်လျှော့စားခိုင်းပြီး အကြွေးဆပ်ခိုင်းခံရတဲ့ ဘဝတွေ......
စသဖြင့် စသဖြင့် ပြောရမယ်ဆို နှုတ်မှာ မဆန့်၊ ရင်မှာ အပြည့် လက်တွေ့ဘဝတွေ။

အဲသည့်လို ဘဝတွေက လွတ်မြောက်သွားပြီးသမ္မတတစ်ယောက်လမ်းလျှောက်လာနေချိန်မှာ သူမြင်နိုင်ကြားနိုင်တဲ့ နေရာကနေ " ခင်ဗျားကို မကြိုက်ဘူးဗျ" လို့ အန္တရာယ်ကင်းစွာ လှမ်းအော်ပြောနိုင်တဲ့ ဘဝတွေ ဖြစ်သွားပြီဆိုရင် ကျွန်ုပ်တို့ လူ့အခွင့်အရေးအတော်ကလေး ရသွားပြီလို့ (အကြမ်းအားဖြင့်) ပြောနိုင်ပါပြီ။

အစားကောင်းအသောက်ကောင်း ဆိုတာတောင်မှ ကိုယ်တိုင်စားဖူးသောက်ဖူးမှ အရသာ သိတာမျိုးကလား။
လူ့အခွင့်အရေးဆိုတာလည်း ဒီသဘောမျိုးပါပဲ။

ကျမတို့ မြန်မာပြည်သူလူထုအများစု အနေနဲ့မိမိတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ တခါမှ မခံစားဖူးဘဲ၊ ဆုံးရှုံးနေမှန်း မသိ ဆုံးရှုံးနေရတာကိုက အင်မတန် ဝမ်းနည်းစရာ၊ သနားဂရုဏာသက်စရာ ကောင်းလှပါတယ်။

ဒီတော့ကာ မြန်မာနိုင်ငံမှာက မွေးကတည်းက လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို လုယူခြင်းခံထားရတဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုအများစုဟာလည်း
ဟာလည်း

" လူ့အခွင့်အရေးဆိုတာ ငါ့အတွက်တော့ ရပ်ကွက်လူကြီးက ပြုံးပြနှုတ်ဆက်တာလောက်တောင် အရေးမပါ ပါဘူး " ဆိုတဲ့ အခြေအနေမျိုး၊ အနေအထားမျိုးရောက်အောင် ဖန်တီးခံထားရတဲ့အတွက် အဖိနှိပ်ခံ ပြည်သူလူထုတချို့အနေနဲ့ လူ့အခွင့်အရေးအတွက် တောင်းဆိုနေသူတွေကို အပိုတွေလုပ်နေသူများလို့ သဘောထား အပြစ်မြင်နေတာကိုလည်း အပြစ်မဆိုရက်ပါဘူး။

လောလောဆယ်မှာတော့ မြန်မာပြည်သူလူထုဟာလည်းလူ့အခွင့်အရေးရဲ့ အနှစ်အရသာကို မခံစားဖူးတဲ့ အချို့သော အယူဝါဒအစွဲကြီး နိုင်ငံများမှ ပြည်သူလူထုများနည်းတူသနားစဖွယ်လူသားများအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နေရပါတယ်ဆိုတာကို နားလည်သိရှိကြမယ်ဆိုရင်ဖြင့် လူ့အခွင့်အရေး ဆိုတာကြီးကို စိတ်ဝင်စားတန်ကောင်းပါရဲ့နော်။

နန္ဒာ

0 အကြံပြုခြင်း: