Thursday, April 24, 2014

လောင်စာလောက



ယဉ် ယဉ်နှောင်း


စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးတာ သုံးနှစ်လောက်ပဲရှိပါဦးမယ်။
ဆီပန့် နဲ့ ရောင်းတဲ့ဆိုင်တွေလည်း အများကြီးပေါ်လာတယ်။
လောင်စာတွေဖြစ်တာမို့ လူနေအိမ်ခြေထူထပ်ရာ မြို့ ထဲမထားဘဲ မြို့ ပြင်ကိုထားပြီး မြေအောက်သိုလှောင်ကန်တွေနဲ့  ၊ ဒစ်ဂျစ်တယ် အချိန်အတွယ်တွေနဲ့ စနစ်တကျရောင်းလာတာတွေ့ ရတယ်။

ဒီလိုဆီပန့် ဆိုင်တွေ အများအပြားပေါ်လာတာနဲ့ အတူ
လမ်းဘေးတွေမှာ ရေသန့် ပုလင်းတွေနဲ့ ရောင်းတဲ့ဆိုင်လေးတွေလည်း အများကြီးပေါ်လာတယ်။
အထူးသဖြင့် ဆိုင်ကယ်တွေသိန်းချီသွားလာလှုပ်ရှားနေတဲ့ မန္တလေးမြို့ ရဲ့လမ်းတွေမှာ ပိုသိသာလာတယ်။ လမ်းတစ်ပြကို အနည်းဆုံး အဲ့လိုဆိုင်လေးတွေတစ်ခုစီ။
ဆိုင်ကယ်စီးရင်း ရုတ်တရက်ဆီပြတ်သွားလို့  အဝေးကြီးသွားပြီး ဓာတ်ဆီဖြည့်ရတယ်ဆိုတာ မရှိတော့ဘူး။
နည်းနည်းလျှောက်လိုက်ရုံနဲ့  လမ်းထောင့်မှာ ၊ ကွမ်းယာဆိုင်မှာ၊ အိမ်ဆိုင်ငယ်လေးတွေမှာ
တစ်ဘူးတစ်ထောင်နဲ့ ဝယ်လို့ ရနေပြီ။

ဒီလိုဆိုင်လေးတွေအကြောင်းကလည်းစိတ်ဝင်စားစရာ။
ဆီပန့် ဆိုင်တွေမှာ ဓာတ်ဆီတစ်ဂါလံကို ၄၂၀၀ ဝန်းကျင် နဲ့ ဝယ်လို့ ရတယ်။
ဈေးနှုန်းအပြောင်းအလဲတော့ ရှိနိုင်ပါတယ်။
တစ်ဂါလံမှာ ၄ .၅ လီတာ စွန်းစွန်းလေး။
သာမန် ဆိုင်ကယ်တစ်စီးရဲ့ ဆီတိုင်ကီက ၄လီတာတောင်အပြည့်မထည့်နိုင်ဘူး။
ဒီတော့ ဆီထည့်လိုက် ၊ပြန်ထုတ်လိုက်၊ နောက်တစ်ခါ ပြန်ထည့်လိုက် ပြန်ထုတ်လိုက်နဲ့ သွားလုပ်မှ
သုံးခါလောက်လုပ်ရင် ဆယ်လီတာ (နှစ်ဂါလံ) ရမယ်။ အသွားအပြန်လုပ်ရတာမှာ ဆီတော့နည်းနည်းစားမယ်ပေါ့။

တစ်ဂါလံကို ၄၂၀၀ နဲ့ ဝယ်တယ်။
တစ်ရက်ကို နှစ်ဂါလံစာလောက် ထုတ်ရောင်းတယ်။
တစ်ဂါလံမှာ ၄.၅လီတာပဲရှိပေမယ့် ၅လီတာ ရအောင်ရောင်းနိုင်တဲ့နည်းတွေရှိတယ်။
တစ်လီတာ ရေသန့် ဘူးတစ်ဘူးကို အပြည့်မထည့်ဘဲ ၀.၉ လီတာလောက်နဲ့ ရောင်းရုံပဲ။
ဒီထက်ပို အမြတ်ကျန်ချင်သေးရင် အဲ့ဒီ ရောင်းမယ့်ဓာတ်ဆီထည့်ဖို့ လုပ်ထားတဲ့ရေသန့် ဘူးကို ရေနွေးထဲထည့်ပြုတ်၊ နည်းနည်းကျုံ့ သွားမယ်။
ရေသန့် ဘူးကျုံ့ သွားလို့  ဓာတ်ဆီနည်းနည်းပဲပါလေ ကိုယ့်အတွက် အမြတ်ပိုကျန်လေပေါ့။
ဒီလိုနည်းနဲ့  တစ်ဂါလံကို လီတာဘူးငါးဘူးနဲ့ ခွဲရောင်းရင်
တစ်ဘူးတစ်ထောင်ဆိုတော့ ကိုယ့်အတွက် တစ်ဂါလံမှာ ၅၀၀၀ ရတယ်။
အရင်းက ၄၂၀၀ ဆိုတော့ တစ်ဂါလံမှာ ၈၀၀ မြတ်တယ်။
တစ်ရက်ကို ဆယ်ဘူးရောင်းရရင် ၁၆၀၀ မြတ်မယ်။

တစ်ရက်ကို ဆယ်ဘူးရောင်းရဖို့ ကြိုးပမ်းရပုံကလည်း ပင်ပင်ပန်းပန်း။
အဖေသို့ မဟုတ် အမေလုပ်သူက နေပူပူထဲ ဆိုင်ကယ်အစုတ်လေးကိုမောင်းလို့  ဆီပန့် ဆိုင်တွေမှာ ခေါက်ပြန်သွား ဆီထည့်ရတယ်။
တစ်ခါသွားထည့်လိုက် အိမ်ပြန်ရောက်ရင် ဆီပြန်ထုတ်လိုက်၊ ရေသန့် ဘူးထဲထည့်လိုက်နဲ့ ။
ကလေးတွေက အဲ့ဘူးတွေကို ခြင်းထဲထည့်ပြီး ဆီပန့် ဆိုင်ကြီးတွေနဲ့ ဝေးရာ နေပူပူ မြို့ ထဲလမ်းတွေမှာ သွားရောင်းရတယ်။

ရောင်းပုံက ပလတ်စတစ်ထိုင်ခုံလေးတစ်လုံးပေါ် ရေဖြည့်ထားတဲ့ တစ်လီတာဘူးလေး တင်ပြီး လမ်းဘေးပလက်ဖောင်းပေါ်ချထားရတယ်။ဒါဆို ဓာတ်ဆီရောင်းတာမှန်းလူတိုင်းသိတယ်။
ဒါပေမယ့် ဒီလိုရောင်းတာက တရားမဝင်တဲ့ ရောင်းချခြင်းပဲ။
မီးဘေးအန္တရာယ်များတယ်။ ဒီတော့ စည်ပင်က လိုက်သိမ်းတယ်။ ဖမ်းတယ်။
ဒါပေမယ့် ရေသန့် ဘူးထဲရေထည့်ထောင်ထားတာဆိုတော့ မပြောသာဘူးပေါ့။
ရောင်းတဲ့ကလေးတွေကလည်း ရေသန့် ဘူးလေး ခုံပေါ်တင်ပြီးထောင်ထားပြီးရင် နေရိပ်ထဲ အိပ်နေကြတာတွေ၊ မောင်နှမတစ်သိုက်ဆော့နေကြတာတွေများတယ်။
ဝယ်သူလာမှ ကပျာကယာထ ဆီထည့်ပေးကြတယ်။
ကလေးတွေရောင်းတဲ့ဆိုင်ဆို သနားပြီး ဓာတ်ဆီဝယ်ကြသူတွေလည်းများပါတယ်။

ဒီလိုတစ်နေကုန် ဓာတ်ဆီဆယ်ဘူးရောင်းမှ တစ်ရက်ကို ၁၆၀၀၊
ပျှမ်းမျှအားဖြင့် ဝင်ငွေက ၂၀၀၀-၃၀၀၀ ဝန်းကျင်မှာပဲရှိမယ်။
တစ်ရက် ၅၀၀၀ ရဖို့ ဆိုတာ လီတာဘူး သုံးဆယ်ရောင်းရမှပဲရမယ်။
ဒီလို ဓာတ်ဆီရောင်းတဲ့ မိသားစုတွေအများကြီး၊ အိမ်မှာ ထိုင်ရောင်းဖို့ ရာကလည်း အိမ်က ချောင်ကြိုချောင်ကြား ဆိုတော့ ဆီဘူး လက်ဆွဲပြီး လမ်းပေါ်တက်လာရတယ်။

ဒီကလေးတွေမှာ အဓိကဖြစ်တဲ့ပြဿနာက နေပူပူလမ်းဘေးမှာ အိပ်နိုင်ဖို့  ၊ သူတို့ သောကတွေကိုမေ့ဖို့  ဓာတ်ဆီရှူလာကြတာပဲ။
မွှန်ထူထူ စူးရှရှ ဓာတ်ဆီနံ့ ကိုရှူရင်း မှိန်းပြီး အိပ်တယ်။
မောင်နှမတစ်သိုက် တစ်လှည့်စီ ရှူပြီးအိပ်တယ်။
ဓာတ်ဆီဆိုတာ အငွေ့ ပျံလွယ်တော့ ဆီဘူးအဖုံးလေးဖွင့်ရှူလိုက် ပြန်ပိတ်လိုက်၊ တစ်ဘူးထဲကပဲ လျော့သွားတာမဖြစ်အောင် ဘူးတွေအကုန်လုံးကို နည်းနည်းစီလှည့်ရှူတယ်။
ဒီလိုရှူရင်းနဲ့  မိန်းမောမူးဝေအောင် ပြုလုပ်ပြီး
သူတို့ ဘဝရဲ့ ဆင်းရဲမှုတွေကို မေ့ဖျောက်တယ်။
သူတို့ ဘဝရဲ့ နာကျင်ခါးသီးမှုတွေကိုမေ့ဖျောက်တယ်။
သူတို့ ဘဝရဲ့ ပူလောင်မှုတွေကိုမေ့ဖျောက်တယ်။
ဒါကိုသူတို့ မိဘတွေမသိဘူး။ သိလည်း စားဝတ်နေရေးလုံးပန်းနေရလို့  ဂရုမစိုက်အားဘူး။

ဆိုင်ကယ်ခနော်နီခနော်နဲ့ လေးတစ်စီးနဲ့  လုပ်စားနေရတဲ့ ဒီလိုမိသားစုတွေမှာ
မိဘတွေက ငွေရဖို့  ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီတန်းစီဝယ်ရင်း အချိန်တွေကုန်ရတယ်။
သားသမီးတွေက ဓာတ်ဆီပြန်ရောင်းဖို့ လမ်းဘေးမှာစောင့်ရင်း အချိန်တွေကုန်ရတယ်။
ဒီကလေးတွေဟာ သူတို့ ဘဝမှာ အချိန်ကုန်ဆုံးရင်းနဲ့ ပဲပိုက်ဆံရှာရတယ်။
အသိပညာ၊ အတန်းပညာသင်ဖို့ အချိန်မရှိဘူး။
တစ်နေကုန် ညစ်ပတ်မည်းတူးပေရေလို့ လမ်းဘေးမှာ ဝယ်သူမျှော်ရင်းပဲ၊ ဓာတ်ဆီရှူရင်းပဲ အချိန်ကုန်ဆုံးနေရတယ်။
ဒီလို ကလေးတွေ လမ်းတစ်လမ်းမှာ ဘယ်နှယောက်ရှိသလဲ၊ တစ်မြို့ လုံး တစ်ပြည်လုံးမှာ ဘယ်လောက်များနေပြီလဲ။
သူတို့ ဘဝလေးတွေသာယာလှပဖို့ ဘယ်သူတွေက ဘာတွေလုပ်ပေးနိုင်မလဲ။
စဉ်းစားရင်း ရင်မောရလွန်းလို့  ဒီအကြောင်းကို ဆောင်းပါးရေးပါဦးမယ်။

0 အကြံပြုခြင်း: