Friday, May 9, 2014

သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုပေးပွဲအရှုပ်တော်ပုံ




အမှန်တကယ် လူသားများအကျိုးပြု ဦးကျော်သူ၏ နာရေးကူညီမှု အသင်းကိုမူ သမ္မတ နိုင်ငံ့စွမ်းဆောင်ရည် ဆုမပေး . . .

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင်ဂုဏ်ပြုဆက်ကပ်ခြင်း ခံရသောဆရာတော်ကြီးများ၌
ဗိုလ်ချုပ် လက်ရေးမူအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုဆန္ဒပြ တောင်းဆိုရန် ရှေ့တန်းမှ ပါဝင်ခဲ့သည့်
ဆရာတော် အရှင်ဆန္ဒာဓိကနှင့်ဒုဥက္ကဋ္ဌဦးဌေးဦး၏ ကြံ့ခိုင်ရေး အသင်းမှ စတင်တည်ထောင်ခဲ့သော
ဟင်္သာတစက္ခုပါလာဒိ ဖောင်ဒေးရှင်းကို နိုင်ငံနှင့် ပြည်သူ့အကျိုးပြုဆုပေး


နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို သမ္မတအိမ်တော်တွင် မေလ ၃ ရက်က ပေးအပ် ချီးမြှင့်ခဲ့ရာ လူမှုအကျိုးပြုမှု အကောင်းဆုံး လူမှုရေး အသင်းအဖွဲ့ဆုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ လုပ်ဆောင်လျက်ရှိသည့် ဟင်္သာတမြို့နယ် စက္ခုပါလာဒိ ဖောင်ဒေးရှင်းကို ပေးအပ်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်ခွင့် အခွင့်အရေး တစ်ရပ် ဖြစ်လာနိုင်သည်ဟု မေလ ၆ ရက်တွင် အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

၂၀၁၄ ခုနှစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ပေးအပ်ရာ နိုင်ငံတော်၏ ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေး အသင်းအဖွဲ့ဆုကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ စက္ခုပါလာဒိ ဖောင်ဒေးရှင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ သုခကာရီ လူမှုရေးအသင်းတို့ ရရှိခဲ့သည်။

၂၀၁၄ ခုနှစ် နိုင်ငံ့စွမ်းဆောင်ရည် ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ရာ လူမှုအကျိုးပြု အနေဖြင့် အခြားသော အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များက လုပ်ဆောင်လျက်ရှိသည့် နယ်လှည့် မျက်စိအခမဲ့ကုသခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြုလုပ်သည့် မျက်စိအခမဲ့ ခွဲစိတ်ကုသခြင်း၊ သီတဂူ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ရွှေပြည်ဟိန်း စက္ခုဒါန ဖွင့်လှစ်ကုသခြင်း စသည့်အဖွဲ့များ ရရှိခြင်းမရှိဘဲ ပြည်ခိုင်ဖြိုးပါတီမှ ယခင်လုပ်ဆောင်ခဲ့ပြီး ယခုဟင်္သာတ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆက်လက် လုပ်ကိုင်လျက် ရှိသည့် စက္ခုပါလာဒိ ဖောင်ဒေးရှင်း ရရှိခဲ့သည့်အတွက် ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

““လူမှုရေးအဖွဲ့ အနေနဲ့ဆိုရင် ဦးကျော်သူတို့ နာရေးကူညီမှု အသင်းကို ရစေချင်ပါတယ်။ မျက်စိဆိုတာ အလင်းရောင်ပေးတဲ့ ဒါနတစ်မျိုးပေါ့။ ဒါကို မပေးသင့်ဘူးပြောတာ မဟုတ်ဘူး။ ဒါကို လုပ်နေတဲ့အဖွဲ့တွေ၊ နယ်လှည့် ကုနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ ဦးကျော်သူတို့လည်း လုပ်နေတာပဲ။ တကယ့်လူမှုအဖွဲ့တွေ ကျန်ပြီး ဒီလိုပေးတာက မဖြစ်သင့်ဘူးပေါ့။ ဖောင်ဒေးရှင်းမှာတောင် တကယ်ထိထိ ရောက်ရောက် လုပ်တာနဲ့ မလုပ်တာလည်း ကွာသေးတယ်။ အဲဒါကို ဆန်းစစ်ဖို့က ပြည်သူ့အသံပဲ နားထောင်ရုံပေါ့။ နယ်မြို့လေး တစ်မြို့မှာ အောင်မြင်ရုံနဲ့ ဆုရဖို့က မဖြစ်နိုင်ဘူးလေ။ ဆုဆိုတာ တစ်နိုင်ငံလုံးအပေါ်၊ နိုင်ငံတော်အပေါ်၊ ပြည်သူအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အရာမျိုးကို ပေးအပ်တာ။ အခုက ပါတီတစ်ခုရဲ့ လက်အောက်ခံ ဖြစ်နေတော့ စဉ်းစားစရာပေါ့””ဟူ၍ အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်သူ Winning Security Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။

နိုင်ငံ့စွမ်းဆောင်ရည်ဆု ရွေးချယ်ခြင်းသည် ပွင့်လင်းမြင်သာမှု မရှိဘဲ မည်သူများက ရွေးချယ်၍ မည်ကဲ့သို့ အမှတ်ပေး ဆုံးဖြတ်ခြင်းကို မသိရှိရသည့်အတွက် တရားမျှတမှု မရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကျန်းမာရေးကွန်ရက်မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက သုံးသပ်သည်။

““အခုက ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းပြီး အမှတ်ပေးတာလဲ။ ဒါတွေမသိရဘူး။ ဘယ်လိုမျိုးဆိုရင် အမှတ်က ဘယ်လောက်ရလဲ။ တစ်နိုင်ငံလုံးကို ကြည့်တာလား။ ဘာပဲဖြစ်ဖြစ် ပြည်သူကပေးတဲ့ အမှတ်၊ ပြည်သူက ပေးတဲ့ဆုမှ မွန်မြတ်တာပါ။ အခုလို ဘာတွေလုပ်ပြီး ဘယ်လိုရလဲ မသိရတော့ဘာ ရည်ရွယ်ချက် လဲတော့ ဘယ်သူမှ မသိနိုင်ဘူး။ ဒီလိုဖြစ်တာ နှစ်နှစ်ရှိပြီ။ ဝေဖန်သံတွေကို အတုယူရမှာပါ။ လေးစား ရမှာပါ””ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ဟင်္သာတမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ၂၀၀၉ ခုနှစ် မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့ထိ ကျန်းမာရေး ၀န်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ခိုင်ဖြိုးအသင်း စက္ခုပါလာဒိ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဟင်္သာတခရိုင်အတွင်းမှ မျက်စိဝေဒနာရှင် ၆၃၄၂ ဦးအား အခမဲ့ စမ်းသပ် ကုသပေးခဲ့ရာ ၈၆၈ ဦး ခွဲစိတ်ပြီး သာမန်ပြသသူ ၅၄၇၄ ဦး ရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရ လယ်/ဆည်ဝန်ကြီး ဦးဌေးဦးသည် စက္ခုပါလာဒိ ဖောင်ဒေးရှင်းသို့ မတည် လှူဒါန်းငွေကျပ် သိန်းပေါင်း ၇၉၄၁၃၇၀၀ လှူဒါန်းခဲ့ပြီး ပါတီ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီးနောက် ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်းသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပရာ ဟင်္သာတမြို့သို့ ဇနီးဒေါ်နီနီဝင်းနှင့်အတူ ဦးဌေးဦး တက်ရောက်ခဲ့သည်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆုဟူ၍ ကြံ့ခိုင်ရေးဒုဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတ စက္ခုပါလာဒိ ဖောင်ဒေးရှင်းကို ရွေးချယ် ပေးအပ်ခဲ့သော်လည်း တစ်နိုင်ငံလုံး ထောက်ခံမှု ရရှိထားသည့် မြန်မာပညာရှိ ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ တည်ထောင်ခဲ့သော ဦးကျော်သူ ဥက္ကဋ္ဌ တာဝန်ယူထားသည့် နာရေးကူညီမှု အသင်းကိုမူ နိုင်ငံတော် သမ္မတက ဆုရွေးချယ် သတ်မှတ်ပေးခဲ့ခြင်း တစ်စုံတရာမရှိခဲ့ပေ။ ထို့အပြင် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက် ကျော်သူရေးသားသော ““ကျွန်တော်သာ သမ္မတကြီးဖြစ်ရင်””စာအုပ်ကြော်ငြာနှင့် ပတ်သက်၍လည်း အစိုးရသတင်းစာများမှ ဖြတ်တောက် ပိတ်ပင်ခြင်းလည်း ခံခဲ့ရသည်။

ဘာသာ၊ သာသနာ အတွက် ထူးချွန်သည်ဟူ၍ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုဆက်ကပ် ပူဇော်သည့် ဆရာတော်ကြီး ၈ ပါးတွင် ပါဝင်သော ဆရာတော် အရှင်ဆန္ဒာဓိကသည် မကြာသေးမီက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ရေနံချောင်းခရီးစဉ် ဗိုလ်ချုပ်လက်ရေးမူ စာအုပ် လွှတ်တော်သို့ ယူဆောင် သွားခဲ့ခြင်းအား ဒေသခံအချို့မှ ပြန်လည် တောင်းဆိုခြင်းအတွက် ဆရာတော် အရှင်ဆန္ဒာဓိကမှ ရေမြေ့သေနင်း ပြည့်ရှင်မင်းများသို့ မေတ္တာရပ်ခံ၍ အတူပါဝင် ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခဲ့ခြင်းရှိခဲ့သည်။ သို့သော်လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စစ်၊ မစစ် မသေချာကြောင်း မှတ်ချက်ပြုခဲ့ပြီးနောက် ဗိုလ်ချုပ် လက်ရေးမူ စာအုပ်ကို ရေနံချောင်း ဒေသခံများက အမျိုးသား လွှတ်တော်သို့ လာရောက်၍ ပြန်လည်ယူဆောင် သွားခဲ့ကြရာမှ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ရေနံချောင်း ဒေသခံ များ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဆန္ဒပြတောင်းဆိုရန် အစီအစဉ် ရပ်ဆိုင်းသွားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ဂုဏ်ပြုဆက်ကပ်ခြင်း ခံရသော ဆရာတော်ကြီးများအား သမ္မတဦးသိန်းစိန်မှ ဆက်ကပ်ပြီးနောက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အတူတက်ရောက် ပါဝင်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အစိုးရ၏ ယိုယွင်းနေသော ပညာရေးစနစ် အတွက် လွှတ်တော်တွင်း၌ ပညာရေးဒုဝန်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခြင်း၊ အစိုးရ၏ လုပ်ဆောင်ချက် အမှားများကို အတိအလင်း ထောက်ပြခြင်းများအတွက် အစိုးရအဖွဲ့အတွင်း၌ မကျေမလည် ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ““မြန်မာ့လွှတ်တော်ပုံရိပ်””စာအုပ်၌လည်း ဦးခင်အောင်မြင့်၏ ပြောကြား ချက်များကို အစိုးရ သတင်းစာ ကြော်ငြာဌာနမှ ဦးခင်အောင်မြင့်၏ အမည်အပါဝင် ဆင်ဆာဖြတ်တောက် ဖော်ပြခြင်း၊ ဦးခင်အောင်မြင့် ဓာတ်ပုံပါသော သတင်းဂျာနယ် ကြော်ငြာကို ထည့်သွင်းခွင့် မရခြင်းများလည်း ရှိခဲ့သည်။

ဝတ်ရည်နွေးနွေး

http://myanmarthandawsint.com/

0 အကြံပြုခြင်း: