Sunday, April 20, 2014

သမ္မတကြီး ယူသွားသော ဆေးရုံခုတင် အခင်းအသစ်များ


-The Voice weekly
(အောင်ထက်)

“ခင်ဗျားတို့က လေးယောက်တောင် ဝင်မှာ နှစ်ရာတော့ ပေးခဲ့” ဟူသောအသံ။
သေအံ့ဆဲဆဲလူနာ သို့မဟုတ် မဖြစ်မနေ ကုသမှဖြစ်မည့် သေကောင်ပေါင်းလဲ လူနာတစ်ဦးထံသို့ သွားကြည့်ဖူးပါက မဖြစ်မနေ ကြားရမည့် အသံမှာ ထိုလေသံမျိုး ဖြစ်ပါလိမ့်မည်။ တစ်ဦးတည်း သွားပါက “လူနာစောင့်လက်မှတ် ပြပါ” ဆိုသော စကားလုံးက ဝေဒနာ တစ်ခုအတွက် စိုးရိမ်စိတ် မကင်းသော ရင်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ခရီးဦးကြို ပြုပါလိမ့်မည်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

တရားပွဲများတွင် မကြာခဏ ကြားရသော အနိစ္စ၊ ဒုက္ခနှင့် အနတ္တ ဟူသည်ကို နီးကပ်စွာ မြင်တွေ့နိုင်သော နေရာဖြစ်၏။ ချို့တဲ့သူများအတွက် အခမဲ့ ကုသပေးသော ဆေးရုံဖြစ်သည်ဟု တိတိကျကျ ရေးသားထားသည်။ အပြာရောင် အောက်ခံပေါ်တွင် ဖုန်မှုန့်များ တက်နေပြီ ဖြစ်သော အဆိုပါ အဖြူရောင်စာတန်းက မည်ကဲ့သို့ အဓိပ္ပာယ် ဖော်ဆောင်နေသနည်းဟု မေးခွန်းထုတ်စရာ။

ဝင်ပေါက်စောင့်၏ မျက်နှာထားပုံက ခက်ထန်လှသည်ဟု မဆိုသာ။ တင်းထားသည့် မျက်နှာကြောများကို ဖြေလျှော့မှု မပေးရန် သံတံခါးနှင့် ဝတ်စုံ (ယူနီဖောင်း) တို့က အားပေးအားမြှောက် ပြုထားသည်ဟု ထင်ရသည်။ ထိုသူတို့ ခန္ဓာအပေါ် YGH (Yangon Hospital) ဟူသော တံဆိပ်ကို အပြာရောင် ရှပ်အင်္ကျီပေါ် ရိုက်နှိပ်ထားခြင်းက လူနာနှင့် လူနာစောင့်တို့ အပေါ်သာမက လူနာသတင်းမေး လူပုဂ္ဂိုလ်များစွာကို တားဆီးစစ်ဆေးနိုင်စွမ်း အာဏာရှိ ထားသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ၁၀ ပေခန့် ကျယ်ဝန်းသော ဆေးရုံအဝင်ပေါက်သည် လူတစ်ကိုယ်ဆံ့သာ ဝင်နိုင်ထွက်နိုင်အောင် လုပ်နိုင်စွမ်းလည်း ရှိကြပြန်သည်။

အစိုးရသစ် မတိုင်မီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာတစ်ဦးအတွက် လူနာစောင့်ကတ်တစ်ခု ထုတ်ပေးသည်။ ထိုသူမှလွှဲ၍ ဝင်ခွင့်ပါမစ် တိတိကျကျ မရှိ။ ခဏတာ ဝင်ခွင့် ရှိလိုပါက တစ်ရာကျပ် (သို့မဟုတ်) နှစ်ရာကျပ်ကို အဆိုပါ ယူနီဖောင်းဝတ် အပေါက်စောင့်များထံ ထိုးပေးရသည်မှာ ရောက်ဖူးသူတိုင်း ကြုံနေကျ။ ယခုမူ အဆိုပါကတ် ကိုင်ဆောင်သူများ မတွေ့ရတော့ပေ။

“ဆေးလိပ်လေး မပါဘူးလား။ လက်ဖက်ရည်ဖိုးလေးပါ။ ကွမ်းယာဖိုးလောက်ဆိုလည်း ဖြစ်ပါတယ်” ဟူသော တစ်ခုမဟုတ်၊ တစ်မျိုးသော လေသံက ဆေးရုံဝင်ပေါက်ကို ခပ်တည်တည်ဖြင့် ဝင်သူများအတွက် ကြားရမည့် လေသံဖြစ်သည်။ ထို့ကြောင့် ခပ်တည်တည် အမူအရာဖြင့် ဝင်ပေါက် ဖြတ်ကျော်သူများကို ရဲရဲတင်းတင်းဟန်ဖြင့် ငွေတောင်းခံခြင်း နည်းဖြစ်၏။

သို့သော် ဆရာဝန် ဆိုသူများက ထိုအသံကို ကြားဖူးလိမ့်မည် မထင်။ အချို့သော ဆရာဝန်များသည် ဆေးရုံ တာဝန်အတွက် အထက်တန်းဆန်သော ပြင်ပ အဝတ်အစားများဖြင့် လာရောက်ကြသော်လည်း ဝန်ထမ်းအားလုံးက သိသည်။ ကိုယ်အမူအရာဖြင့် အချက်ပြစနစ် သုံးကြသည်။ ထိုအချိန်အခါမျိုးတွင် လူနာနှင့် လူမနာများ လမ်းဘေး ကပ်ပေးရန် ၎င်းတို့က လှုံ့ဆော်ကြရလေသည်။

“ပြန်အထွက်မှ ယူပါလားဗျာ” ဟု အသက် ၅၀ အရွယ် အမျိုးသားကြီး တစ်ဦးက အဝင်ဝ၌ ဆိုသည်။ သူ၏ လက်ထဲတွင် လူနာနှင့် သက်ဆိုင်သော ဝေယျာဝစ္စများက တွဲအိ လေးလံလွန်းနေသည်။
“ပြန်လာရင် ကျွန်တော် ရှိတော့မှာ မဟုတ်ဘူး။ တစ်ခါတည်း ပေးခဲ့” ဟု YGN တံဆိပ်ကပ် ဆေးရုံအပေါက်စောင့်က ခွန်းတုံ့ပြန်လေသည်။ ဤသည်ကား နိုင်ငံပိုင် ရန်ကုန်ပြည်သူ့ဆေးရုံ၏ အဝင်ဝ မြင်ကွင်း ဖြစ်လေ၏။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

အခုလို နာခြင်းတရား အတွက် မိမိတို့အိမ်တွင် စောင်ခြုံ၍ ချွေးထုတ်ခြင်းဖြင့် မစွမ်းသာ။ တစ်နိုင်ငံလုံး၏ ဆင်းရဲသား ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကုမှဖြစ်တော့မည့် ရောဂါဖြစ်လာပါက ထိုကဲ့သို့သော နိုင်ငံတော်ပိုင် ဆေးရုံသို့ လာရောက်လတ္တံ့။ ယင်းတွင် သုခချမ်းသာ ပြန်ရရေး မျှော်လင့်ချက်လမ်းလေး တစ်မျှင်ပါလာသည်။ ထိုလမ်းသည် ကျဉ်းမြောင်းလွန်းလှသည်။

ပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရန်ကုန်မြေရှိ ဆင်းရဲချို့တဲ့သူများ သာမက ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းမှ ပြည်သူလူထု အများဆုံး လာရောက်ရသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသတို့မှ လူနာများ အနည်းစုသာ လာရောက်ကုသခြင်း ဖြစ်သည်။ ထိုသို့ ကုသရန် ရန်ကုန်မြေ၏ နေစရိတ်၊ စားစရိတ်နှင့် လမ်းစရိတ် များစွာအပြင် ဆေးကုသ စရိတ်ပင် မရှိသည့် လူနာအများစု ရှိနေသေးကြောင်း ယနေ့ခေတ် ပေါ်ပေါက်လာသော အစိုးရ၊ လွှတ်တော်တို့တွင် ဆွေးနွေးတင်ပြဆဲ ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရန်ကုန်ဆေးရုံဟောင်းကြီး အတွက် အသစ်တစ်ဖန် မွေးဖွားရန် သန္ဓေတည်လာသည်။ အတိုက်အခံ ခေါင်းဆောင်ဟု သတ်မှတ်ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အခြေအနေအဖြစ် ပြင်ဆင်ရန် တင်ပြခဲ့သည်။ ထိုကိစ္စသည် လွှတ်တော်တွင် အောင်မြင်သည်။ အောက်ခြေ၌ တရွေ့ရွေ့သာ။

မြန်မာနိုင်ငံ၏ ကျန်းမာရေး ကိစ္စအတွက် ယင်းကိစ္စကို ဗြိတိန်အစိုးရက ကူညီပံ့ပိုးမည်ဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်အဆင့်မြှင့်တင်ရေး ကော်မတီက ဆိုထားသည်။

လက်ရှိတွင် လူနာနှင့် ခုတင် မမျှသဖြင့် လူနာများ တစ်ပူပေါ် တစ်ပူဆင့် နေကြရ၏။ လူနာစောင့် ထိုင်ခုံပေါ်၌ မသက်မသာ လဲလျောင်းနေရသော လူနာများစွာက နေ့စဉ်နှင့်အမျှ။ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး အခြားပေးရန်လည်း ခုတင်မရှိဟု ဆရာဝန်အချို့က ဆိုသည်။ တစ်ခါတစ်ခါ လူနာကိုယ်တိုင်ပင် သမံတလင်းပေါ် ဖျာခင်းအိပ်ရသည်။

“ပိုက်ဆံစုပြီးမှ လာတာ။ ပြန်လို့ မဖြစ်ဘူး။ စောင့်ခွဲသွားမှာပဲ” ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အပိုင်၊ ကျေးရွာငယ်တစ်ခုမှ အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းလည်ပင်း ခွဲစိတ်ရန် နှစ်ပေါင်း ၂၀ ခန့် မျှော်လင့်ခဲ့ရသည်ဟု ၎င်းကဆိုသည်။ သူမ၏ လည်ပင်းရှိ အဖုမှာ ဦးခေါင်း အရွယ်အစားခန့် ရှိနေသည်။ လည်ပင်းကြီးရောဂါဟု ဆရာဝန်များက မှတ်ချက်ပြုထားကြောင်း သူမက ညှိုးငယ်စွာ ဆိုသည်။ လူနာဆောင် အမှတ် (၃/၄) ရောက် သူမသည်လည်း ခုတင်လက်မဲ့ပင်။ ခုတင်ပေါ်တွင်မဟုတ် ထိုင်ခုံနှစ်ခုကို ပူးကပ်၍ ထိုင်နေခြင်း ဖြစ်သည်။
သူမနှင့်အတူ လည်ပင်းရှိ အဖုမှ သွေးပြည်များ တစိမ့်စိမ့်ကျနေသည့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးက ခေါင်းကို ငိုက်၍ ထိုင်လျက် မှိန်းနေရှာသည်။ လဲလျောင်းနေသော လူနာများကို ကြည့်၍ ၎င်းတို့သည် စိတ်သက်သာပုံ မရ။ ထိုအမျိုးသမီးကြီးက မည်သည့် စကားမျှမဆို။ လူနာဆောင်အတွင်း မကြာမကြာ ဝင်လာတတ်သော သူနာပြု များနှင့် ဆရာဝန်များကို အားကိုးတကြီးဖြင့် သူမတို့နှစ်ဦး မျှော်ကြည့်နေတတ်သည်။ လူနာခုတင်တစ်ခု လွတ်ပါက မဲနှိုက်စနစ်ကို ကျင့်သုံးနေရသည်။

“လူနာ ဒေါ်ကျင်တင် ဘယ်မှာလဲ” ဟု စူးရှသော အသံတစ်ခု ထွက်လာသည်။ လူနာနှင့် လူနာစောင့်များ တစ်ဦးမျက်နှာ တစ်ဦးကြည့်၍ မိမိဝန်းကျင်တစ်ဝိုက် မျက်လုံးလှည့်ကြည့်သည်။ အဆိုပါ မျက်လုံးများတွင် အောက်ကြို့ခံစိတ်များ ပြည့်နှက်လို့နေ၏။ သိပ်မကြာပါ။ နှာခေါင်းစည်း ဝတ်ထားသော သူနာပြုတစ်ဦးက ဆေးထိုးအပ်ပါစလင်းကို ကိုင်ဆောင်လာသည်။ လူနာတစ်ဦးကို ဆေးထိုးပေးသည်။ နှာခေါင်းစည်းအောက်ရှိ နှုတ်ခမ်းမှ စကားသံဟု ယူဆလောက်ရသည့် လေသံထွက်လာသည်။ သို့သော် မည်သည့် စကားလုံးမှန်း ကွဲကွဲပြားပြား မကြားရ။ သူနာပြုဆရာမလေး ပြန်ထွက်သွားသည်။ လူနာစောင့်က သုတ်သီးသုတ်ပျာနှင့် လိုက်မေးဟန်တူသည်။
“လိုအပ်တဲ့ ဆေးကို သွားဝယ်ဖို့ လိုက်ခဲ့လို့ ပြောတာ” ဟု ပေါက်ကွဲအံ့ဆဲဆဲ လေသံထွက်လာသည်။ အဆိုပါ လူနာစောင့်က ဦးညွတ်ထားသည်။ ဆရာမလေးက ဝယ်ရမည့် ဆေးများကို စာရွက်ပိုင်း တစ်ခုဖြင့် ရေးပြီးနောက် လူနာစောင့်ကို ပေးလိုက်သည်။ သို့သော် လူနာစောင့်ဘက် မျက်နှာမလှည့်။ သူမ၏ ရှေ့နံရံကိုသာ ကြည့်၍ လက်နောက် ပြန်ပေးလိုက်ခြင်း ဖြစ်သည်။

“အရပ်ရှည်ရှည်နဲ့ ဆရာမလေး မလာသေးဘူး။ သူဆို အမြဲပြုံးနေသလိုပဲ။ မြင်တာနဲ့ စိတ်ချမ်းသာတယ်” ဟု ခွဲစိတ်ခံလူနာ ဒေါ်ကျင်တင်က လက်ရှိ တာဝန်ကျ ဆရာမလေးကနှင့် ဆန့်ကျင်ဘက် ဖြစ်သော အမူအရာကို နှိုင်းယှဉ်ပြောဆိုသည်။

လူနာဆောင်နှင့် ဆရာဝန်များ ထိုင်ခုံကြားတွင် လူနာများကို… “(၁) နွေးထွေးစွာ ကြိုဆိုပါ၊ (၂) စေတနာဖြင့် ပြုစုကုသပေးပါ” ဟု နံရံကပ် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ သို့သော် ဆရာဝန်များနှင့် သူနာပြုများသာမက သန့်ရှင်းရေးလုပ်သား ဝန်ထမ်းကိုပါ လူနာများက ကြောက်ရသည်ဟု တညီတညွတ်တည်း ဆိုကြသည်။

သန့်ရှင်းရေး လုပ်သားဝန်ထမ်း၊ လူနာဆေးထည့်သော ဆရာဝန် မဟုတ်သည့် ဝန်ထမ်းတို့က နှစ်အဆက်ဆက် လက်ဆင့်ကမ်း ဆောင်လာသော မူဝါဒကို မဖျောက်။ ငွေရမှ မျက်နှာသာပေးသည့် ကျင့်ဝတ်ကို မြေဝယ်မကျ နားထောင်နေဆဲပင်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

“ကျွန်တော်တို့ သုံးယောက် ထမင်းသွားစားမလို့ ထမင်းဖိုးတော့ လုပ်ဦး” ဟု အသက် ၅၀ နှစ်ခန့် ဆေးရုံလုပ်သား တစ်ဦးက ခွဲစိတ်ခန်းအဝတွင် ခပ်တည်တည် လေသံဖြင့် ဆိုသည်။ ငွေတောင်းခံရသူသည် ခွဲခန်းမှ ထုတ်လာသော လူနာဘေးတွင် ရပ်နေခြင်းဖြစ်သည်။ အသက် ၃၀ အရွယ် လူလတ်ပိုင်း ဖြစ်သည်။ ခုတင် မလောက်သောကြောင့် ခွဲလူနာကို သုံးကြိမ် ရွှေ့ပြောင်းထားရပြီ ဖြစ်ကြောင်း အဆိုပါ လူနာစောင့်က ဆိုသည်။
“ခုတင် တစ်ခါပြောင်းရင် တစ်ခါ ပိုက်ဆံပေးရတယ်။ သူတို့က ကူညီပေးတယ်။ နှုတ်ဆက်ဖော်ရတယ်” ဟု ၎င်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။

ဆေးရုံကြီးတစ်ခုလုံးတွင် လုပ်သားဝန်ထမ်း ၁၀၀ ခန့်ရှိပြီး အမြဲတမ်း ဝန်ထမ်းနှင့် နေ့စား(ယာယီ) ဝန်ထမ်းများ ခန့်အပ်ထားကြောင်း ဝန်ထမ်းလုပ်သက် ၂ နှစ်နီးပါး ရှိပြီဖြစ်သော အသက် ၄၀ အရွယ် ဟိန္ဒူဘာသာဝင် အမျိုးသမီးက ဆိုသည်။
“ယာယီဝန်ထမ်းက လစာ ခုနစ်သောင်းလောက် ရတယ်။ အမြဲတမ်း ဝန်ထမ်းက ကိုးသောင်းလောက် ရတယ်” ဟု ၎င်းက ဆေးရုံလုပ်သားတို့၏ လစာ ဝင်ငွေကို ထုတ်ဖော်ပြောပြသည်။ ဆေးရုံရှိ အောက်ခြေလုပ်သား တို့တွင် မျှော်လင့်ချက်မှာ နေထိုင်ရာ အိမ်ခန်းတစ်ခုဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ဝန်ထမ်းလုပ်ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဦးလေးက ပင်စင်ရပြီ။ ဒါကြောင့် ကျွန်မကို အမြဲတမ်းဝန်ထမ်း ဖြစ်အောင် သူက ဆက်လုပ်ခိုင်းတာပါ” ဟု သူမက ပွင့်လင်းစွာ ပြောဆိုသည်။

ဆေးရုံလုပ်သားများ၏ ဝန်ထမ်းအိမ်ရာသည် ဒလမြို့နယ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး နေထိုင်ရေး အဆင်ပြေကြောင်း ဝန်ထမ်းအချို့က ပြောသည်။ ရသည့် လစာအပြင် လူနာထံမှ ရငွေသည် ကြားပေါက် ပိုလျှံငွေအဖြစ် ၎င်းတို့က သတ်မှတ်ထားသေးသည်။

အစိုးရသစ် ခေါင်းဆောင်ပိုင်းများသည် ဆင်းရဲချို့တဲ့မှု ပပျောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထိုက်အလျောက် ပြုပြင်ပြောင်းလဲပြီး ဖြစ်ကြောင်း မစားရ ဝမခန်း မကြာခဏ ပြောဆိုလေ့ ရှိကြသည်။ ထိုအောင်မြင်မှုကို ပြည်သူများက ထောက်ခံပြောဆိုခြင်း မရှိသေး။ အောက်ခြေတွင် ပြောင်းလဲမှု နည်းပါးနေကြောင်း အစိုးရအဖွဲ့က ဝန်ခံထားပြီး ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်များ လောက်ငမှု ရှိမရှိ မသိရ။ ဆေးကုသမှုဆိုင်ရာ လိုအပ်ချက် သို့မဟုတ် အားသာချက်များ မည်သို့ ရှိနေသည်ကို မသိရ။ ဆရာဝန်အားလုံး အလုပ်ရှုပ်ကြသည်။ ယင်းကိစ္စများကို အားလပ်သည့် အချိန်မှသာ ဆက်သွယ် ပြောကြားနိုင်လိမ့်မည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆိုသည်။

အစိုးရသစ် လက်ထက် (၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း) တွင် ရန်ကုန်ဆေးရုံကြီးသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက် လေ့လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ လွှတ်တော်တွင် သူမ တင်သွင်းသည့် အဆိုအောင်မြင်မှုဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်များ ရရှိခဲ့ခြင်း ဖြစ်သည်။ ဆရာဝန် အကြီး၊ အငယ်မရွေး ဂါရဝပြု နှုတ်ဆက် ကြိုဆိုခြင်း မဆုံးခဲ့။

ဆရာဝန် အလုပ်ဖြင့် စီးပွားရေး မလုပ်ရန် သူမက တိုက်တွန်းခဲ့သည်။ ထိုအကြောင်းအရာကို ရေးသားဖော်ပြသည့် မီဒီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆရာဝန်အချို့က မကျေနပ်ကြပေ။ မီဒီယာအနေနှင့် ပြန်လည် မရှင်းလင်းပေးပါက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့မည်ဟု ဆရာဝန်များက ဆက်သွယ် ပြောကြားမှုများ ရှိခဲ့သည်။
“အန်တီက မှန်တာပြောတာပဲ။ ဆရာဝန် လုပ်ချင်ရင် စီးပွားရေးမလုပ်နဲ့ ချမ်းသာချင်ရင် စီးပွားရေးလုပ် ဆိုတဲ့ သဘောကို ပြောတာ။ သူတို့က မကျေနပ်လည်း မတတ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြတ်သားစွာ ဆိုသည်။ ယင်းကိစ္စကို မည်သူမျှ မေးမြန်းခြင်း မဟုတ်။ သူမထံ ရောက်လာသည့် ပေးပို့စာအပေါ် တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်သည် လူနာအပေါ် မေတ္တာ၊ စေတနာဖြင့် ကုသစေချင်သည်။ ငွေကြေးရယူလိုမှုဖြင့် ကုသပေးနေသည့် စနစ်ကို သူမက လိုလားဟန်မပြ။ ပညာရပ်ဆိုင်ရာများ တွင်သာမက လူတစ်ဦး တစ်ယောက်အတွက် ကျင့်ဝတ်နှင့် သိက္ခာအပေါ် ရပ်တည်မှု ပြုစေရန် လိုလားသော သဘောကို သူမက ထပ်လောင်းဆိုသည်။

ရန်ကုန်ဆေးရုံကြီး၏ လိုအပ်ချက်များ အဆင့်မြှင့်တင်ရေးသည် ၂၀၁၃ ခုနှစ်ကို ကျော်ဖြတ်ခဲ့ပြီ။ အဆင့်မြှင့်တင်ရေး ဖော်ဆောင်ချင်သည့် သူမက ဒုတိယအကြိမ် လာရောက်ပြန်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသည်။ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဟောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်ဆေးရုံသစ် တည်ဆောက်ရန် စီမံချက်တစ်ခု ဖြစ်လာခဲ့သည်။ သူရဦးရွှေမန်းအဖို့ ပြည်သူ့ဆေးရုံသို့ လာရောက်ခြင်းမှာ သူ၏သမိုင်းတွင် ပထမဆုံး ဖြစ်သည်ဟု ၎င်း၏ ကိုယ်ရေးအရာရှိ အသိုင်းအဝိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက် ညနေပိုင်းတွင် ဖြစ်သည်။
လူနာဆောင်အတွင်းသို့ လုံချည် အပြာရောင်နှင့် ရင်ဖုံးအင်္ကျီ အဖြူရောင်ကို သေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီး ဆရာမကြီးတစ်ဦး ဝင်လာသည်။ နိုင်ငံတော်သမ္မတ လာမည်ဟု ၎င်းက ပြောသည်။ နိုင်ငံတော်သမ္မတ ဟူသည် ဘယ်သူဘယ်ဝါဟု မသိ။ လူနာအများစု၏ “ဟုတ်ကဲ့..ဟုတ်ကဲ့” က သံပြိုင်ထပ်နေသည်။

“ရှင်တို့လည်း ဒီနေရာကို လာချင်လို့ လာနေတာ မဟုတ်ဘူးဆိုတာ သိတယ်။ လူနာများလို့ ခုတင်မရှိတာ ပြဿနာ မဟုတ်ဘူး။ ခုတင်အခင်းသစ်တွေ လဲပေးမယ်” ဟု ဆရာမကြီးက ဆိုသည်။

အမျိုးသား လူနာဆောင်တွင် အမျိုးသမီး မစောင့်ရ။ ထို့အတူ အမျိုးသမီး လူနာဆောင်တွင် အမျိုးသား မစောင့်ရဟု ကြေညာချက် တစ်ခုလို ထွက်ဆိုသည်။
“ကျွန်တော့်အမေမှာ ကျွန်တော်ပဲ စောင့်မယ့်သူ ရှိပါတယ် ဆရာမ” ဟု လူနာဆောင် (၃-၄) အခန်းထောင့်မှ အမျိုးသားတစ်ဦးက ခပ်ရို့ရို့ အနေအထားဖြင့် ပြောသည်။
“မရဘူး။ ဘေးခုတင်က အစောင့်တွေ ကြည့်ပေးလိမ့်မယ်” ဟု ဆရာမကြီးက ဆိုသည်။

လူနာများက လိုက်နာသည်။ အထုပ်အပိုးများကို မြင်သာမှု မရှိသော ထောင့်များတွင် ကွယ်ဝှက်နေကြသည်။ နံနက်လင်းလျှင် နိုင်ငံတော်သမ္မတ ရောက်လာပါက ၎င်းတို့ မြင်တွေ့ကောင်း မြင်ရမည်ဟု လူနာအချို့က မျှော်လင့်ကြသည်။

ဆရာ၊ ဆရာမတို့၏ တိကျသေချာသော လမ်းညွန်ချက်က အောင်မြင်လှသည်။ နံနက်ခင်း နေရောင်ပင် မမြင်ရသေး။ ဟောင်းနွမ်းစုတ်ပြတ်နေသည့် မိုးကာစ အဖြူရောင်ခုတင် အခင်းများ မရှိတော့။ ဖြူဖွေးသန့်စင်သော ချည်ထည်အခင်းများ သေသပ်ကျနစွာ နေရာယူထားလေပြီ။ ထိုကဲ့သို့ပင် ဆေးရုံလုပ်သား အားလုံးသည်လည်း အစိမ်းရောင် လက်ပြတ်ကုတ်ကို ဆင်တူ ဝတ်ထားသည်။
“အရင်က မဝတ်ဖူးဘူး။ သမ္မတ လာမယ်ဆိုလို့ ဝတ်ဖို့ ပေးထားတာ” ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဆေးရုံ ပတ်ဝန်းကျင်ရှိ ခေါင်းရွက်ဗျပ်ထိုးများ၊ ရေနွေးကျိုချက် ရောင်းသူများ၊ တက္ကစီဂိတ်များ၊ ထမင်းဖြူနှင့် ဟင်းမျိုးစုံ ရောင်းသူများ တစ်ဦးတစ်ယောက်မျှ မတွေ့ရတော့။ ယမန်နေ့ညက ပန်းရန်လုပ်သားတို့၏ အားထုတ်မှုက ပီပြင်စွ။ “ရန်ကုန်ပြည်သူ့ဆေးရုံကြီး” ဟူသည့် ဆိုင်းဘုတ်သည် သစ်လွင် တောက်ပနေပေ၏။

လူနာတစ်ဦးလျှင် လူနာစောင့် တစ်ဦးသာ စည်းကမ်းတကျ စောင့်ခွင့် ရှိနေပေပြီ။ အထူးကြပ်မတ်ဆောင် တွင်တော့ လူနာစောင့် တစ်ဦးမျှ မထားပေ။ ဆေးရုံပေါ်မှ လူနာစောင့် ၃၀၀ ခန့် မြေပြင်ပေါ်သို့ ဆင်းစေသည်။ “ဆေးရုံခါခြင်း” ဟု အများစုက ဆိုကြသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်နေလေပြီ။

“သမီလေးက နှစ်ခါပြန်ခွဲထားရတာ။ အထူးကြပ်မတ်ဆောင်မှာ လူနာစောင့် မနေရဘူးဆိုလို့ ဆင်းလာရတယ်၊ အခုထိ သတိရတစ်ချက် မရတစ်ချက်နဲ့” ဟု ရခိုင်ပြည်နယ်မှ လာရောက်သော အမျိုးသမီးတစ်ဦးက ပြောသည်။ သူမ၏ နှလုံးခုန်သံတို့က သမီးကို စိတ်မချ။ ဝေ့တက်လာသော မျက်ရည်များကို မျက်တောင် တဖျတ်ဖျတ်ခတ်၍ ပုတ်ချနေသည်။
“ဘယ်အချိန်မှ ပြန်ဖို့လည်း မသိပါဘူးကွာ၊ တော်တော်ကြာနေပြီ” ဟု သူမ၏ ခင်ပွန်းက စိတ်တိုသော လေသံဖြင့် ဆိုသည်။ ထိုသူနှစ်ဦးသည် မြေပြင်ပေါ် ထိထိမိမိ ထိုင်ပြီး အနီရောင် ဆေးရုံနံရံကို မှီထားသည်။ မျက်လုံးတွင် ညိုကွက်နေခြင်းက ၁၈ နှစ်အရွယ် သမီး၏ အပူလုံးကြောင့် မအိပ်ရခြင်းကို သက်သေပြနေသည်။ ၎င်းတို့၏ သမီးကဲ့သို့ပင် အထူးကြပ်မတ်ဆောင်တွင် လူနာ ခုနစ်ဦး ရှိနေသည်။ ထိုလူနာများ၏ အစောင့်များသည်လည်း လူနာဘေး၌ တစ်ဦးမှ မနေရဟု ဆိုသည်။

သမ္မတကြီးကို အမြန်ပြန်စေချင်ကြပြီ။ ကိုယ့်ဝမ်းအပူ ကိုယ်သာ သိသည်ဟု လူနာစောင့်တို့က ဆိုသည်။

“လူနာဆောင်များရုံခါ” ပြီး သုံးနာရီခန့် ကြာခဲ့ပြီးနောက် “ဝင်လို့ရပြီ” ဟူသော အချက်ပြသံက ကုတ်အင်္ကျီ အစိမ်းရောင် အသစ်များ ဝတ်ဆင်ထားသူများထံမှ ထွက်လာသည်။ ဆေးရုံဝင်းအတွင်း ဝင်ပေါက်များ ကြိတ်ကြိတ်တိုး စည်ကားကြလေသည်။ လူနာဆောင်များတွင် ညတွင်းချင်း လဲထားသော ခုတင်အခင်းသစ် ချည်ထည်များ မရှိတော့။ မူလခင်းထားမြဲ ဖြစ်သည့် မိုးကာစ အခင်းဟောင်းများ ပြန်လည်အစား ဝင်နေလေပြီ။
“ချည်သားအခင်းက အေးတယ်။ စောစောကပဲ ပြန်သိမ်းသွားပြီ။ သမ္မတကြီး ပြန်ယူသွားတာပေါ့” ဟု လူနာစောင့် တစ်ဦးက ခပ်ယဲ့ယဲ့ပြုံးရင်း ပြောလေသည်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

0 အကြံပြုခြင်း: