Thursday, April 10, 2014

ကိုတင်အေးကို စကားနည်းနည်းလောက်ပြောချင်တယ်


Ma Khin Oo ( ၁၀-၄-၁၄)

ကိုတင်အေးဆိုတာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုပြောတာ။

ကိုတင်အေးက ၂၀၁၅ခုမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာပြောဆို လိုက်တယ်လို့သိရတယ်။

ဆိုလိုတာက နယ်မြေအလိုက် အရွေးခံမယ့် အမတ်တဦးချင်းက မိမိနယ်မြေကို မိမိကိုယ်တိုင်သာလျှင် စည်းရုံးရေးဆင်းရမယ်။ နာမည်ရှိတဲ့ ပါတီခေါင်းဆောင်က စည်းရုံးပေးလို့ မရဘူးဆိုတဲ့သဘောဘဲ။

ဒါဟာ ပြောင်ပြောင်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အနှံ့ သူ့ပါတီအောင်နိုင်ရေးလုပ်မှာကို စိုးရိမ်ပြီး ကန့်သတ်ချင်တဲ့အရိပ်အယောင်ပြစကားလုံးတွေပါ။

တကယ်တော့ ဒီမိုကရေစီစနစ်အောက်က ရွေးကောက်ပွဲဆိုတာ ကိုယ်နှစ်သက်ရာပါတီအတွက် မည်သူမဆို စည်းရုံးပေးခွင့်ရှိရမှာပါ။

ပါတီခေါင်းဆောင်ကိုယ်တိုင် စည်းရုံးတာဘဲဖြစ်ဖြစ်၊ ပါတီဝင်မဟုတ်တဲ့ပါတီရဲ့မူဝါဒကို နှစ်သက်သူကဘဲ ဖြစ်ဖြစ်စည်းရုံးပေးလို့ ရရမယ်။ ဒါက ဒီမိုကရေစီစနစ်ရဲ့ တန်ဘိုးထားရမဲ့အခွင့်အရေးဘဲ။

အင်္ဂလိပ်လက်ထက်က ရွေးကောက်ပွဲမှာ ဖဆပလအောင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက တပြည်လုံးကို စည်းရုံးရေးဆင်းခဲ့တယ်ဆိုတာမမေ့ပါနဲ့။

“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”လို့ ကိုတင်အေးက ဆိုပါတယ်။

ကိုတင်အေးက ကိုယ့်လုပ်ပိုင်ခွင့်လို့ ပြောနေတယ်။ လုပ်ပိုင်ခွင့်က ဒီမိုကရေစီနည်းလမ်းမကျရင်တော့ ကျွန်မတို့ပြည်သူတွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကရဲ့စကားကိုကန့်ကွက်သွားမှာပါ။

၁၉၇၄ခုနှစ်က ၁၉၈၈ခုနှစ်ကြားက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလုပ်တဲ့ ရွေးကောက်ပွဲဆိုတာမျိုးတွေမှာ ဒီပါတီတခုနဲ့ ဒီပါတီက ဒီအမတ်တွေ စည်းရုံးစရာမလိုဘဲ ရွေးချယ်ခဲ့ရတာတွေ ကြုံခဲ့ပြီးပါပြီ။

ဒီလို ခပ်တုံးတုံး နည်းလမ်းတွေကြောင့်လဲ တိုင်းပြည်ကြီး အဆုံးစွန်အထိ ဆုတ်ယုတ်ကျဆင်းမှုတွေဖြစ်ခဲ့ပြီ။

အခု ကျွန်မတို့တိုင်းပြည်မှာ ဒါမျိုးမလိုချင်တော့ပါ။
ပါတီခေါင်းဆောင်ကိုယ်တိုင် စည်းရုံးရေးဆင်းတာကို ကျွန်မတို့တွေ့ချင်တယ်။ မြင်ချင်တယ်။

ပါတီခေါင်းဆောင်ဆိုတာ သမ္မတလာင်းဘဲ။ တိုင်းပြည်ရဲ့ နံပတ်-တစ်ဖြစ်လာမဲ့သူ။ ပြည်သူက တိုင်းပြည်ရဲ့ နံပတ်-တစ်မည်သူမည်ဝါလဲ။ ပညာက ဘယ်လိုလဲ။ ရုပ်ရည်က ဘယ်လိုလဲ။ အသံက ဘယ်လိုလဲ။ ကြည့်မယ်။ အကဲဖြတ်မယ်။ လေ့လာမယ်။ ဒါက ပြည်သူ့ အခွင့်အရေး။

ပါတီခေါင်းဆောင်တွေ စည်းရုံးရေးဆင်းချင်သလား။ ဘယ်ပါတီကဘဲ ဖြစ်ဖြစ် သတ္တိရှိရှိ ဆင်းကြပါ။

ဂွတ်ပါတီကဆင်းဆင်း။ ဖွတ်ပါတီက ဆင်းဆင်း။ အရက်သမား အမူးသမားပါတီကဆင်းဆင်း။ မည်သူ့ကိုရွေးချယ်မလဲဆိုတာ ပြည်သူ့ အဆုံးအဖြတ်ဘဲ။

ကိုတင်အေးက ရွေးကောက်ပွဲစည်းရုံးရေးကိစ္စကို ကန့်သတ်ချုပ်ချယ်ချင်တယ်။ ကိုယ့်လုပ်ပိုင်ခွင့်ဆိုတော့။ ပြည်သူအခွင့်အရေးက ဘာလဲ။

ပြည်သူက နိုင်ငံကို ခေါင်းဆောင်မယ့် တကယ့်ဇာတ်လိုက်ကိုသာ မြင်တွေ့ချင်တာအဓိက။

ကိုတင်အေးရေ---ရှင် ပွဲကြည့်ဘူးတယ်မဟုတ်လား။ ရုပ်ရှင်ကြည့်ဘူးတယ်မဟုတ်လား။

ရှင်အနေနဲ့ ဇာတ်ပွဲတွေ ၊ ရုပ်ရှင်တွေကြည့်ရင် ခေါင်းဆောင်မင်းသမီး-မင်းသားကိုရွေးကြည့်တာလား။ နောက်လိုက် ဇာတ်ပို့ဇာတ်ရံတွေကို ရွေးကြည့်တာလား။

ကျွန်မတို့ ပြည်သူကတော့ ခေါင်းဆောင်မင်းသမီး-မင်းသားကြည့်ပြီးသာ ဇာတ်ပွဲတပွဲ၊ ဇာတ်ကားတကားကို ရွေးချယ်ပါတယ်။

တခါမှ ဇာတ်ရံတွေ ဘယ်သူဘယ်ဝါ ပါသလဲဆိုတာကိုကြည့်ပြီး ရုပ်ရှင်၊ ဗွီဒီယို ဇာတ်ကားရွေးမကြည့်ဘူးပါ။

မြန်မာဇာတ်ကားမဟုတ်သေးဘူး။ နိုင်ငံခြားက ရုပ်ရှင်၊ ဗွီဒိုယို၊ ရုပ်မြင်သံကြားဇာတ်ကားကိုတောင် ဇာတ်လိုက်မင်းသားမင်းသမီး ဘယ်သူလဲ ဆိုတာဘဲ ကြည့်ပြီးရွေးတာရှင်။

အမေရိကန်ရွေးကောက့်ပွဲမှာ အိုဘာမားနဲ့ဟီလာရီကလင်တန်ယှသ်ပြိုင်ကြတာ၊ အိုဘားမားနဲ့ ဂျွန်မက်ကိန်းယှဉ်ပြိုင်ကြတာကိုဘဲ လူထုက အဓိက စိတ်ဝင်စားပါတယ်။

ဒါဟာလူ့သဘာဝဘဲ။

ဖြစ်နိုင်ရင် ထိပ်တန်းပါတီခေါင်းဆောင်တွေ ပြည်သူလူထုရှေ.မှောက်မှာ၊ တီဗွီဖန်သားပြင်မှာ စကားစစ်ထိုးတာတောင် နားထောင်ချင်တယ်။ မြင်ချင်တယ်။

စကားစစ်ထိုးပွဲမှာ ရှေ.ဆက်ဆိုင်ပြည်ရဲ့ အနာဂတ်အတွက် ဘယ်လို လုပ်ကိုင်ပေးကြမယ်ဆိုတာ မူဝါဒတွေ ငြင်းခုန်ကြ၊ တိုက်ခိုက်ဝေဖန်ကြတာကို နားထောင်ချင်တယ်။

၂၀၁၂ခု ကြားဖြတ်ရွေးကောက်ပွဲတုံးက ရွေးကောက်ပွဲစည်းရုံးရေးနဲ့ ပတ်သက်လို့---

( လွတ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြ နေသလား၊ ၈၈ အရေးအခင်းများပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။ ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်”)လို့ပြောခဲ့တယ်နော်။

ဟုတ်တယ်။ ကျွန်မတို့ အနှစ်ငါးဆယ်ကျော်မတရားမှုတွေကြားမှာ နစ်မြောနေတဲ့ စစ်အစိုးရမျိုးမလိုချင်တော့လို့ ဆန္ဒပြနေတာ။ ဒါဟာအရှင်းဆုံးပြောတာပါဘဲ။

ကျွန်မတို့အားလုံးပွင့်ပွင့်လင်းလင်း မြင်သာထင်သာ ဆန္ဒပြနေပါတယ်။ ဒီဆန္ဒတွေကိုသာ တရားမျှမျှတတနဲ့ အကောင်အထည်ဖေါ်နိုင်အောင်ကြိုးစားပါ။

၁၉၉၀ခုနှစ်မှာ တပ်မတော်ကာချုပ်တယောက်ကိုယ်တိုင် ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကို အာဏာလွဲပေးပြီး ဘားတိုက်ပြန်မယ်ဆိုတဲ့ ကတိသစ္စာ ပျက်တတ်တဲ့စစ်ဗိုလ်ချုပ်တွေရဲ. အုပ်ချုပ်ခံဖြစ်နေသ၍ ဆန္ဒပြနေဦးမှာပါ။

ဆန္ဒပြတယ်ဆိုတာ ခိုးတာမဟုတ်ဘူး။

လိမ်တာမဟုတ်ဘူး။

စာရိတ္တညံ့ဖျဉ်းတာမဟုတ်ဘူး။

ပြည်သူ့အခွင့်အရေး။

ဒီမှာရှင်----စစ်ဗိုလ်ချုပ်များအနေနဲ့ ၂၀၀၈ခွဲ့စည်းပုံကို ဆန္ဒခံယူတုံးက ၉၈.၄၈% ထောက်ခံခဲ့တယ်လို့ ကြေညာခဲ့တယ်။ မထောက်ခံတာက ၇.၅၂%ဘဲ ရှိတယ်ဆိုပါတော့။

ဒီအချိုး၊ ဒီရာခိုင်နှုန်းက မှန်ခဲ့တယ်ဆိုရင် ၂၀၁၅ရွေးကောက်ပွဲမှာ ဘယ်ပါတီက ဘယ်သူ့အတွက်ဘယ်လိုဘဲ စည်းရုံးရေးဆင်းဆင်း ကြောက်ရွံ့စိုရိမ်စရာမရှိဘူးထင်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီတည်ဆောက်မယ်ဆိုရင် ကိုတင်အေးတို့ပါတီက ငွေပိုချမ်းသာပါတယ်။ ပါတီခေါင်းဆောင်ကိုယ်တိုင်ဘဲဆင်းဆင်း၊ ပါတီရဲ. တောက်တိုမယ်ရတွေဘဲ စည်ရုံးရေးဆင်းဆင်း လွတ်လပ်ပွင့်လင်းစွာ ယှဉ်ပြိုင်ကြစေချင်ပါတယ်။

ဒါဟာ ပြည်သူသဘောထားပါဘဲ။

1 အကြံပြုခြင်း:

Rocky Sein Dwe said...

If he has the power to issue such order.. what about the rest of the Commission members ??? Do they agree ??? Is it an indicator of democracy ??? maybe the Terms of Reference of Election Commission or its by-laws or rules and regulations need to be reviewed...