Thursday, May 1, 2014

ရာနှုန်းပြည့်စံနှုန်းကို မမီသော လမ်းတစ်လမ်းဖြစ်တယ်ဆိုတာ သတိမမေ့ထားကြဖို့




Eleven Media Group

အမြန်လမ်းနှင့် ဖြေရှင်းရမည့်ပုစ္ဆာ

(Written by: သစ်ထွဋ်)

ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပေါ်လေ့ရှိတဲ့ အဝေးပြေးလမ်းမကို အသုံးပြုပြီး သင်ခရီးသွားရမယ် ဆိုပါစို့။ သင့်အနေနဲ့ ဘယ်အရာကို ကိုးကွယ်အားထားရာအဖြစ် လက်ကိုင်ပြုပြီး သွားသင့်တယ်လို့ ထင်မြင်မိပါသလဲ။

သေဆုံးသူ ၁၃ ဦးနှင့် အများဆုံးစံချိန်

မြန်မာနိုင်ငံရဲ့ တောင်နဲ့မြောက် သွယ်တန်းထားတဲ့ အဓိကလမ်းမကြီးတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ယာဉ် မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး ဧပြီလအတွင်း ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အများပြည်သူတွေအကြား ရန်ကုန်မန္တလေး အမြန်လမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တိုးပွားလာပါတယ်။ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ချက်တွေမှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု (၂၂) ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့ကာ ဧပြီ ၁၂ ရက်ကဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု တစ်ခုကတော့ အမြန်လမ်းတစ်လျှောက် ယာဉ်တိုက်မှုဖြစ်စဉ် တစ်ခုအတွင်း သေဆုံးသူ ၁၃ ဦးနဲ့ အများဆုံး စံချိန်တင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကားနှစ်စီး ယှဉ်မောင်းရာကနေ ခရီးသည်တင် ဘတ်စ်ကားကြီးက လူစီးကားလေးကို တိုက်မိပြီး ကားလေးက ဓာတ်ဆီတိုင်ကီပေါက်ပြီး မီးလောင်ရာက ဘတ်စ်ကားကြီးနဲ့ လူစီးကားပေါ်က ၁၃ ဦးအထိ သေဆုံးခဲ့ရတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ပါ။

တိုးလာသည့် ယာဉ်တိုက်မှု

တကယ်တော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်မှာ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ တရားဝင် စတင်အသုံးပြုခွင့် ပြုခဲ့စဉ်ကတည်းက ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့ရာမှာ လက်ရှိအမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုတွေ အရင်ကထက် တိုးပြီးဖြစ်ပွားလာတယ်လို့ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့က အကြီးအကဲတွေယ်တိုင် တရားဝင်ထုတ်ဖော် ပြောကြားခဲ့ရပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို ကြည့်ရင်လည်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှု ဖြစ်ပွားခဲ့တာ တွေ့ရပြီး သေဆုံးသူဦးရေ ၁၁၃ ဦးနဲ့ ဒဏ်ရာရသူ ၆၂၇ ဦး ရှိခဲ့ပါတယ်။

ယခု ၂၀၁၄ ခုနှစ်ထဲမှာတော့ နှစ်စကနေ ပြီးခဲ့တဲ့ သင်္ကြန်အပြီး ကာလအထိ ယာဉ်တိုက်မှု ၁၄၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၂၆၂ ဦးရှိခဲ့ရာ ယမန်နှစ် သေဆုံးခဲ့သူတွေရဲ့ အရေအတွက်ရဲ့ ထက်ဝက်နီးပါးခန့် နှစ်စပိုင်း လေးလမကုန်သေးခင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးခဲ့ရတာ တွေ့ရပါတယ်။

နေ့စဉ်နီးပါး

သေဆုံးထိခိုက်မှုတွေ တိုးလာပေမယ့် ယာဉ်တိုက်မှုတွေက လျော့မကျသွားပါဘူး။ အမြန်လမ်းပေါ်က ယာဉ်တိုက်မှု သတင်းတွေကို နေ့စဉ်နီးပါး မီဒီယာတွေမှာ ဖတ်နေရဆဲ ဖြစ်ပါတယ်။ လက်ရှိနေ့စဉ် အမြန်လမ်းကို အသုံးပြုတဲ့ မော်တော်ယာဉ်စီးရေဟာ ၅၀၀၀ ကနေ ၇၀၀၀ ကြားထဲမှာ ရှိနေတာကြောင့်လည်း အရင်နှစ်များထက်စာရင် အမြန်လမ်းအသုံးပြုတဲ့ မော်တော်ယာဉ်အရေအတွက် တိုးလာတာ ဖြစ်ပါတယ်။ ယာဉ်စီးရေတိုးလာတာကြောင့် ယာဉ်တိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ရာ ယာဉ်တိုက်မှုဖြစ်စဉ်တိုင်းမှာ ပါဝင်ခဲ့တဲ့ ယာဉ်တွေဟာ အရှိန်နှုန်းမြင့် မောင်းနှင်မှုတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း အမြန်လမ်းရဲ့ တည်ဆောက်ရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် မဖြစ်သင့်တဲ့ ယာဉ်တိုက်မှုအချို့ ဖြစ်ပွားခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလမ်းကို တည်ဆောက်ခဲ့သူတွေကိုယ်တိုင် လမ်းတည်ဆောက်မှုတွင် လိုအပ်ချက်တွေ ရှိတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ဖူးပေမယ့် ယနေ့အချိန်အထိ သိသာတဲ့ ပြင်ဆင်မှုတွေကို မတွေ့ရသေးသလို ယာဉ်တိုက်မှုတွေဟာလည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်ပါတယ်။

အရှိန်ပြင်းမောင်းနှင်မှုများ

သက်ဆိုင်ရာက အမြန်လမ်းတစ်လျှောက် အရှိန်ပြင်းမောင်းနှင်မှု မရှိစေဖို့ အရှိန်ထိန်းကိရိယာနဲ့ ဖမ်းဆီးအရေးယူလျက် ရှိနေသော်လည်း အရှိန်နှုန်းမြင့် မောင်းနှင်တဲ့ ယာဉ်တွေကို အမြန်လမ်းပေါ်မှာ တွေ့နေရဆဲပါ။ အမြန်လမ်းမှာ အရှိန်ထိန်းကိရိယာနဲ့ ဖမ်းခဲ့ရတဲ့ အကြိမ်တွေကို လေ့လာကြည့်ရင် ဧပြီလ၀က် အတိုင်းအတာ အတွင်းမှာပင် ၄၅၀ အကြိမ် ရှိခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အမြန်လမ်းယာဉ်တိုက်မှုတွေမှာ ယာဉ်တိုက်ရုံသာမက မော်တော်ယာဉ်မီးလောင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ အချို့ဖြစ်စဉ်များတွင် လူသေဆုံးမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုတွေ ရှိလာတာကြောင့် အမြန်လမ်း အသုံးပြုနေသူတွေအကြား ဝေဖန်မှုတွေ တိုးလာပေမယ့် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောကို အချိန်တိုအတွင်း သွားလာနိုင်တဲ့ လမ်းတစ်လမ်းဖြစ်တာကြောင့် အသုံးပြုသူတွေဟာ စိုးရွံ့မှုတွေ ရှိနေပေမယ့် ဆက်လက်အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

လိုအပ်ချက်များစွာ

တကယ်တော့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းကို ၂၀၀၅ ခုနှစ် နေပြည်တော် စတင်တည်ဆောက်ချိန်က စတင်ပြီး ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ထဲမှာတော့ ရန်ကုန်မှ မန္တလေးသို့ အပြီးဆက်သွယ် ဖော်လုပ်နိုင်ခဲ့ပါတယ်။ အမြန်လမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှု အမြဲရှိတဲ့ အချက်များကတော့ ကွန်ကရစ်လမ်း ဖြစ်နေခြင်း၊ လမ်းပိုင်းဆိုင်ရာ ဖောက်လုပ်မှုဒီဇိုင်း (အထူးသဖြင့် တံတားများကို ပင်မလမ်းထက် ကျဉ်းမြောင်းနေခြင်း) မှာ လိုအပ်ချက်များရှိခြင်းနဲ့ အဝေးပြေးလမ်းမကြီးတွေမှာ ရှိသင့်တဲ့ လိုအပ်ချက်အချို့ ထည့်သွင်းဆောက်လုပ်ထားခြင်း မရှိခြင်းနဲ့ လမ်းကိုအသုံးပြုနိုင်ဖို့အတွက် လမ်းဖောက်လုပ်သူတွေကို ဖိအားပေးခဲ့တာတွေ ရှိခဲ့တာကြောင့် အလျင်စလို ဖောက်လုပ်ခဲ့ရတဲ့အတွက် လမ်းမှာလိုအပ်ချက်တွေ ရှိနေတယ်ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။ ယခုလို လိုအပ်ချက်များ ရှိနေတဲ့ အမြန်လမ်းနဲ့ ပတ်သက်ပြီး စံနှုန်းမီ အမြန်လမ်းမကြီး ဖြစ်လာဖို့အတွက် ဂျပန်ကပညာရှင်တွေ လာရောက်လေ့လာခဲ့ရာမှာ ပြန်လည်ပြင်ဆင်ရန်နဲ့ အဆင့်မြှင့်ရမယ့် လုပ်ငန်းတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပေမယ့် ပြင်ဆင်မှုတွေကို ကြီးကြီးမားမား မတွေ့ရသေးဘဲ ယနေ့အထိတော့ ယာဉ်တိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေတာပါ။

အဖြေရှာသင့်ပြီ

ဒါကြောင့် ယာဉ်တိုက်မှုတွေမှာ ယာဉ်ထိခိုက်ပျက်စီးမှုတွေအပြင် လူသေဆုံးမှုတွေ များလာတဲ့ အမြန်လမ်းနဲ့ပတ်သက်ပြီး အဖြေရှာဖို့ လိုအပ်လာပါပြီ။ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ချက်တွေကို ဘယ်လိုစီမံ ဆောင်ရွက်ရမလဲဆိုတာ အချိန်ဆွဲမနေဘဲ ပြုလုပ်သင့်ပါပြီ။ အဓိကအားဖြင့် ပြင်ဆင်ဖို့ အခြေအနေ မပေးသေးဘူးဆိုရင်လည်း ရနိုင်တဲ့ဘက်က ယာဉ်တိုက်မှုတွေ လျော့ကျလာစေဖို့ အစီအမံတွေကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ချမှတ်ဖို့ အချိန်တန်ပါပြီ။ ဥပမာအားဖြင့် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့သူတွေကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ရမှာဖြစ်သလို စီးနင်းသူများပြီး အသွားအလာများတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကိုလည်း စနစ်တကျမောင်းနှင်ဖို့ ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးရတဲ့ ဖြစ်ရပ်တွေကို ရှောင်လွှဲလို့ရနိုင်မှာ ဖြစ်ပါတယ်။

လမ်းကို အသုံးပြုသူတွေ အနေနဲ့လည်း အမြန်လမ်းကို အသုံးပြုတဲ့နေရာမှာ သတိတရားကို အမြဲလက်ကိုင်ထားပြီး ကိုယ်အသုံးပြုနေတဲ့လမ်းဟာ အမြန်လမ်းများရဲ့ ရာနှုန်းပြည့်စံနှုန်းကို မမီသော လမ်းတစ်လမ်းဖြစ်တယ်ဆိုတာ သတိမမေ့ထားကြဖို့ လိုပါတယ်။ အစိုးရ တာဝန်ရှိသူတွေကလည်း ယခုလို လူရာနဲ့ချီ သေဆုံးမှုများ ရှိနေတဲ့ အမြန်လမ်းကို အချိန်ဒီထက်မလင့်ခင် ဒီထက်ဝမ်းနည်းစရာတွေ မကြုံတွေ့ခင်မှာ အမြန်ဆုံးမြင့်တင် ပြုပြင်နိုင်ဖို့၊ ယာဉ်တိုက်မှုများ လျော့ကျဖို့ အရေးယူ ဆောင်ရွက်ပေးပါလို့ စိုးရိမ်စိတ်များနဲ့ ခရီးသွားနေရသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။

(ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုအမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် ယာဉ်ကြောတူမောင်းနှင်လာသော အဖြူရောင် ဆလွန်းကားသေးယာဉ်တို)

0 အကြံပြုခြင်း: