Saturday, April 12, 2014

ဒဏ်များဖြင့် ဦးမောင်သိန်း ကွယ်လွန်



အညတရ သူရဲကောင်း ဦးမောင်သိန်း ကွယ်လွန်သွားရှာပြီ
Arakan Times

ပြင်းထန်သော ဒဏ်များဖြင့် ငါးရက်ကြာ သတိမေ့နေသော အညတရသူရဲကောင်း ဦးမောင်သိန်း ယနေ့ (၁၁.၄.၂၀၁၄) ညနေ ၁၀ နာရီ ၃၅ မိနစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဦးမောင်သိန်းမှာ စစ်တွေမြို့ ဓည၀တီရပ်ကွက်မှ ဖြစ်ပြီး သူ၏ အသက်မှာ ၅၀ ကျော်ဖြစ်၍ လူမှားဖမ်းဆီးခံရာကနေ အကျဉ်းထောင်ထဲတွင် ပြင်းထန်သော ဒဏ်ရာများနှင့် ဆေးကုသမှု ခံယူနေချိန်တွင် ယခုလို ကွယ်လွန်သွားခြင်းဖြစ်သည်။

သူ့ကို ယခုဆေးရုံတွင် ကောင်းမည်ဟု မထင်ကာ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် မနက်ဖြန် လေယာဉ်ဖြင့် သွားမည်ဟု ပြင်ဆင်ခဲ့သည်။ သို့သော် မရောက်ရှိခဲ့ပေ။

ဦးမောင်သိန်းအား ကုသနေသော ဆရာဝန်က ဦးနှောင့်သွေးကြောပေါက်၍ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပြောကြားပြီး သို့သော်လည်း မကွယ်လွန်မီတွင် ပါးစပ်မှ သွေးစိမ်းများထွက်ပြီး၊ ကွယ်လွန်ပြီးနောက်တွင်လည်း ခန္ဒာကိုယ်၌ အကွက်အကွက်ပေါ်နေပြီး မသင်္ကာစရာများ တွေ့နေရကြောင်း သားကြီးဖြစ်သူ ကိုနိုင်စိုးက ပြောသည်။

'' သွေးစိမ်းတွေ အော့အမ်ခဲ့ပါတယ်။ ခန္ဒာမှာလည်း အကွက်အကွက်ပေါ်ပါတယ်။ ကျနော်တို့ မသင်္ကာဘူး။ မသင်္ကာဆိုတာက ကျနော့်အဖေဟာ ထောင်ထဲမှာ အဆိပ်တစ်ခု မိသွားတဲ့ပုံစံကို တွေ့နေရပါတယ်။ '' ဟု သူကဆိုသည်။

ဦးမောင်သိန်း စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိခဲ့စဉ်မှ ယခုကွယ်လွန်သွားသည်အထိ သက်ဆိုင်ရာ ရဲများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးမှုများ၊ ကူညီမှုများ ပြုလုပ်ပေးခြင်း မရှိခဲ့ကြောင်း ကိုနိုင်စိုးက ဆက်ပြောသည်။

ဦးမောင်သိန်းအပြင် သူ၏ ညီမဖြစ်သူ ဒေါ်ခင်မြ၀င်းလည်း ဖမ်းဆီးခံခဲ့ရပြီး ယခု စစ်တွေဆေးရုံတွင် အတိတ်မေ့သည့်ပုံစံ၊ အရူးတပိုင်းဖြစ်နေသည့်ပုံစံဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လှမောင် (စစ်တွေ)

 (ဓါတ်ပုံ - ပျံလွှား)

0 အကြံပြုခြင်း: