Friday, April 4, 2014

မိချောင်းကန်သပိတ်စခန်းဆူးလေဘုရားလမ်းတစ်ပတ်ဆန္ဒပြ


ရန်ကုန်-ဧပြီ၎
မိချောင်းကန်မှတတိယအကြိမ်မြောက်သပိတ်စခန်းဖွင့်ထားသောပြည်သူများမှ၎င်းတို့ မြေပြန်လည်ရရှိရေးအတွက်ဆန္ဒပြပွဲကို ယနေ့ ညနေ ၅း၃၀ ခန့် က ၄င်းတို့ ၏သပိတ်စခန်းရှိရာမဟာဗန္ဓုလပန်းခြံလမ်းမှစတင်၍ဘားလမ်း၊ဆူးလေဘုရားလမ်းတို့ တွင်တစ်ပတ်ပတ်ကာလှည့်လည်ဆန္ဒပြခဲ့ကြသည်။
Popular Myanmar News Journal


" လိုင်စင်ရ လက်ကိုင်ဒုတ်များ "
************************
ညဥ့်နက်လာသည်နှင့်အမျှ ရန်ကုန်မြို့သည် တဖြည်းဖြည်း ငြိမ်သက် လာသည်။ တစ်ချက်တစ်ချက်ဖြတ်သွားသော ကားသံတို့မှအပ တိတ်ဆိတ်မှုတို့ အတော်အတန် လွှမ်းခြုံနေသော အခြေအနေဖြစ်သည်။

သို့ရာတွင် ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးတွင်တော့ လူတချို့ ဟိုတစ်စသည်တစ်စ။ ည ၂ နာရီထိုးတော့မည်။ သို့ရာတွင် မ ဟာ ဗန္ဓုလပန်းခြံဘေး မိကျောင်းကန်သပိတ်စခန်းနှင့် မနီးမဝေး တွင်မူ ဘော လုံးကစားနေသူတချို့လည်း ရှိနေ သေးသည်။ ပုံမှန်ဆိုလျှင် မရှိတတ်။

”ည ၂ နာရီလောက်ကြီး လူအယောက်တစ်ရာ လောက်ရှိ တယ်။ ဘောလုံးကန်နေတာ။ ပြီးတော့ ကားတွေဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့ စိတ်ထဲထင့်နေတာ။ သူတို့က အုပ်စုနဲ့တစ်ခါတည်း မဟုတ်ဘူး။ ဟိုနည်းနည်း ဒီနည်းနည်းပတ်ပတ်လည်ကလူတွေ အားလုံးစုပြီးတော့မှ ဝိုင်းဖြိုခွဲကြတာပါ”ဟု မနေနွယ်သန်းက ပြောသည်။မတ်လ ၂၉ ရက်နေ့ ညက သူမတို့ မိကျောင်းကန်သပိတ်စခန်းကို လာရောက်ဖြိုခွဲ မှု ကို ပြန်ပြောပြနေခြင်းဖြစ်သည်။

စစ်တပ်အပိုင်ဟု ဆိုပြီး ပြန်မပေး နိုင်ဟုယတိပြတ်ပြော ထားေ သ်ာငြား ဤမြေသည် သူတို့မြေဖြစ်သည်။ ရသင့်သည်ကို မရအရယူဖို့ သူတို့ ရန်ကုန်မြို့လယ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုနေ ခြင်းဖြစ်သည်။

”သင်္ဃန်းကျွန်းလိုနေရာမျိုးမှာ စစ်တပ်က ကတုတ်ကျင်းတူးရမှာမို့ ကျွန်တော် တို့မြေကိုသိမ်းတာလား”ဟု သပိတ်စခန်းဦးဆောင်သူ ဦးစိန်သန်း ကပြောသည်။မတ်လ ၂၉ ရက် ညတွင်သာမက မတ်လ ၃ဝ ရက်နေ့ည တွင်ပါသပိတ်စခန်းဖြိုခွဲရန်အာဏာပိုင်တို့ ထပ်မံလာရောက်ခဲ့သည်။

”အစ်မတို့ပစ္စည်းတွေကို ယူသွားတယ်။ အစ်မတို့က ပြန်ပြီးလိုက်ဆွဲတော့ လမ်းမမှာတရွတ်တိုက်ဆွဲ ကြပြီးတော့ ဝါးလုံးတွေနဲ့ ခုခံသလိုနဲ့ရိုက်တာ။ အစ်မ အပါအဝင် ၉ ယောက်ဒဏ်ရာရတယ်”ဟု မခင်မေရီက ပြောသည်။ မတ်လ ၂၉ ရက်နေ့တွင် လာရောက်သတိပေးသောလူအုပ်မှာ ယူနီဖောင်းဝတ်အယောက် ၂ဝ ခန့် နှင့် အရပ်ဝတ် ၃ဝဝ နီးပါး ခန့်ရှိကြောင်းနှင့် မတ်လ ၃ဝ ရက်နေ့ည လာရောက်ဖြိုခွင်းရာတွင် ယူနီဖောင်းဝတ် အယောက် ၂ဝဝ ခန့်နှင့် အရပ်ဝတ် ၃ဝဝ ခန့် ရှိကြောင်း မနေနွယ် သန်း ထံမှသိရသည်။

”မြို့ထဲမှာ မြို့လယ်ကောင်မှာဆိုတော့ ဒီလိုကြီးဝင်ပြီး ကြမ်းကြမ်း တမ်းတမ်းလုပ်လိမ့်မယ်လို့ မထင်ထားဘူး” ဟု မတ်လ ၃ဝ ရက်နေ့ည သပိတ်စခန်း ဖြိုခွင်းခံရပြီး လက်ကျိုး သည်အထိ ဒဏ်ရာရခဲ့သော မခင်မေရီက ပြောသည်။ ဒီမိုကရေစီအလေ့အကျင့်နှင့် ရာစုနှစ်ဝက်မက ကင်းကွာခဲ့ရသော မြန်မာပြည်သူတို့အတွက် မကျေ မနပ်မှုများကို ဖွင့်အံခွင့်ရလာသော ရွေးကောက်ခံ အစိုးရလက် ထက်သည် ရွှေ သဖွယ်တန်ဖိုးရှိပါသည်။

ဘိုးဘေးအမွေအနှစ်ကို လက်လွတ်ခဲ့ရသော လက်ဗလာလူတန်းစား၊ ရသင့်သည့်အခွင့်အရေး၏ထက်ဝက်ခန့်ကိုပင် မရနိုင်သေးသော ကျောမွဲ လူတန်း စားတို့၏ အော် ဟစ်ညည်းညူသံတို့က လမ်းမများထက်သို့ စာမျက်နှာများထက်သို့ လွင့်ပျံလာကြသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ တက်လာသည်။ သို့ရာတွင် ၂ဝ၁၂ ကြားဖြတ်မတိုင် မီကာလက ဘာမှန်းမသေချာသောကာလ။ သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများက အားလုံးရင်ထဲက အငုံ့စိတ်တို့ကို ဖယ်ရှားပေးခဲ့သည်။

ထို့ကြောင့်ပင် ၂ဝ၁၂နှစ်လယ်ပိုင်းမှစကာ ဆန္ဒပြုမှုများက နေရာအနှံ့ အကြောင်းအရာမျိုးစုံ အရောင်အသွေးမျိုးစုံ။ သူတို့အတွက်တူညီသော တစ်စုတည်းသော တရားမှာ မတရားအပြုကျင့်ခံခဲ့ရခြင်း ပင် ဖြစ် သည်။ မြန်မာသည် ယခုအခါကမ္ဘာ့အလယ်တွင် အပျိုစင်လေးသဖွယ် ကြွားကြွားဝင့်ဝင့် ဒီမိုကရေစီစနစ်သို့ လမ်းကြောင်းမှန်မှန်ဖြင့် ချီတက်နေသောနိုင်ငံဟု မည်မျှပင်ဆိုသော်လည်း ရှေ့ ကဖုံး၍ နောက် ကပေါ် နေသောအဖြစ်တို့ကြောင့် မြန်မာသည်ထင်သလောက် မျက်နှာပန်းမလှ။

အနှစ်နှစ်အလလက မျိုသိပ်ထားရသော မကျေနပ်မှုများကို ဖော်ထုတ်ရာတွင် အစိုးရကအသာစီးရယူထားသော ငြိမ်းချမ်းစွာစီတန်းစုဝေးခွင့်ဥပဒေ ပုဒ်မ ၁၈ ကို ဆန္ဒပြသူ တို့က လိုက်နာရသည်။ပြည်သူတို့ကို သွေးစုပ်ခဲ့သော ပုဂ္ဂိုလ် တို့ကပင် အစိုးရအဖွဲ့နှင့်လွှတ်တော်တွင် ခေါင်းပေါင်းအခန့်သားနှင့် ထိုင်နေရသေးသော အချိန်အခါပင်ဖြစ်ရာ ဤကဲ့သို့သော ဆန္ဒပြမှုကစားပွဲက တစ်ဖက်သတ်ဆန်လှသည်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုဖြင့်တရားစွဲခံရသည်။ ခွင့်ပြုချက်မပေးသော သပိတ်စခန်းတို့ကို အာဏာပိုင်တို့က အကြမ်းဖက်ဖြိုခွင်းကြသည်။

ကမ္ဘာသိဖြစ်ခဲ့ရသော လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲခံရမှုသည် ယခုအခါ တစ်နှစ်ကျော်လာပြီဖြစ်သည်။ တရုတ်ကုမ္ပဏီတို့၏ အကျိုးစီးပွား နှင့် ပတ်သက်လာလျှင် အာဏာပိုင်တို့ မည်သို့ တုံ့ပြန်တတ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ရသော ဖြစ် ရပ်ကိုအစပြုခြင်းလည်းဖြစ်သည်။ ဒီမိုကရေစီအစိုးရဟုဆိုသော ဦးသိန်းစိန်အစိုးရ လက် ထက် ပထမဆုံး ပြည်သူများအပေါ် အကြမ်းဖက်မှုလည်း ဖြစ်သည်။

ထို့နောက်တွင်တော့ ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုတို့က လက်ပံတောင်းတောင်အရေးထက် မပြင်းထန်သော် လည်း ပျောက်ကွယ်သွားခြင်း မရှိသေး။ ထို့ထက်ဆိုး သည်က ယခင့် ယခင်က သုံးနေကျ နည်းလမ်းဟောင်းကြီး ကို ပြန်အသုံးပြုလာနေခြင်း ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းအကြား မတူကွဲပြားသောခံယူ ချက်ရှိသည့်လူနှစ်စု၏ ပဋိပက္ခသဖွယ်ဖန်တီး၍ အမြတ်ထုတ်ရန် ကြံစည်မှုများက နေရာဒေသအနှံ့တွင် ရေးရေးမျှ တွေ့နေရသည်။

စွမ်းအားရှင်ဆိုသော စကားရပ်သည် ၂ဝဝ၇ သံဃာ့အရေး အခင်း အပြီးတွင် ပြည်သူတို့ကြား ရွံရှာဖွယ်စကားလုံးအဖြစ် ပျံ့နှံ့လာခဲ့သည်။ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။ သံဃာတော်များနှင့် ပြည် သူလူထုတို့ကိုနှိမ်နင်းရန်အတွက် အစိုးရက ဖန်တီးလာသော လူတစ်စုသည် ထိုကာလတွင် မည်မျှ လက်စောင်းထက်ခဲ့ သည် ကိုလည်း သိထားပြီးဖြစ်ပါသည်။

ထိုသို့သော အစိုးရယန္တရား၏ ခွေးသွားစိတ်ငယ်များသည် စစ် အာဏာရှင်လက်ထက်တွင် မထူးဆန်းလှပါ။ ဂျာမနီအာဏာရှင် အဒေါ့ဟစ်တလာက ရှပ် ညိုဆိုသောအထူး တပ်ဖွဲ့ကို အသုံးချပြီး စွမ်းအားရှင်ကို မြန်မာစစ်အာဏာရှင်အစိုးရ၏ ရှပ်ညိုဟု တင်စားသူတို့ပင် ရှိခဲ့ပါသည်။

သို့သော် ယခုမြန်မာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိသောနိုင်ငံ၊ ရွေးကောက် ခံဟုဆိုသော လွှတ်တော်ရှိသော နိုင်ငံ၊ ဒီမိုကရက်တစ်အစိုးရဟု ဆိုသော နိုင်ငံ ဦးဆောင်ဖို့ ရှိသော နိုင်ငံ၊ သို့နှင့်တိုင် … ယခင်ခေတ်က နာမည်ကြီးခဲ့သည့် စွမ်းအားရှင်ကဲ့သို့ အစိုးရလက်ကိုင်တုတ်တို့က ငြိမ်နေရာမှ ပြန်လည်ပေါ် ထွက်လာခြင်းကို ရန်ကုန်မြို့ မိကျောင်းကန် သပိတ်စခန်း ပထမဆုံးအကြိမ် ဖြိုခွင်းခဲ့သောညက သက်သေပြ လျက်ရှိပါသည်။

ထို့နောက်တွင်တော့ အနယ်နယ်အရပ်ရပ်တွင် ဆန္ဒပြသမားများနှင့် အစိုးရအာဏာပိုင်များ မဟုတ်သော သူတို့ကြား ထိပ်တိုက်တွေ့မှုတို့က ကြိုကြားကြို ကြား အခြေ အနေမှပိုမိုများပြားလာခဲ့သည်။ လူသူထူထပ်သော အရပ်ဒေသတို့၌ပင် ထိုလက်ပါးစေတို့ လက်စောင်းထက်ခွင့်ရနေကြပါသည်။ မပြေလည်နိုင်သေးသော မိကျောင်း ကန် အရေး အတွက် ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းများဖွင့်ထား သူတို့ကို နှစ်ညဆက်တိုက် လာရောက်ဖြိုခွင်း မှုတို့ တွင် ယခင့်ယခင်က လက်စောင်းထက်ခဲ့သော အာဏာပိုင်လက်ပါးစေတို့ ပါဝင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတို့က ဆိုပါသည်။

”အစ်မတို့ မိချောင်းကန်မှာ ဖြိုခွင်းခံရတုန်းက ဒီ့ထက်ဆိုးတယ်။ တပ်စည်ပင်ဆိုပြီးလာတာ။ အဲဒီတုန်းက အစ်မတို့ဖြိုခွင်းခံရတာထဲမှာ ဒဏ်ရာရတာက ၁ဝ ယောက်ရှိ တယ်”ဟု မနေနွယ်သန်းကဆိုသည်။ မိကျောင်းကန်၏ ဒုတိယသပိတ်တွင် မြစာရံအေးစေတီ ဘုရားဝင်းတွင် တပ်စည်ပင်များအပြင်အရပ်ဝတ်အင်္ကျီ အပေါ်ဝတ်ကုတ် အ င်္ကျီဝတ်ပြီး အရက်မူးနေဟန် ပေါက်သောလူများက တုတ်တွေကို ကိုင် ဆောင်ပြီး ရိုက်နှက်ခြင်းများလည်းခံခဲ့ရကြောင်း မနေနွယ်သန်းက ပြောသည်။

၂ဝ၁၃ ဒီဇင်ဘာအစောပိုင်းက ဖြစ်ပွားခဲ့သော အငြင်းပွားမြေနေရာရှိ ဝင်၊ ထွက်ပေါက်လေးပေါက်ကို တပ်စည်ပင်တံဆိပ်ပါ ဝတ်စကုပ်အင်္ကျီများ ဝတ်ဆင် ထားသောအဖွဲ့ လာရောက်ကာ ရှစ်ပေအမြင့်ခန့်ရှိ သော သွပ်ပြားများဖြင့် ပိတ်ရာဆန္ဒပြပြည်သူများက မပိတ်ရန်တားမြစ်ရာမှ စတင်ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင်အစပြု၍ ယူနီဖောင်းဝတ်မဟုတ်သော လူတို့ဆန္ဒပြ သမားများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ အဖြစ်များလာခဲ့သည်။ မတရားလုပ်ထားခဲ့သော သူတို့ကို ကာ ကွယ် ရန်အတွက် တရားသောနည်းလမ်းများကို အသုံးပြု၍ မရသောအခါ ယခင်နည်း လမ်းဟောင်းတို့ကို ပြန်အသုံးပြုလာဟန်ရှိသည်ဟု ယူဆရသည်။

” သူတို့က ဘာကောင်တွေလဲ။ စစ်တပ်ကလား၊ ရဲလား၊ စည်ပင်လား၊
ဘာကြောင့်သူတို့မှာ ဒီလိုလုပ်ဖို့အခွင့်ရှိနေတာလဲ ”

ဟု မြေသိမ်းခံလယ်သမားများအ ရေးလှုပ်ရှားသူ ဦးဝင်းချိုက မေးခွန်းထုတ်လိုက်သည်။

ဒီမိုကရေစီခေတ်တွင်ဖြစ်သောကြောင့် မေးခွန်းတွေများပါလိမ့်မည်။ သို့ရာတွင် အရေခြုံဒီမိုကရေစီဖြစ်ပါက အဖြေ မရနိုင်ပါ။ အဖြေ မှန် မရနိုင်ပါ။ ပြည်သူတို့ကြားတွင် မေးခွန်းများ ပလူပျံနေပါသည်။

”သူတို့က ဘယ်သူတွေလဲ”

ကျော်ရဲလင်း ၊ ဇေဝေယံ
http://www.popularmyanmar.com/

0 အကြံပြုခြင်း: