Thursday, April 3, 2014

တွင်ကျယ် နေဦးမည့် မောင်ပိုင်စီးခြင်း ဓလေ့



ငြိမ်းချမ်းအေး
မိုးမခ
ဧပြီ ၀၂၊ ၂၀၁၄
Read @ http://moemaka.com/archives/36710
http://moemaka.blogspot.com.au/2014/04/blog-post_9002.html

(Or)

Read Below

ခုရက်ပိုင်း မဟာသန္တိသုခ ကျောင်း သတင်းတွေ ပြန်ပေါ်လာတယ်။  ဒီ ပြဿနာ ကို တိုတို နဲ့ အရင်းခံ ပြောရရင် အကျိုးစီးပွားအတွက် အချင်းများ ခံရခြင်းပါ။  ပီနန် ဆရာတော် က ပြည်ပ သာသနာပြု ဆရာတော်ကြီး ဆိုတော့ အမြင် ကျယ်တယ်၊ ကျောင်းစ ထောင်၊ ဆောက်ကတည်းက သမာရိုးကျ အလှူ တခုတည်း နဲ့ မရပ်တည်ဘဲ သီးသန့် အမှီအခိုကင်းနိုင်ဖို့ရာ နေရာ၊ အပြင်အဆင် စီစဉ်ခဲ့ဟန် ရှိတယ်။  ဒီလိုနဲ့ ကျောင်း ခန်းမတွေ ငှားခြင်း က စီးပွားရေ အရ အောင်မြင် လာခဲ့တယ်။

ရန်ကုန်မြို့နေ အလယ်အလတ်တန်းစား လူတန်းစားများ အတွက်လည်း၊ အထူးသဖြင့် စတင် အိမ်ထောင်မှုဘဝ ထူထောင် လိုသူ မရှိမရှား လူမှု-စီးပွား နောက်ခံ က လူငယ် စုံတွဲများ အတွက် ဣနြေ္ဒရရ မင်္ဂလာပွဲ အခမ်းအနား ကျင်းပဖို့ရာ မဟာသန္တိသုခ ကျောင်း ခန်းမ လို နေရာမျိုးတွေက အဆင်ပြေတယ်။  မြန်မာ့ရိုးရာ လက်ထပ်ခြင်း ဓလေ့ပါ ဘာသာရေး နဲ့ လုံးဝ မနှီးနွယ်၊ မစပ်ယှက်တဲ့ ရိုးရာ ဓလေ့ ထိပွန်းခြင်း ကိစ္စ ကတော့ တပိုင်းပေါ့။

ဘာပဲဖြစ်ဖြစ် အခမ်းအနား ပွဲ လုပ်မှ တင့်တယ်တယ်လို့ ယူဆနေတဲ့ ခေတ်သစ် ဗမာ့ အိမ်ထောင်ပြုမှုထုံးနဲ့က ဒီလို စရိတ်ကျဉ်း လူအမြင်လှတဲ့ နေရာမျိုးတွေ လိုတယ်။  မဟာသန္တိသုခကျောင်းခန်းမ ကနေတောင် ဒီလို ဘုန်းကြီးကျောင်း တွဲလျက် ခန်းမ မှာ တပါတည်း မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခြင်း ဓလေ့ ဖြစ်ထွန်းခဲ့တယ်လို့ ဆိုနိုင်မလားပဲ။

ဘုန်းကြီးကျောင်း ဘက်က ပြန်ကြည့်ရင်လည်း ဒီဝင်ငွေ နဲ့ သာသနာ ပြု လုပ်ငန်းတွေ၊ ဗုဒ္ဓစာပေ သင်တန်းတွေ၊ အခြား အထွေထွေ သာသာရေး၊ လူမှုရေး လုပ်ငန်းတွေ စိတ်တိုင်းကျ လုပ်နိုင်တယ်။  ဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။

ဒါပေမယ့် ပြဿနာက အကျိုးစီးပွား ဖက်လာရင်၊ ဒါမှမဟုတ် နာမည်ရလာရင် ကောင်းတဲ့ အလုပ်၊ အကျိုးအမြတ် မပါ ဆိုစေဦး အုပ်စုတခု ခု က လက်ဝါးကြီးအုပ် သိမ်းချင်တဲ့ ဓလေ့ က ဗမာပြည်မှာ စစ်အာဏာရှင်စနစ်နဲ့ အတူ တွင်ကျယ်ခဲ့၊ တွင်ကျယ်နေတယ်။  အခု နာမည်ကောင်းရ၊ တကယ်လည်း အလုပ်ကောင်းတွေ လုပ်နေတဲ့ လူမှုရေး အသင်းကြီး ဆိုရင် ဟိုးအရင်က အုပ်စုတွင်း တိုက်ပွဲတွေ ဟိုလေးတကျော် ဖြစ်ခဲ့တာ အားလုံး မှတ်မိမှာပါ။

အခု အစိုးရတက်လုပ်နေတဲ့ ကြံ့ဖွတ် အသင်းဆိုရင်လည်း စတည်ထောင်တုန်းက လူမှုရေးလိုလို၊ ဘာလိုလို နဲ့ နိုင်ငံအနှံ့ ရပ်ကွက်၊ မြို့နယ်ရုံးတွေမှာ မြှောင်ကပ် ဖွင့်ခဲ့ပြီး နောက်မှ ညောင်မြစ်လို သူတပါး နေရာကို တဖြည်းဖြည်း ဝါးမျိုလာကာ ပြည်သူပိုင် အဆောက်အဦးများ အခု ပါတီပိုင်တွေ ဖြစ်ကုန်တော့တာပဲ။  မဆလ ပါတီလည်း ဒီလိုပဲ လုပ်ခဲ့တယ်၊ ပြည်သူပိုင် သိမ်းခြင်း ခေါင်းစဉ်ရဲ့ နောက်ဆုံး ရလဒ် က ပြည်သူတော့ တကယ် မပိုင်၊ စစ်ဗိုလ်ဟောင်း ပါတီလူကြီး ဆွေတော်၊ မျိုးတော် တသိုက်သာ ပိုင်ကုန်၊ ဆိုင်ကုန်၊ လျှံကုန်၊ ဟန် ကုန်ကြတယ်။

အခု မဟာသန္တိသုခ ကျောင်း လည်း ဒီ သဘောပဲ၊ ဆိုခဲ့သလို စီးပွားရေး အရ အောင်မြင်လာတယ်၊ တလ တလ ငွေသိန်း သုံးလေးငါးဆယ် ဝင်နေတယ်၊ နောက်ပိုင် ငွေရေးကြေးရေ အရှုပ်အရှင်းတွေ ဖြစ်တယ်၊ ဒီတော့ ကျောင်း ဂေါပက အဖွဲ့ရယ်၊ စစ်ထောက်လှမ်းရေး ရယ်၊ မဟန ရယ် ပေါင်းပြီး ကျောင်းကို သိမ်းလိုက်ကြတယ်။

ဒီကိစ္စ မှာ သာသနာ့ ဝန်ထမ်း ဘက်က သင်ခန်းစာ ယူစရာ တခု ရှိတယ်။  ဒီကျောင်း စ ထောင်ကတည်းက စစ်အစိုးရရဲ့ ချီးမြှောက့်ခြင်း Blessing နဲ့ စခဲ့တယ်၊ နောက်ဆုံး သိမ်းတော့လည်း စစ်အစိုးရပဲ။  ဘာသာ၊ သာသနာ အကျိုးမျှော် ဆိုဦး စစ်အုပ်စု နဲ့ စပ်စပ်ယှက် ဘယ်လိုမှ မပြုသင့်ဘူး ဆိုတာကို သင်ခန်းစား ယူနိုင်တယ်။  စစ်အုပ်စု နဲ့ သွားပတ်သက်မိရင် နောက်ဆုံး စစ်အုပ်စု ထုံးစံ အကျိုးစီးပွား စားခွက်လုမှု၊ အာဏာ လုမှု တွေ ကြုံရမှာ ဓမ္မတာပဲ။

ပီနန် ဆရာတော်ဘုရားကြီး ကျောင်းတွေ ထောင်လာတာ ကမ္ဘာ အနှံ့ အများကြီး၊ ခေတ်အဆက်ဆက် ဘာအသံကြားခဲ့ရလို့လဲ။  ကံအကြောင်းမလှ စစ်အစိုးရ ရဲ့ ဘွဲ့တံဆိပ် အပ်ခံ ပြန်လာ ပြီး သာသာနာ့ အကျိုး အတွက် ဒီ ကျောင်းထောင်၊ နောက် ပြည်ပ ပြန်ကြွခိုက်မှာ ကျန်ခဲ့သူတွေ ငွေကြေး အရှုပ်တော်ပုံတွေ ဖြစ်၊ နောက်ဆုံး ဒီလိုတွေ ဖြစ်လာတာပဲ မဟုတ်လား။

စစ်အာဏာရှင် စနစ် နဲ့ အုပ်စု မှာ သာသနာ ရေး ဆိုတာ သူတို့ အာဏာ၊ အကျိုးစီးပွား အတွက် အသုံးချခံ လုံးလုံး ပဲ၊ သူတို့ တိုင်းပြည်မှာ အာဏာ နဲ့ လုပ်ပိုင်ခွင့် တည်မြဲနိုင်ဖို့ ဘာသာရေး၊ သာသနာရေး နာမည်ခံ လူကြားကောင်းအောင် အော်ခြင်း၊ ဘုန်းကြီး ကို ခြင်းကပ်ရုံ (ချည်းကပ်နိုင်၊ စည်းရုံးနိုင်ဖို့ အလှူ ခြင်းတောင်း ကပ်ခြင်း) သက်သက် ပဲ။  ဒီသဘောကို သိကြပေမယ့်လည်း ခေတ်အဆက်ဆက် သာသနာရေး ဝန်ထမ်းများ တကွေ့မဟုတ် တကွေ့ အသုံးချခံ အနည်း၊ အများ ဖြစ်ကြတာချည်းပါပဲ။  အခုလည်း ဒီမိုကရေစီ ခေတ် ဆိုပြီး အမျိုး၊ ဘာသာ၊ သာသနာ အသံကောင်းဟစ်တော့ ရဟန်း တချို့ စစ်အုပ်စု အာဏာနိုင်ငံရေး အသုံးချခံ ဝမ်းနည်းဖွယ် ဖြစ်နေလျက်ပဲ မဟုတ်လား။  သတိချပ်သင့်လှတယ်။

ဒီ မဟာသန္တိသုခ ကိစ္စ မှာ ဗိုလ်ခင်ညွန့် တို့နဲ့ အတူ ပူးတွဲ တရားခံ စာရင်းဝင်သူ က ဂေါပက အဖွဲ့ဝင် တမြန်မနှစ်ကလောက်ကပဲ ဆုံးသွားခဲ့ပြီ ဖြစ်တဲ့ စစ်ဗိုလ်ဟောင်းကြီး တဦးပါ။  စာပေ၊ စာနယ်ဇင်းလောက မှာလည်း ထင်ရှားခဲ့သူ တဦးပေါ့။  သူ့ရဲ့ ကုလားဖန်ထိုးမှု လို့ လူအများ ဆိုလေ့ရှိကြတယ်။  သူ့ သမိုင်းကြောင်းကလည်း ကောင်းတာကိုး။  ဗိုလ်နေဝင်း ရဲ့ ဖြုတ်ထုတ်ရှင်းပွဲ တခုမှာ သူ့ကို ဖြုတ်ဖို့ အကြောင်းပြတော့ ရာတန် ကိစ္စပေါ့။  သူ့ရဲ့ ဝန်ကြီး ရာထူး အနေအထားအရ ရာတန်သိမ်းမှာကို ကြိုသိနေတော့ သူပိုင် ပိုက်ဆံတွေ ကြိုလဲထားတယ် ဆိုတယ်။  လူဆိုတာ အတ္တ အရင်းခံမို့ အပြစ် မဆိုသာပါဘူး။

စစ်အာဏာရှင် စနစ် မှာ ဘယ်လောက်ပဲ ဇာတ်တူသား စား စား၊ ဖြုတ်ထုတ်ရှင်း လုပ်လုပ်၊ ကိုယ့်အချင်းချင်းကို အမြဲ စောင့်ရှောက်လေ့ ရှိတယ်။  ပြုတ်သူ မှန်သမျှ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေ၊ နေရာတွေ ရကြတာချည်းပါပဲ။  ဆိုခဲ့တဲ့ စစ်ဗိုလ်ကြီး အပါအဝင် ခေတ်ဦး ဝန်ကြီးဟောင်း ဗိုလ်ပြုတ် တချို့ ဒီလိုနဲ့ ဗမာ့စာနယ်ဇင်း လောကထဲ ရောက်၊ စီးပွား အခြေကျ၊ သြဇာ ရှိလာကြတယ်။

ယနေ့  စစ်လွှတ်တော် နိုင်ငံရေး အထိ ဗမာပြည်မှာ စစ်အုပ်စု လုပ်သမျှ တင့်တယ်၊ လုပ်တိုင်း ဖြစ်နေခြင်း အကြောင်းတခု က စစ်တပ် ဟာ လက်ဝါးကြီးအုပ်ခြင်း ဓလေ့ ထုံး ကို ကောင်းကောင်းအသုံးချနိုင်ခြင်း ကြောင့် ဖြစ်တယ်။  စစ်အုပ်စု ဟာ သူတို့ လူတွေ၊ သူတို့ ဝါဒ ထောက်ခံသူ သြဇာခံ Proxy တွေကို တိုင်းပြည်ရဲ့ နေရာ၊ ကဏ္ဍ အသီးသီးမှာ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ နဲ့ ထည့်သွင်း သြဇာ၊ အာဏာ နဲ့ လူနေရာ ကို ကျယ်ကျယ်ပြန့်ပြန့် ပျိုးချနိုင်ခဲ့တယ်။  ဒီလိုသဘောမှာ  အထိရောက်ဆုံးကတော့ စာပေ၊ စာနယ်ဇင်း လောက ကို စစ်ဗိုလ်ဟောင်းကြီးများ ထိုးဖောက်နေရာယူနိုင်ခဲ့ခြင်း ပါ။

နာမည်တွေ တပ် ဥပမာ ပြုဆိုရရင် မြလှိုင်၊ မြတ်ထန်၊ မိုးမိုးတာရောစန်၊ မှူးသမိန် အစရှိတဲ့ စာပေနယ်မှာ တွင်ကျယ်သူ စစ်ဗိုလ်ဟောင်း ပုဂ္ဂိုလ်များက အစ နောက်ပိုင်းခေတ် အတ္ထုပ္ပတ္တိ တွေ ထုတ်ရေးတဲ့ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ထွန်းကြည် အလယ်၊ နောက်ဆုံး သောင်းဝေဦး အဆုံးပေါ့။  စာပေ၊ စာနယ်ဇင်း လောက ဟာ မဆလ ခေတ်ကတည်းက ဗိုလ်ပြုတ်များ နယ်ချဲ့ ကြီးစိုးရာ ဖြစ်ခဲ့တယ်၊ တရားဝင် စစ်တပ်ပိုင် မဂ္ဂဇင်းတွေ ရှိတယ်၊ လူတွေကို ခေါ်မွေးတယ်၊ တနည်း ခေါ် ဖျက်တယ်။  နောက်ပိုင်း သတင်း ဂျာနယ် ဆိုရင် စစ်ထောက်လှမ်းရေး အဆက်၊ ချိတ် မပါရင် လုပ် လို့ မရ၊ သူတို့ လူ၊ သူတို့ အကျိုးစီးပွား မပါရင် ထုတ်လို့ မရတဲ့ အထိ ဖြစ်ခဲ့တယ်။  အခု အထိ လည်း ဒီသဘော၊ ဒီအတိုင်းပဲ။  ဗမာ့ စာနယ်ဇင်း ဟာ စစ်အုပ်စု (သို့မဟုတ်) စစ်အုပ်စု အပေါင်းအပါ ခရိုနီ သြဇာခံ အများစုပဲ။

ဆိုခဲ့တဲ့ စစ်ဗိုလ်ဟောင်း စာရေးဆရာကြီးများ ယေဘုယျ သူတို့ အားလုံး ဘာကို တူညီ ဇောင်းပေး ပုံဖော်ခဲ့၊ ပုံဖော် နေသလဲ။  တပ်မတော် သာလျှင် တိုင်းပြည် ရဲ့ ကယ်တင်ရှင် အစစ်အမှန်၊ လွတ်လပ်ရေး ရယူပေးခဲ့သူ၊ တိုင်းပြည် အချုပ်အခြာ အာဏာ ခိုင်မြဲ တည်တံ့အောင် ကာကွယ်သူပေးနေသူ၊ ဒီသဘောပဲ မဟုတ်လား။  ဒါ့အပြင် ဒီလို Proxy တွေကနေတဆင့် စစ်အာဏာရှင်စနစ် တည်မြဲရေး လမ်းကြောင်းမှု ပဒေသရာဇ် ခေတ် စစ်ဘုရင် သူရဲကောင်း ကိုးကွယ်မှု ဝါဒ၊ လက်ယာစွန်း အမျိုးသားရေးဝါဒ၊ ဒါတွေကိုပဲ ပုံဖော် မှိုင်းတိုက်ခဲ့ကြတာပဲ။

ဒီအကျိုးဆက်ကြောင့် စစ်ဝါဒ နဲ့ စနစ် က မျက်မှောက်မှာ တိုင်းပြည် ကို အကျိုးယုတ်စေ၊ တိုင်းပြည် ခွက်ဆွဲနေရတာကို သိနေ၊ ပြည်သူ ကို သတ်ဖြတ်၊ ဖိနှိပ်နေတာ မျက်မြင် ခံစား နေသည့်တိုင် လူထု ဟာ မသိစိတ်မှာ စာပေ၊ စာနယ်ဇင်းလို သြဇာရှိတဲ့ Soft Power ကနေ လာတဲ့ စစ်ဝါဒမှိုင်းက ကျပ်ခိုးလို စွဲနေတယ်။  ဒီလိုနဲ့ စစ်ဝါဒီ၊ အာဏာရှင် အလိုကျ ပုံဖော်မှု တွေဟာ လူထု စိတ်ထဲမှာ စွဲမှန်းမသိ စွဲ၊ ဝင်မှန်းမသိ ဝင်နေတယ်။  ဒါကြောင့် စစ်ဝါဒ အလိုကျ ပုံဖော် တည်ဆောက်ယူ၊ ကြိုးရှည်ရှည် လှန်းထားတဲ့ တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပြဿနာ၊ ပြည်တွင်းစစ်၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခတွေ၊ အမုန်းတွေ ရေရှည်နေတာပေါ့။  တိုင်းပြည်မှာလည်း စစ်အုပ်စု နဲ့ အပေါင်းအပါ တသိုက် ထင်တိုင်းကြဲ စစ်လွှတ်တော် နိုင်ငံရေး ကို အခု အတိုက်အခံ ဒီမိုကရေစီ အင်အားစု ဆိုသူတွေကပါ အားတက်သရော ထောက်ခံပါဝင်တဲ့ အထိ လုပ်သမျှ ဖြစ်နေတော့တာပေါ့။

Monopoly ဆိုတဲ့ လက်ဝါးကြီးအုပ်မှု သဘော အင်္ဂလိပ်စကားကို မြန်မာ လို ချက်ကျလက်ကျ အဓိပ္ပာယ် ပေါက်အောင် ဆိုရင် မောင်ပိုင်စီးခြင်း လို့ ဆိုနိုင်မယ် ထင်တယ်။  စစ်အာဏာရှင်စနစ် ဟာ မောင်ပိုင်စီးခြင်း ကို ဓလေ့ တခု ဖြစ်တဲ့ အထိ၊ ယဉ်ကျေးမှု ဖြစ်စေတဲ့ အထိ တိုင်းပြည်မှာ စနစ်တကျ သွတ်သွင်းခဲ့တယ်။

စစ်အုပ်စု အကျိုးစီးပွား ဖြန့်ကျက်မှု ဟာ စီးပွားရေးမှာ ဆိုရင် မောင်ပိုင်စီးခြင်း တင်မက ဦးပိုင်စီးခြင်း ဖြစ်နေတာ မျက်မြင်ပါပဲ။  တိုင်းပြည် ရဲ့ အရေးပါတဲ့ နေရာ၊ ကဏ္ဍ အသီးသီးမှာလည်း ဆိုခဲ့သလို စစ်အုပ်စု နဲ့ သူ့ သြဇာခံ Proxy များဟာ မောင်ပိုင်စီးခဲ့ကြတယ်။  အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ စာနယ်ဇင်၊ အနုသုခုမ အားလုံး အစုံစုံ ပေါ့။  ဒါ့အပြင် အမျိုးသားရေး ဝါဒ၊ အမျိုး၊ ဘာသာ၊ သာသနာ ပုံဖော်ရင်တောင် မှ လူအများစု တိုင်းပြည် မှာ ဗိုလ်ကျ ခြယ်လှယ် စိုးမိုးနိုင်တဲ့ တမျိုး၊ တဘာသာ ဇောင်းပြု မောင်ပိုင်စီးခြင်း ဓလေ့ ကိုပဲ လမ်းကြောင်းခဲ့တာ မဟုတ်လား၊ ဒီလို သဘောနဲ့ပဲ လူအများစု ကို လှည့်ဖြား သွေးဆောင် ဖြားယောင်း၊ အာဏာကို ဆွဲဆန့်ခဲ့၊ ဆွဲဆန့်နေတာ မဟုတ်လား။

အခု ဆောင်းပါး မှာ အစပြု ဆိုခဲ့တဲ့ မဟာသန္တိသုခ ကျောင်းကိစ္စ က လည်း တိုင်းပြည် ရဲ့ အခြား ကြီးကြီးမားမား ပြဿနာပေါင်း သောင်းခြောက်ထောင်လိုပဲ ဓမ္မ နဲ့ အဓမ္မ ယှဉ်ပြိုင်မှု၊ မတရားမှု နဲ့ တရားမှု ထိပ်တိုက်တွေ့မှု ပြယုဂ် တခုဖြစ်သလို စစ်အာဏာရှင် စနစ်၊ စစ်အုပ်စု ရဲ့ မောင်ပိုင်စီးခြင်း ဓလေ့ ကို ပုံပေါ်စေတဲ့ ဥပမာ တခုလည်း ဖြစ်နေတယ်။  စစ်အုပ်စု၊ စစ်ဝါဒ နဲ့ အပေါင်းအပါ တသိုက် သူတို့ အာဏာ အကျိုးစီးပွား အလို့ငှာ တိုင်းပြည်မှာ ရှေ့ဆောင်၊ လမ်းကြောင်း ဦးဆောင်မှု မပျောက်သရွေ့ ဒီမိုကရေစီ လည်း မထွန်းကား၊ ဟို.. မိုကရေစီ လည်း မဖြစ်၊ စစ်မိုကရေစီသာ တွင်ကျယ်ကာ ဘုန်းကြီးကျောင်း လုခံရခြင်း က အစ လယ်သိမ်းခံရခြင်း အလယ်၊ တိုင်းပြည် စစ်အာဏာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သိမ်းခံရခြင်း အဆုံး မောင်ပိုင်စီးခြင်း ဓလေ့ နေရာတိုင်းမှာ တည်တံ့ သက်ဆိုးရှည်နေဦးမှာ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဧပြီ ၀၂၊ ၂၀၁၄

0 အကြံပြုခြင်း: