Tuesday, April 8, 2014

ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးနှင့် စစ်တပ် ၂၅ ရာခိုင်နှုန်း




O’Laie Manzu

၂၀၁၅ ရွေးကောက်ပွဲကြီးနီးလာတာနဲ့အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်းတွေလည်း သတင်းတွေထဲမှာ မကြာခဏတွေ့နေရတယ်။ ဖွဲ့စည်းပုံကိုပြင်ဆင်နိုင်ဖို့အတွက် အဓိကအကျဆုံးကတော့ ပြင်ဆင်နိုင်တဲ့နည်းလမ်းတွေကို ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခန်း (၁၂) ပုဒ်မ (၄၃၆) ကိုပြန်ပြီး စမ်းစစ်ဖို့လိုတယ်။ အခန်း (၁၂) ကို ပြင်သင့်-မပြင်သင့်ဆိုတာကလည်း လွန်ခဲ့တဲ့ နှစ်တွေကတည်းက အငြင်းပွားလာခဲ့တဲ့ ကိစ္စဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအကြောင်းပြောမယ်ဆိုရင် ဒီဖွဲ့စည်းပုံဟာ စစ်အုပ်ချုပ်ရေးစနစ်အောက်မှ နအဖ အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တယ်ဆိုတာ သတိမူသင့်တယ်။ နှစ်ပေါင်း ငါးဆယ်နီးပါး အာဏာရှင်စနစ်အောက်မှာ အနယ်ထိုင်နေတဲ့ အတွေးအခေါ်တွေနဲ့ ရေးဆွဲထားတာဖြစ်သလို အတိုက်အခံအင်အားစုတွေရဲ့ သဘောထားမပါဘဲ တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံလည်းဖြစ်တယ်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒီအတိုင်းဆက်သုံးမယ်ဆိုရင် ဖွဲ့စည်းပုံက ပြည်သူ့ဆန္ဒနဲ့အညီ သမာသမတ်ကျကျရေးဆွဲထားတယ်ဆိုတော်သေးတယ်။ အခုဟာက စစ်တပ်က သူတို့အတွေး၊ သူတို့အမြင်နဲ့ မျိုးစေ့ချထားတဲ့ ဖွဲ့စည်းပုံ။ လူထုကိုယ်စားမပြုတဲ့သူတွေ စီမံထားတဲ့ ဖွဲ့စည်းပုံ။ ပြည်သူတွေကို အမှောင်ချ အကောင်းမှတ်ပြီး ထောက်ခံခိုင်းခဲ့တဲ့ ဖွဲ့စည်းပုံ။ အမျော်အမြင်ရှိပြီး ရင့်ကျက်တဲ့ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေကို ဘေးဖယ်ပြီး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ။ ဒါကြောင့် အမှန်တကယ် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကအစ ပြင်ဆင်မှုတွေလုပ်ဖို့လိုတယ်။ ဖွဲ့စည်းပုံမှာလည်း စစ်မှန်တဲ့ ဒီမိုကရေစနစ်နည်းစနစ်ကိုကျင့်သုံးနိုင်ဖို့နဲ့ ပိုမိုခိုင်မာတဲ့ ပြည်ထောင်စုကြီးတည်ထောင်နိုင်ဖို့အတွက် မဖြစ်မနေပြင်ဆင်ရမယ့်အချက်တွေအများကြီးရှိနေတယ်။ တချို့ကတော့ ပြင်ရမှာတွေ များလွန်းလို့ အသစ်ကနေ ပြန်လည်ရေးဆွဲဖို့လိုတယ်လို့လည်းပြောနေကြတယ်။

အခုလောလောဆယ် ပြန်ပြင်ကြမယ်လို့ဘဲ ထားဦး။ ပြင်ဆင်ရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အခန်း ၁၂ ကပြဋ္ဌာန်းချက်တွေနဲ့အညီ ဖြစ်ဖို့လိုတယ်။ ခြုံပြီးပြောရရင် အပိုဒ် ၄၃၆(က) မှာ ဖော်ပြထားတဲ့အချက်တွေကိုပြင်မယ်ဆိုရင် လွတ်တော်အမတ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်နဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူထက်ဝက်ကျော်ရဲ့ထောက်ခံမှုတွေရရှိဖို့လိုအပ်တယ်။ အပိုဒ် ၄၃၆ (ခ) ပါ အချက်တွေကိုပြင်မယ်ဆိုရင် လွတ်တော်အမတ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံရင် ပြင်လို့ရနိုင်တယ်။ ၇၅ ရာခိုင်နှုန်းလို့ပြောတိုင်း ဒါနဲ့ဒွန်တွဲ ပါလာတာကတော့ လွတ်တော်ထဲက စစ်တပ် ၂၅ ရာခိုင်နှုန်းဘဲ။ အရပ်သားပြည်သူအမတ်က ၇၅ ရာခိုင်နှုန်းဘဲရှိတာ။ ဒေါ်အော်ဆန်းစုကြည်ပြောသလို ဒီလွတ်တော်အမတ်တွေ အားလုံး ထောက်ခံမဲပေးတယ်ဆိုရင်တောင်မှ သတ္တိရှိတဲ့ စစ်သားတစ်ယောက်ရဲ့ ထောက်ခံမှုကလည်း လိုသေးတယ်။ ဒါမှလည်း ၇၅ ရာခိုင်နှုန်းကျော်မှာကို။ ဒီတော့ ဒီဖွဲ့စည်းပုံကြီးကို ပြင်ဆင်ပြီး ဆက်သုံးကြမယ်ဆိုရင် ပြင်ဆင်ခွင့်ကိုလည်း ပြန်လည် စီစစ်ဖို့လိုနေပြန်တယ်။ လွတ်တော်ထဲက စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း သုံးသပ်ဖို့လိုတယ်။

ပြင်ဆင်ခွင့်စည်းမျဉ်းကြီးက တင်းကျပ်လွန်းတယ်။ တဖက်မှာလည်း ဒါက တင်းကျပ်ရမယ့်ကိစ္စလည်းဖြစ်နေပြန်တယ်။ ဒါပေမယ့် လက်တွေ့ကြဖို့တော့လိုတယ်။ ထောက်ခံမဲ ထက်ဝက်ကျော်ဆိုတာကလည်း နည်းလွန်းတယ်။ ၁၉၉၀ ရွေးကောက်ပွဲကိုဘဲ ကြည့်ကြည့် … ၂၀၁၀ ရွေးကောက်ပွဲကိုဘဲ ကြည့်ကြည့် ပါတီတစ်ခုတည်းက ၅၀ ရာခိုင်နှုန်းကျော် အမတ်ကိုယ်စားလှယ်ရခဲ့တဲ့ သက်သေတွေရှိတယ်။ ဒါကြောင့် ၅၀ ရာခိုင်နှုန်းထောက်ခံမဲနဲ့ဆိုရင် ပါတီတစ်ခုတည်းရဲ့ အင်အားနဲ့ ပြင်လို့ရနိုင်တဲ့ သဘောဖြစ်နေတယ်။ ပါတီစုံအင်အားတွေတောင့်တင်းလာလို့ ဘယ်ပါတီကမှ လွတ်တော်ထဲမှာ ၅၀ ရာခိုင်နှုန်း ရှိမနေဘူးဆိုရင်လည်း ပါတီ နှစ်ခု သုံးခုအကြား မဟာမိတ်ဖွဲ့ပြီး ပြင်နိုင်တယ်။ ပြည်သူကြည်ညိုတဲ့ ပါတီက အဆိုတွေကို ပြည်သူတွေကလည်း အားကိုးတကြီးထောက်ခံဖို့များတယ်။ ပြည်သူ့ဆန္ဒခံယူပွဲတွေကိုလည်း ကျော်လွားနိုင်တယ်။ ဒီလိုသာဆိုရင် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါတီကြီးတွေရဲ့ လက်ထဲရောက်သွားနိုင်တယ်။ ဒါကြောင့် အရမ်းလည်းလျော့ချလို့မရဘူး။

အခြားနိုင်ငံအများစုကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဖို့အတွက် အမတ်ဦးရေ သုံးပုံနှစ်ပုံကျော်ရဲ့ ထောက်ခံမဲ လိုအပ်တယ်လို့ ပြဋ္ဌာန်းကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနည်းငယ်ကွာကြတယ်။ ဘယ်ပုဒ်မတွေကို တက်ရောက်သူ အမတ်ဦးရေ ဘယ်လောက်ရာခိုင်နှုန်းထောက်ခံမဲရမှ။ ဘယ်ပုဒ်မတွေကတော့ ပြည်သူ့ဆန္ဒပါမှ။ ဘယ်ပုဒ်မတွေကတော့ ပြည်ထောင်စုလွတ်တော်တွေအပြင် ပြည်နယ်လွတ်တော်အများစုက ထောက်ခံမှ၊ ဘယ်ပုဒ်မတွေကတော့ လုံးဝပြင်ခွင့်မရှိဘူး ဆိုတဲ့ စည်းကမ်းတွေလည်းရှိတက်ကြတယ်။ အချိန်ကာလကန့်သတ်ချက်၊ မဲပေးပိုင်ခွင့်ကန့်သတ်ချက် တွေထားရှိတာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ၇၅ ရာခိုင်နှုန်းဆိုတာကတော့ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် များနေတဲ့အပြင် စစ်တပ်က ၂၅ ရာခိုင်နှုန်းခံနေတော့ ပိုဆိုးတယ်။ ဒီကြားထဲ အခြားနိုင်ငံတွေမှာလို “တက်ရောက်သူအမတ်ဦးရေ ရဲ့ ဘယ်လောက်ရာခိုင်နှုန်း” ဆိုတာမျိုးမဟုတ်ဘဲ “အမတ်ဦးရေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်း” လို့ပြဋ္ဌာန်းထားတော့ ပိုတင်းကျပ်တယ်။ စစ်ကိုယ်စားလှယ်အမှတ်တွေရှိတာ-မရှိတာ ဘေးဖယ်ထားပြီး လက်တွေ့ကျဖို့အတွက်ဆိုရင် ၇၅ ရာခိုင်နှုန်းကျော် ဆိုတာကနေ အမတ်ဦးရေအားလုံးရဲ့ ၆၆.၆၆ ရာခိုင်နှုန်းကျော် (သုံးပုံနှစ်ပုံကျော်) လို့ပြောင်းသင့်တယ်။

ပြင်ဆင်ရေးနဲ့ပါတ်သက်လာရင် နောက်ထပ်အရေးကြီးတဲ့ အချက်က စစ်တပ် ရဲ့ အခန်းကဏ္ဍ။ အထက်မှာဖော်ပြခဲ့သလို ဖွဲ့စည်းပုံ ပြင်ဆင်ချင်ရင် လွတ်တော်ထဲရောက်နေတဲ့ စစ်ဗိုလ်တွေကိုလည်း မဲဆွယ်ရသေးတယ်။ သူတို့ထောက်ခံမှုမပါဘဲ လုပ်လို့မရတဲ့အတွက် သူတို့ကအဆုံးအဖြတ်ပေးပိုင်ခွင့်ရှိတဲ့ အခွင့်အဏာကို ချုပ်ကိုင်ထားသလိုဖြစ်နေတယ်။ ဒါကလည်း ဒီမိုကရေစီ အယောင်ဆောင် အာဏာရှင်တစ်မျိုးဘဲ။ နိုင်ငံရေးရေချိန် အနယ်ထိုင်လာတာနဲ့အမျှ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တဖြေးဖြေးလျော့မယ်ဆိုတဲ့ အသံတွေလည်း လွင့်နေခဲ့တာကြာပြီ။ ဘယ်အချိန် ဘယ်ပုံဘယ်နည်းနဲ့ လျော့ချမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ချပြဆွေးနွေးတာမျိုးမတွေ့ရဘူး။ စစ်တပ်ကလည်း လွတ်တော်ထဲမှာနေချင်၊ အာဏာကိုလည်း လိုချင်။ စစ်ဝတ်နဲ့တမျိုး၊ လူဝတ်နဲ့တနည်း အာဏာတွယ်ကြသူတွေကြောင့်လည်း အခက်သားဘဲ။ ဒါက ပြည်သူတွေရဲ့ မဲဆန္ဒအရမဟုတ်ဘဲ ခွဲတမ်းအလိုက် လွတ်တော်ထဲ ဝင်ထိုင်နေတာက ဒီမိုကရေစီမူနဲ့ ဆန့်ကျင့်နေတယ်။ လွတ်တော်ထဲ စစ်တပ်ကိုယ်စားလှယ်တွေ ရှိနေတာကို ဒီမိုကရေစီမဆန်လို့ဆိုပြီး ဖယ်ခိုင်းဖို့ကလည်း ခက်နေတယ်။ သူတို့ခုံကိုင်လှုပ်သလိုဖြစ်နေတော့ သဘောထားတွေ အကြီးအကျယ်ကွဲပြီး အခြေအနေတွေ ယိုယွင်းလာမှာကလည်း စိုးရိမ်ရတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလျော့ချမယ်ဆိုတဲ့ စကားရပ်အတိုင်း ရွေးကောက်ပွဲသက်တမ်းတစ်ခုတိုင်း ၅ ရာခိုင်နှုန်းစီလျော့ချမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို အတည်ပြုထားသင့်တယ်။ နိုင်ငံတော်အတွက် အရေးကြီးလှတဲ့ ဝန်ကြီးရာထူးတွေကိုလည်း ပြည်သူ့ကိုယ်စားလှယ်တွေကို လွဲပေးဖို့ ပြင်ဆင်ထားသင့်တယ်။

နောက်တစ်ခုက စစ်တပ်အမတ်နေရာ ခွဲတမ်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ရှမ်းပြည်တပ်မတော်(SSA)၊ ကရင်နီတပ်မတော်(KA)၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)နဲ့ အခြားတိုင်းရင်းသားလက်နိုင်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) လိုမျိုး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်။ ဒီမိုကရေစီမူအရ လွတ်တော်မှာ စစ်တပ်မရှိသင့်ဘူးဆိုပေမယ့် မြန်မာနိုင်ငံရေး ရေချိန်အရ စစ်တပ်ရှိဖို့လိုတယ်ဆိုရင် မြန်မာစစ်တပ်အပြင် တိုင်းရင်းသားတပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကိုလည်း တပါတည်းထည့်သွင်းဖို့လိုတယ်။ ဒါမှလည်းမျှတမယ်။ ငြိမ်းချမ်းရေးလည်း အတွန့်ရှည်မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကိုယ့် ဒေသ၊ ကိုယ့် လူမျိုးတွေအတွက် သီးသန့်မဟုတ်ဘဲ မြန်မာစစ်တပ်နည်းတူ တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာဖန်တီးရာမှာ ပါဝင်ခွင့်ရှိရမယ်။ လွတ်တော်ထဲမှာ မြန်မာစစ်တပ်အရာရှိတွေရှိနေသမျှ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်။ ဒါတွေက ရှုပ်လွန်းလို့ လွတ်တော်ထဲက စစ်တပ်ခွဲတမ်းကို တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးတပ်တွေနဲ့ ဝေငှမပေးချင်ရင် စစ်အရာရှိတွေလည်း လွတ်တော်ထဲကထွက်၊ လူဝတ်လည်းပြီး ရွေးကောက်ပွဲမှာ ပါတီနိုင်ငံရေးသမားတွေအဖြစ် သတ္တိရှိရှိဝင်ပြိုင်သင့်တယ်။

မှတ်ချက်။ ဧပြီလ ၃ ရက်နေထုတ် ဘက်မလိုက်ဂျာနယ် အမှတ်စဉ် (၅) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

0 အကြံပြုခြင်း: