Friday, May 16, 2014

သမ္မတကြီးပေးတဲ့ဆု



======================
မာဂျေ

“အစ်ကိုကြီး ပိုးပုဆိုးကြီးကို မီးပူတိုက်နေတာ ဘယ်မင်္ဂလာဆောင် သွားမလို့လဲဗျ”…..
ဆိုပြီး တပည့်မောင်ကြွက်နီ ရောက်ချလာပါတယ်။

“မင်းမို့လို့ ဒီလိုသိမ်သိမ်ဖျင်းဖျင်း တွေးတတ်ပလေကွာ၊ မင်္ဂလာဆောင်သွားမလို့
မဟုတ်ဘူး ကိုယ့်လူ၊ နေပြည်တော်မှာ သမ္မတကြီးပေးတဲ့ဆု သွားယူမလို့”

“အလို ကျားသားမိုးကြိုး၊ စာပေနဲ့ ပတ်သက်ရင် ရပ်ကွက်ကပေးတဲ့ ဆုတောင်မရဘူးပဲနဲ့၊ ဘယ်စာပေဟောပြောပွဲကိုမှ လိုက်ဟောဖို့ အဖိတ်မခံရဖူးပဲနဲ့ ခင်ဗျားကြီးကို သမ္မတကြီးက ဘာဆုတွေ ပေးမလို့တဲ့လဲ၊ ဒီလူနဲ့ဒီလူ ကြည့်လည်း ဖြန်းပါဗျာ”

“တကယ်ပါ မောင်ကြွက်နီရ၊ ငါယူမဲ့ဆုက သူများတွေလို နှာခေါင်းအရှုံ့ခံရမဲ့ ဆုလည်း
မဟုတ်ဘူး။ ဒီဆုကြောင့် သမ္မတကြီးလဲ ခရိုနီတွေကိုပဲ ဆုပေးနေတယ်ဆိုတဲ့ ပြစ်တင်သံ
တွေ လျှော့ကျ သွားစေနိုင်သေးတယ်”

“ကဲကဲ..မယုံတာကနောက်၊ လောလောဆယ် ခင်ဗျားကြီးကို ဘာဆုပေးမှာလဲ ပြောစမ်းပါဦး”

“ငါ့ကိုပေးမဲ့ဆုက ဒီနှစ်မှထွင်ပေးတာ၊ အစိုးရကို အဆဲဆုံး (အဲလေ) ပြတ်ပြတ်သားသား
ဝေဖန်ထောက်ပြတဲ့ဆု၊ တစ်နှစ်လုံး အစိုးရကို ဖားပြီး ရေးပေးနေတဲ့ ဂျာနယ်လစ် တစ်ယောက်ကတော့ ဒီလိုဆုသာ ပေးမှန်းသိရင် မြို့မေတ္တာခံယူပြီး အစိုးရဘက်ကနေ လိုက်မရေးပါဘူး၊ သူလဲ ဆဲတတ် (အဲလေ) ဝေဖန်တတ်ပါတယ်ဆိုပြီး ယူကျုံးမရ ဖြစ်နေသေးတယ်ကွ”

“ခင်ဗျားကြီးကတော့ နိုင်ကိုမနိုင်ဘူး၊ ဘာတဲ့ ခင်ဗျားရမဲ့ဆုက အစိုးရအဖွဲ့ကို ဝေဖန်
ထောက်ပြနိုင်ဆုံးဆု ဟုတ်လား၊ အဲဒါအစိုးရက မကောင်းတတ်လို့ အဲဒီ နာမည်
ပေးထားတာ နေမှာ၊ သူတို့ပေးချင်တဲ့ ဆုကသောက်မြင် အကပ်ဆုံး ဂျာနယ်လစ်ဆု
ဖြစ်လိမ့်မယ်၊ ဒါထက် နေစမ်းပါဦး သမ္မတ ဆုပေးတဲ့ အထဲမှာ ခင်ဗျားတို့က ဒီလူဟာ မကောင်းပါဘူး၊ အစိုးရပိုင် မြေတွေကို သူပိုင်လုပ်တယ်၊ အမြဲ မလိမ့်တစ်ပတ်လုပ်ပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ သူ့အိတ်ကို ဖောင်းအောင် ကြံနေတတ်တယ်ဆိုပြီး တွယ်ထားတဲ့ ခရိုနီတွေလည်း ဆုရတယ်ဆို”

“ငါလည်းကြားတာပဲ၊ ဘေးချင်းသာ ကပ်ထိုင်ရရင်တော့ မျက်နှာပူစရာကြီး၊ ဒါပေသိ
အဲဒီ အခါကျရင်လည်း မိတ်ဖွဲ့ပြီး ဂျာနယ်အတွက် သူတို့ဆီက ကြော်ငြာတွေ ဘာတွေ တောင်းလိုက်မှာပေါ့ကွာ၊ မင်းဆရာက မျက်နှာပြောင် တိုက်တတ်တဲ့ နေရာမှာ
နှစ်ယောက် မရှိပါဘူး” “ယုံပါတယ် ယုံပါတယ်၊ ယောက္ခမကို လက်သီးချင်း ယှဉ်ထိုး
မလား စိန်ခေါ်ပြီး ဟိုလူကြီးက သူ့အိမ်ပေါ်ကနေ ခင်ဗျားတို့ မိသားစုကို မောင်းချ
လိုက်တုန်းကလဲ ရွှေတိဂုံဘုရားက ကန်တော့ပွဲကြီးနဲ့ ပြန်တောင်းပန်ရဲတဲ့ ခင်ဗျားရဲ့ အခွက်ပြောင်တာကို သိပါတယ်”

“မောင်ကြွက်နီ၊ မင်းမဟုတ်တာတွေကို ငယ်ကျိုးငယ်နာ ပြန်ဖော်မနေနဲ့၊
ပြီးတာတွေက ပြီးခဲ့ပြီ”

“နို့ဒါဖြင့် ခင်ဗျားကြီးက ခရိုနီတွေ အစိုးရအဖွဲ့ဝင် ၀န်ကြီးဝန်ကလေးတွေ လာဘ်စားတာတွေကိုကျ ဘာလို့ပြန်ဖော်နေတာလဲ၊ သူ့ဟာသူ စားပြီးဝါးပြီးတာ ကြာပြီ၊ ထားလိုက်ပေါ့”

“မင်းက စားပြီးဝါးပြီးသွားတာ ကြာပြီလို့ ထင်နေတာကိုး၊ အခုထိ စားဆဲဝါးဆဲ
လက်သင့်ရာ စားတော်ခေါ်ဆဲ ဆိုတာရော မင်းသိရဲ့လား”

“ဒီမိုကရေစီခေတ်၊ ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ ဒါတွေ မရှိတော့ပါဘူးဗျ”

“အေး.. အဲဒီစကားကို တောသွားပြောရင်တောင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မင်းပြောတာတွေက စာရွက်ပေါ်မှာ၊ ဂျာနယ်တွေ ပေါ်မှာပဲ ရှိတာ”

“ထားပါတော့၊ ထားပါတော့၊ ခင်ဗျားကြီးက ဘယ်သူတွေကို ဝေဖန်လိုက်လို့
အခုလို ဆုရတာလဲ”

“ငါကများများ မဝေဖန်ပါဘူး၊ သမ္မတကြီး မနိုင်တဲ့ ၀န်ကြီးတစ်ပါးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ကိုပဲ တစ်နှစ်လုံး ဝေဖန်နေတာ၊ သူကိုယ်သူ လာဘ်မစားပါဘူး ဆိုတဲ့ ၀န်ကြီးကို
ဝေဖန်တာ၊ သမ္မတက သူလည်း မနိုင်တော့ သူ့ကိုယ်စား ငါကတွယ်ပေးတယ်ဆိုပြီး သဘောကျသွားပုံရတယ်”

“နေစမ်းပါဦး အဲဒီဝန်ကြီးကို ခင်ဗျားတွယ်နေတာ နှစ်ပေါက်နေပြီ မဟုတ်လား”

“အေးလေကွာ၊ လာဘ်စားရင်လည်း ငြိမ်ငြိမ်နေရတယ်ကွ၊ အခုတော့ လာဘ်လဲစားသေး၊ ကြီးကြီးကျယ်ကျယ် လာဘ်စားတာ သိရင်လာပြော အရေးယူ ပစ်လိုက်မယ်လည်းဆိုသေး၊
ငါ့မှာ သူ့ကိုလာဘ်ပေးဖူး သူတွေက လာပြောထားတာ နည်းမှတ်လို့၊ အခုတော့ ငြိမ်သွားပြီ၊ ငါတွယ်လွန်းလို့လားတော့ မသိဘူး”

“ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုရော ဘာလို့တွယ်တာလဲ”

“အဲဒီကော်မရှင်က လူတွေက နိုင်ငံခြား ကုမ္ပဏီတွေ ဖက်ကနေ ပင်းလွန်းလို့ဟေ့၊
ကမ္ဘာကျော် စီးကရက် ကုမ္ပဏီ တစ်ခုကို လာဘ်မစားပါဘူးလို့ ဗြောင်လိမ်တဲ့ ၀န်ကြီးက ခွင့်ပြုပေးလိုက်တယ်၊ အဲဒီကုမ္ပဏီက မာလ်ဘိုရိုကလွဲရင် ကျန်တဲ့ ကမ္ဘာကျော် စီးကရက် အားလုံးထုတ်တာ၊ ငါတို့က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အဲဒီကုမ္ပဏီက လန်ဒန်တင်
မကဘူး အခု လပ်ကီးစထရိုက်ပါ ထုတ်နေပြီ မတားကြတော့ဘူးလား မေးတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကုမ္ပဏီကိုပဲ ခွင့်ပြုတာ၊ သူ့ကုမ္ပဏီက ထုတ်ချင်တာ ထုတ်လို့ရသတဲ့။ ဒီပုံနဲ့ ဆိုရင် ကမ္ဘာကျော် စီးကရက်တွေ ခဲပြီး မြန်မာလူငယ်တွေ
သေပွဲဝင်ကြရတော့မယ်၊ ဒါကြောင့် တွယ်နေတာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အရာရှိတွေဆိုရင် လက်ဖျားငွေသီး နေတာကွ၊ ငါ့ကိုသာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး
ကော်မရှင်မှာ ခန့်ကြည့် ၀န်ကြီးဝန်ကလေးကစပြီး အကုန်လုံး ထောင်ထဲ ရောက်ကုန်မှာ”

“ဒါကြောင့် ခင်ဗျားကို စစ်တပ်က ထွက်ပေမဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ထဲတောင် ပေးမ
ဝင်တာပေါ့။ ခင်ဗျားကြီးက အမွှေကိုးဗျ။ ကဲဒီလောက် အဖွဲ့တွေ ဖွဲ့နေတာ ခင်ဗျားကြီးကို အစိုးရက ဘယ်အဖွဲ့ထဲမှာများ ထည့်ဖူးသလဲ”

“အောင်မယ်၊ ထည့်ရင်ရော သူများတွေလို အမြီးနန့်ပြီးပါမယ့် ကောင်လို့များ
ငါ့ကိုထင်နေသလား”

“အဲဒီလိုပြောပြီး သမ္မတပေးမဲ့ ဆုတော့ အမြီးနန့်ပြီး သွားယူမယ် မဟုတ်လား”…..ဆိုပြီး ဆရာကောင်း တပည့်ပီပီ တစ်ခွန်းမခံ ပြန်ခွပ်နေလို့ “သြော် မောင်ကြွက်နီ မောင်ကြွက်နီ၊ ဘယ်သမ္မတ ကမှလည်း ငါ့ကို ဆုမပေးဘူး။ ဒါက ယောက္ခမဆီက မင်္ဂလာဆောင်
သွားတုန်း ငှားဝတ်တဲ့ ပိုးပုဆိုး ပြန်ပေးရမှာမိုလို့ မီးပူတိုက်နေတာ၊ မင်းစိတ်ထားကို သိချင်လို့ ပြောချင်တာတွေ ပြောလိုက်တာတောင် မင်းကငါ့ကို ဒီလောက်ပြောနေတာ၊ တကယ်သာ သမ္မတက ငါ့ကို ဆုပေးမယ်ဆိုရင် မင်းတို့တစ်တွေ မနာလိုလုံးဆို့ပြီး
သေတောင် သွားနိုင်တယ်”……..လို့ ပြောပြီး အနိုင်နဲ့ ပိုင်းလိုက်ရတော့တယ်။
ဟာဟာဟ။

မာဂျေ

( Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါ သရော်စာဆောင်းပါး )

0 အကြံပြုခြင်း: