Monday, April 7, 2014

ဘယ်မှာရပ်ပါဆိုတဲ့ ဖြေရှင်းချက်ကိုမပေးပဲ ရပ်တဲ့သူဖမ်းမယ်ဆိုတာကတော့ တရားနည်းလမ်းမကျ



"လွဲနေတဲ့ မူဝါဒတစ်ခု"
Thet Swe Win

ဒီနေ့ ကျနော့်ကား လှည်းတန်းမှာရပ်ထားတုန်း ကရိန်းကားနဲ့ အဆွဲခံလိုက်ရတယ်။ လှည်းတန်းနားတ၀ိုက်မှာ ရပ်ထားတဲ့ကားတွေကို ကရိန်းနဲ့ဆွဲဆွဲသွားတာတွေကို မကြာခန တွေ့နေမြင်နေရပေမယ့် ကိုယ့်မထိသေးတော့ ဖာသိဖာသာပဲ နေဖြစ်ခဲ့တယ်။ လူတွေထုံးစံအတိုင်း ကိုယ့်မထိသ၍ သူများတွေ ဖြစ်ချင်တာဖြစ်ဆိုပြီး အတ္တကြီးခဲ့မိတယ်ဆိုတာ ၀န်ခံပါရစေ။ စာရေးမယ်လို့တွေးပေမယ့် လက်တွေ့ချရေးဖို့ ပျင်းနေတာကြောင့်လည်း ရေးသင့်ပြောသင့်တာတွေ မပြောဖြစ်ခဲ့တာတွေ ရှိပါတယ်။

ကျနော့်ရုံးက လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှာ။ လှည်းတန်းဆိုတာကလည်း သိတဲ့အတိုင်း ကားရပ်စရာနေရာ တော်တော်ရှားတာ။ ကားမှတ်တိုင်နဲ့ မီးပွိုင့်နဲ့က အရမ်းနီးနေပြီး ဘတ်စ်ကားတွေက စည်းကမ်းမဲ့ပြီး ခနခနလမ်းပိတ်ရပ်တော့ လှည်းတန်းတစ်ဝိုက်က ကားတွေအမြဲကျပ်နေလေ့ရှိတယ်။ မနက် ၉နာရီ ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်တွေမှာ လူတွေရော ကားတွေရော အရမ်းရှုပ်နေလေ့ရှိတယ်။ ညနေဘက်ဆိုရင် လမ်းဘေးဆိုင်တွေပါ လာဖွင့်ကြတော့ တော်တော်ကိုဆိုးဆိုးရွားရွားကားပိတ်တတ်တယ်။

ကျနော်အရင်အလုပ် MICT Park မှာတုန်းက အလုပ်သွားရင် ဘတ်စ်ကားနဲ့သွားတယ်။ တာမွေကနေ MICT Park ကိုဘတ်စ်ကားနဲ့ သွားရင် ပုံမှန် ၂နာရီကြာတယ်။ မနှစ်က သမီးလေးကိုယ်ဝန်စရှိတော့ မားသားကြီးက ကားလေးတစ်စီးဝယ်ပေးလို့ ကိုယ့်ကားနဲ့ကိုယ် အလုပ်သွားဖြစ်တယ်။ မိန်းမကလည်းအလုပ်လုပ်နေတော့ မနက် ၈နာရီခွဲလောက်ဆို သမီးကို ယောက်ခမအိမ်သွားပို့၊ ပြီးရင် မိန်းမကို အလုပ်သွားပို့ ပြီးတော့မှ လှည်းတန်းက ကျနော့်အလုပ်ကိုလာ။ လှည်းတန်းရောက်ရင် မနက် ၉နာရီခွဲပြီ။ ညနေဆိုရင်လည်း မိန်းမအလုပ်က ၇နာရီမှပြီးတော့ သူ့ကိုဝင်ကြို ၊ ပြီးရင် တစ်ဆိုင်ဆိုင်မှာ ထမင်းဝင်စား၊ ပြီးရင် သမီးလေးကို သွားခေါ်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်ရင် ည၁၀နာရီထိုးနေပြီ။ ဒါတွေက ကျနော်တို့မိသားစု နိစ္စဒူဝအလုပ်။

ဒီနှစ်ဇန်န၀ါရီလလောက်ကတည်းကစပြီး လှည်းတန်းမှာ ရပ်ထားတဲ့ကားတွေကို စီမံချက်နဲ့ ဆွဲဆွဲသွားတာကို ကြားနေ မြင်နေရတော့ ကိုယ့်ကားလေးလည်း ဆွဲသွားခံထိမှာ စိုးရိမ်တယ်။ ဒါပေမယ့် လှည်းတန်းတ၀ိုက်မှာ ကားတစ်စီးရပ်စရာနေရာဆိုတာ တော်တော်ရှားတဲ့အတွက်ကြောင့် ရင်တထိပ်ထိပ်နဲ့ပဲ အဆင်ပြေတဲ့ အင်းစိန်လမ်းမပေါ်မှာ ရပ်ရလေ့ရှိတယ်။ လမ်းကြိုလမ်းကြားထဲဝင်ရပ်ရင်လည်း အဲဒီနားကလမ်းလေးတွေက ကျဉ်းကျဉ်းလေးတွေဖြစ်ပြီး တစ်ဖက်ပိတ်လမ်းလည်းဖြစ်တော့ ကားရပ်လို့ လုံးဝအဆင်မပြေဘူး။ နေ့လည်ဘက် ထမင်းစားထွက်ချိန်ဆိုရင် လမ်းမမှာရပ်ထားတဲ့ ကိုယ့်ကားလေးရှိသေးရဲ့လားလို့ မကြာမကြာ သွားကြည့်ဖြစ်တယ်။ ဒီနေ့လည်း ထမင်းစားဆင်းတုန်းက ကားလေးရှိသေးလားလို့ ကြည့်ဖြစ်သေးတယ်။

ညနေရုံးဆင်းချိန် မိန်းမအလုပ်ကို သွားကြိုမယ်ဆိုပြီး လမ်းထိပ်ထွက်တော့ ကားမရှိတော့ဘူး။ မေးမြန်းကြည့်တော့ နေ့လည်က လာဆွဲသွားတယ်လို့ပြောတယ်။ အိမ်သော့က ကားထဲမှာ။ လင်မယား၂ယောက် ခလေးခေါ်ပြီး အိမ်ပြန်ရောက်တော့မှ အိမ်သော့က ကားထဲကျန်ခဲ့မှန်းသိလို့ မြေနီကုန်း ကားဝင်းထဲလိုက်သွားပြီး ကားသော့ဖွင့်ပြီးပြန်ယူခဲ့ရတယ်။ ကားကတော့ မြေနီကုန်းကားဝင်းထဲမှာပဲ။ မနက်ကျမှ ဒဏ်ငွေသွားဆောင်ရမှာ။ ကားဆွဲခ ၅သောင်းပေးရမယ်။ ပြီးရင် သူတို့ဆီက ချလံယူပြီး လှိုင်မြို့နယ် စည်ပင်သာယာမှာ နောက်ထပ် ၂သောင်းခွဲပေးပြီး မှ ကားထုတ်လို့ရမယ်။ ကျနော့်ရဲ့ ချွေးနှဲစာလေးထဲက မသထာရေစာ ဖဲ့ပေးရမယ့်အပြင် မနက်ဖြန်တစ်မနက်လုံး အချိန်ကုန်ဦးမှာပေါ့။

ဒီနေရာမှာ ကျနော်ထောက်ပြချင်တာတချို့ရှိပါတယ်။ ကားတွေကို စည်းကမ်းမဲ့ရပ်လို့ဖမ်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် စည်းနဲ့ကမ်းနဲ့ ရပ်လို့ရအောင် ကားရပ်စရာနေရာတွေ စီစဉ်ထားပေးဖို့လိုတယ်။ လှည်းတန်းလိုမျိုး လူဦးရေ သိန်းချီပြီး နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့နေရာမှာ ကိုယ်ပိုင်ကားတွေအတွက် ရပ်စရာနေရာ အရမ်းခက်ခဲပါတယ်။ အဲဒီနားမှာနေတဲ့သူတွေ၊ ဆိုင်ဖွင့်တဲ့သူတွေရဲ့ ကားတွေအတွက်လည်း ရပ်စရာနေရာ ခက်ခဲလှပါတယ်။ YCDC အနေနဲ့ လမ်းမဘေးမှာ ကားတွေမရပ်စေချင်ဘူးဆိုရင် ကားရပ်ဖို့အတွက် ယဉ်ရပ်နားစခန်းတွေ အဲဒီအနီးတ၀ိုက်မှာ ဆောက်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း လူစည်ကားတဲ့နေရာတွေမှာ ကားပါကင်တွေ ဆောက်ပေးပြီး နာရီနဲ့ ပိုက်ဆံကောက်ပါတယ်။ အခုဟာက ဘယ်မှာရပ်ပါဆိုတဲ့ ဖြေရှင်းချက်ကိုမပေးပဲ ရပ်တဲ့သူဖမ်းမယ်ဆိုတာကတော့ တရားနည်းလမ်းမကျဘူးလို့မြင်ပါတယ်။

အမေရိကားမှာဆိုရင် လူစည်ကားတဲ့နေရာတွေမှာ ကားရပ်ရင် ၁နာရီထပ်ပိုရပ်ခွင့်မရှိပါဘူး။ ၁နာရီထက် ကျော်ရပ်ရင် ဒဏ်ကြေး ဒေါ်လာ ၁၀၀ ကျော်ဆောင်ရပါတယ်။ နောက်ပြီး သတ်မှတ်နေရာမှာ မရပ်တဲ့ကားတွေကို Wheel Clam လို့ခေါ်တဲ့ ဘီးကိုသော့ခတ်သွားပြီး ဒဏ်ငွေဆောင်မှ လာဖြုတ်ပေးတာမျိုးတွေ လုပ်လေ့လုပ်ထရှိပါတယ်။ လမ်းဘေးက ကားပါကင်တိုင်းမှာ ဆိုင်းဘုတ်တွေရေးထားပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ အင်းစိန်လမ်းမှာ အဲဒီလို ဆိုင်းဘုတ်မျိုး တစ်ခုမှရေးပြီး ကြေငြာထားတာ မတွေ့ပါဘူး။

ကျနော်သိရသလောက် အင်းစိန်လမ်းမကြီးတောက်လျှောက် ပလက်ဖောင်းဘေးမှာ ယဉ်ရပ်နားခွင့် မပေးထားပါဘူး။ ဒါပေမယ့် ကားတွေက အမြဲတမ်းရပ်နေကြတာပါပဲ။ ကားလာဆွဲတုန်းခနပဲ ကားတွေရှင်းသွားပြီး နောက်တော့ ပြန်ရပ်တာပါပဲ။ ဒါကို အဖြေမှန်လို့ YCDC က ရွှေညဏ်တော် စူးရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေက ထင်များထင်နေလားမသိဘူး။ ဘတ်စ်ကားတွေလမ်းမကိုပိတ်ပြီး စည်းမဲ့ကမ်းမဲ့ရပ်တာကျတော့ ပါးစပ်တွေပိတ်ပြီး မမြင်ချင်ယောင်ဆောင်နေကြတယ်။ လမ်းဘေးဈေးသည်တွေ လမ်းမပေါ်တက်ပြီး ဈေးရောင်းတာကို မမြင်ချင်ယောင်ဆောင်နေကြတယ်။

ပေါ်လစီဆိုတာ စဉ်းစားရင် တစ်ပါတ်လည်အောင်စဉ်းစားရတယ်ဆိုတဲ့ စကားက သိပ်မှန်တယ်။ လမ်းမပေါ်ကားတွေရပ်လို့ လမ်းပိတ်တယ်ဆိုပြီး ရပ်တဲ့ကားတွေကို ဖမ်းတယ်။ ကားတွေရပ်ဖို့ ကားပါကင် မဆောက်ပေးထားတော့ ကားတွေက လမ်းကြိုလမ်းကြားဝင်ရပ်တယ်။ လမ်းမပေါ်ကားမပိတ်တော့ပေမယ့် လမ်းကြားတွေထဲ ကားပိတ်တယ်။ လမ်းတွေမကောင်းလို့ဆိုပြီး ကွန်ကရစ်တွေ တစ်ပေလောက်မြှင့်ပြီးခင်းလိုက်တယ်။ မိုးရွာတော့ အိမ်တွေရေမြုပ်ကုန်တယ်။ လမ်းဘေးမှာ ဈေးရောင်းလို့ဆိုပြီးဖမ်းတယ်။ သူတို့ဈေးရောင်းဖို့အတွက် နေရာတစ်ခုလောက်ကျတော့ မဖန်တီးပေးချင်ကြဘူး။ ကျုပ်တို့နိုင်ငံမှာ ဦးနင်းပဲ့ထောင်ပေါ်လစီတွေများနေတယ်။

နိုင်ငံတကာမှာ မြို့တော်ဝန်ဆိုတာ ပြည်သူက တိုက်ရိုက်ရွေးချယ်ခန့်ထားတဲ့ သူတွေပဲခန့်လေ့ရှိတယ်။ အများအားဖြင့် ပြည်သူ့အသံနားထောင်ပြီး ပြည်သူတွေလိုအပ်တာကို အကျိုးပြုနိုင်မယ့် အစေခံကောင်းတစ်ယောက်ဆိုရင်လည်း မမှားဘူး။ ကျနော်တို့ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဟာပညာယှိကြီးများကို ဒီထက်ပိုပြီး ရွှေညဏ်တော်မစူးရောက်ဖို့အတွက် ပြည်သူု့ရေးရာမူဝါဒ (Public Policy) လိုမျိုး၊ ပြည်သူ့အုပ်ချုပ်ရေးပညာ (Public Administration) လိုမျိုးတွေ အများကြီးသင်ပေးဖို့လိုဦးမယ်။

နောက်တစ်ခုက ပြည်သူတွေကို အသိပညာပေးတဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူဖို့လိုအပ်တယ်။ အစိုးရဘာလုပ်လုပ်၊ ဘာပြောပြော ပြည်သူတွေက အယုံအကြည်မရှိနေတဲ့အခါကျတော့ တချို့သော တကယ်ကောင်းတဲ့ ပေါ်လစီတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်မှု အားနည်းတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေမှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေပါပြီ။ ဒါပေမယ့် ရန်ကုန်တိုင်းမှာ အဲဒီလိုမျိုး ထိတွေ့ဆက်ဆံမှုတွေလိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပေါ်လစီတွေ ချမှတ်တော့မယ်ဆိုရင်လည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့လည်း တိုက်တွန်းချင်ပါတယ်။

0 အကြံပြုခြင်း: