Friday, April 11, 2014

အန်ဂဲလာ မာကဲ နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ်



ဂျာမနီနိုင်ငံ အဓိပတိ အန်ဂဲလာ မာကဲ က နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလင်မြို့မှာ ကြာသာပတေးနေ့မှာ လက်ခံတွေ့ဆုံ
*****************************************************************
ဂျာမနီနိုင်ငံ အဓိပတိ အန်ဂဲလာ မာကဲ က မြန်မာ့အတိုက်အခံ ခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလင်မြို့မှာ ကြာသာပတေးနေ့မှာ လက်ခံတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီ နိုင်ငံ မြို့တော်မှာ သုံးရက်ကြာ ခရီးအနေနဲ့ ရောက်နေတာပါ။

"အခက်အခဲတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲထဲမှာ အရေးကြီးတဲ့ နိုင်ငံရေးအခန်းကဏ္ဍကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေတာ၊ နိုင်ငံရေး အခြေအနေကို ဖန်တီးနေတာကို ၀မ်းသာပါတယ်။ ဒါကလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့ အခွင့်အရေးနဲ့ ကံကြမ္မာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အရမ်း အရေးကြီးလို့ ဖြစ်ပါတယ်။ ကျမအနေနဲ့လည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့၊ မြန်မာပြည်မှာ ဖြစ်ထွန်းတိုးတက်မှု အခြေအနေတွေ၊ ဂျာမနီနိုင်ငံဘက်က ဘယ်လို အကူအညီ၊ အထောက်အပံ့တွေ ပေးနိုင်မလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်"လို့ ဂျာမန် အဓိပတိက ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတိုက်အခံ ဘ၀ကနေ ၂၀၁၂ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အချိန်ကစလို့ လွှတ်တော်တွင်း အတိုက်အခံ အဖြစ် ရပ်တည်နေပါတယ်၊

"ဘာလင်ဟာ ကျမအတွက်ကတော့ အောင်မြင်တဲ့ ဖွံ့ဖြိုးမှုရဲ့ သင်္ကတဖြစ်ရုံမကပါဘူး။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေ၊ ပိုပြီး အရေးကြီးတာက စည်းလုံးညီညွတ်မှုရဲ့ အမှတ်လက္ခဏာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြည်ထောင်စု ဖြစ်စေချင်ကြပါတယ်။ ကျမတို့ ကြားမှာ ရှိနေတဲ့ မတူညီမှုတွေ၊ ကြုံရမယ့် အခက်အခဲတွေကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းတွေ အမြစ်တွယ်ပြီး၊ တိုင်းပြည်အတွင်းမှာ မှီတင်နေထိုင်ကြတဲ့ သူတွေအားလုံးအတွက် လုံခြုံပြီး လွတ်လပ်တဲ့ နိုင်ငံမျိုးအဖြစ် တည်ဆောက်ချင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီခရီးစဉ်အတွင်းမှာ ဂျာမန် သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို International Willy Brandt Prize ကို ဂုဏ်ပြုပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
video
Credit : DVB

0 အကြံပြုခြင်း: