Friday, April 4, 2014

ဦးဝင်းတင်၏ ကျန်းမာရေး အစိုးရ တာဝန်ယူလျက်ရှိ အထူးခြားဆုံး ဂုဏ်ပြုခံရခြင်းအဖြစ် သုံးသပ်

ယနေ. (၄-၄-၂၀၁၄ ) နေ့လည် ၁၂:၃၀
ဘဘဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ
***********************************************

ဘဘ၏ ကျန်းမာရေးအခြေအနေသည် ထူးထူးခြားခြား ပြန်လည်
ကောင်းမွန်လာပါပြီ။ သွေးဝမ်းသွားခြင်းသည်လည်းလုံးဝနည်းပါး
ရပ်တန့်သွားပြီးဖြစ်သည်။အသက်ရှူစက်အသုံးမပြုပဲ ကောင်းမွန်စွာ
ရှူနိုင်သောကြောင့် သွေးအားကောင်းစေရန်သွေးသွင်းပြီးပါက
ရင်ဂေါင်း/ရင်ဘတ် ပြွန် (chest tube) ကို အရှင်းဖြုတ်နိုင်မည်
ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
(ကိုဇော်မျိုးအောင်)



ရန်ကုန်၊ ဧပြီ ၃ ၊ မြန်မာသံတော်ဆင့် ဂျာနယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်း မာရေး စောင့်ရှောက် ကုသမှု အ၀၀ ကို ပြည်ထောင်စု အစိုးရ အဖွဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ညွှန်ကြားချက်ဖြင့် မိသားစု ထံ ခွင့်ပန်ကာ အစိုးရစရိတ်ဖြင့် လက်ရှိ အထူးကြပ်မတ် ဆေးဝါးကုသရမှု အားလုံး ကို တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆရာကြီးဟံသာဝတီ ဦးဝင်းတင် အား အနီးကပ် စောင့်ရှောက်နေသူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““သူတို့ လုပ်ပေးပါရစေဆိုပြီး ခွင့်တောင်းပြီး အခုကျန်းမာရေး ကုသမှုတွေ အကုန်လုံးကို ကျန်းမာရေး ၀န်ကြီး ဌာနက တာဝန်ယူထားတယ်။ အခု ဆေးရုံကြီးက ကုသမှုတွေ တင်မကဘူး အပြင်မှာ ဆေးဝါး ၀ယ်တာတောင်မှ သူတို့ပဲ အကုန်လုံး တာဝန်ယူထားတယ်”” ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ကုသမှု တွင် အနီးကပ်ရှိနေသူ ဦးမောင်မောင်နိုင်က ပြောသည်။

နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်များ အတွက် ဆောင်ရွက်ခဲ့ခြင်းကြောင့် နှစ်ရှည်နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် ယခင်စစ်အာဏာရှင် အစိုးရက အကျဉ်းချထားမှု ခံခဲ့ရကာ အန္တရာယ်အရှိဆုံး အတိုက်အခံတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ယခုကဲ့သို့ (ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ယူဆချက်အရ) ““စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရ””က ယခုကဲ့သို့ ဆရာကြီး၏ စိုးရိမ်ဖွယ် ကျန်းမာရေး အခြေအနေ ရောက်ရှိနေမှုကို အလေးထား တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်း၌ အထူးခြား ဆုံးသော ဂုဏ်ပြု အသိအမှတ်ပြုခံရခြင်း တစ်ရပ်အဖြစ် ဆရာကြီးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။

ဦးဝင်းတင်၏ ကျန်းမာရေး စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်နေစဉ် ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် သားဖြစ်သူလည်း ဆရာကြီး၏ ကျန်းမာရေး အခြေအနေ ကို စိုးရိမ်မှုကြောင့် ကုသစောင့်ရှောက်မှု အခြေအနေများကို မတ်လ ၂၈ ရက်တွင် လာရောက်တိုင်ပင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း ဦးမောင်မောင်နိုင် က ပြောသည်။

Myanmartandawsint Newspaper မှ သတင်း ကောက်နုတ်ချက်

0 အကြံပြုခြင်း: