Wednesday, April 2, 2014

မိကျောင်းကန်မြေနေရာတွေကို ဘာကိစ္စနဲ့ မှ ပြန်ပေးစရာ မလိုဘူး၊ ဘာလုပ်ချင်သလဲ၊


၁၉၉၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရှိမြေများအား လုံးဝ ပြန်ပေးမည်မဟုတ်ဟု တပ်စည်ပင်မှ ဒုတိယရဲမှူးကြီး သက်နိုင်က ပြောသည်။
“နိုင်ငံတော်အတွက် ပေးဆက်ပြီး အလုပ်လုပ်ခဲ့တဲ့ စစ်သားတွေအတွက် အိမ်ယာတွေ ဆောက်ပေးမှာပါ။ အစီစဉ်အားလုံး ရှိနေပြီးသား ဖြစ်တဲ့အတွက် ပြန်ပေးဖို့ လုံးဝ အစီစဉ်မရှိပါဘူး” ဟု ၄င်းက ပြောသည်။

Popular Myanmar News Journal


Aungmyo Tun

နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားလာတယ်လို့  ပြောနိုင်တဲ့ဖြစ်စဉ်တစ်ခု
မိကျောင်းကန် တွေ့ ဆုံပွဲမှာ ဖြတ်ခနဲ တွေ့ လိုက်ရတယ်။ သပိတ်စခန်းဖွင့်
ဆန္ဒပြသူများရဲ့  တောင်းဆိုချက်ဟာ နိုင်ငံရေးအရ ပုဂ္ဂလသဘောဆန်ပေမယ့်
မတရား ခံခဲ့ရတာတွေကို ပြန်လည်တုန့် ပြန်ပြီး တရားသဖြင့် ရပိုင်ခွင့်အတွက်
“အစိုးရ ခွင့်ပြုမှ ဆန္ဒပြ” စည်းဘောင်ကို လစ်လျူရှုကာ လူစုလူဝေးနဲ့ 
အင်အားပြလိုက်တဲ့အပေါ် ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့
ဒု/ဗမက သက်နိုင် ဆိုသူက နိုင်ငံရေးစားပွဲဝိုင်းဆီ စစ်တပ်ကိုယ်စားပြုသူအဖြစ်
ပါဝင်လာတာဟာ ထူးခြားမှုဖြစ်တယ်။

၁၉၉၀ ခုနှစ်က သိမ်းယူခဲ့တဲ့ မိကျောင်းကန်မြေတွေဟာ အိုးအိမ်နဲ့  မီးရထားဌာန က
လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး တပ်နဲ့  တိုက်ရိုက်မဆိုင် လို့  ရည်ညွှန်းချက်ဟာ
အင်မတန် အရှက်မဲ့တဲ့ ဆင်ခြေဆင်လက်သာ ဖြစ်တယ်။ ထိုကာလများဟာ
စစ်အာဏာသိမ်းအစိုးရ ထင်တိုင်းကျဲနေချိန်ဖြစ်လို့  အဆိုပါ စစ်အရာရှိ ပုံချတဲ့
ဌာန နှစ်ခုဟာ စစ်တပ်တစ်ခုလုံးအတွက် ကိုယ်လုပ်တော်အဆင့်မျှသာ ရှိတယ်။
ရန်ကုန်မြို့ လို နေရာမှာတော့ စစ်တပ်အနေနဲ့  လက်ရမ်းခြေရမ်း လုပ်တာထက်
အခြား ၀န်ကြီးဌာနတခုခုကို နာမည်ထိုးကျွေးပြီး “လက်ညှိုးညွှန်ရာ ရေဖြစ်စေ”
လုပ်ခဲ့တာတွေ ဒုနဲ့ ဒေး ရှိခဲ့ပေမယ့် တောတွေ နယ်တွေမှာဆို “ဒါ.. စစ်တပ် ပိုင်”
တစ်ချက်လွှတ် အမိန့် နဲ့  မီးသေခဲ့တဲ့ မြေယာသိမ်းမှုတွေဟာ မရေမတွက်နိုင်ပါဘဲ။
ဒီတော့ တပ်လိုချင်လို့  အမိုက်ခံ လုပ်ပေးရတဲ့ ဌာနတွေ (သူတို့ အကျိုးအမြတ်လည်း
အနည်းအများ ပါပေတယ်)ဆီက လုပ်ထုံးလုပ်နည်းနဲ့ အညီ ယူတာပါ ဆိုတဲ့
စစ်တပ်ဘက်က ခုခံမှုဟာ ကျိုးကြောင်းမဆီလျော်ဘူးလို့  ပြောရမယ်။

သိမ်းယူထားတဲ့ မိကျောင်းကန်မြေနေရာကို စစ်တပ်ဝန်ထမ်းဟောင်းတွေ
နေထိုင်ဖို့  အဆောက်အဦများဆောက်လုပ်ရန် ရည်ရွယ်ထားတယ်ဆိုတဲ့
ဒုတိယမြောက် ဆင်ခြေကြောင့် စစ်တပ်အဖွဲ့ အစည်းဝင် နိုင်ငံသားများဟာ
အခြား သာမန်ပြည်သူများနဲ့  ကွဲပြားစွာ အခွင့်အရေးတွေ ရပိုင်ခွင့်ရှိတယ် ဆိုတာ
ခပ်ပြောင်ပြောင် ထွက်ပြောလိုက်တယ်လို့ ဘဲ သဘောပေါက်မိတယ်။
စစ်ဗိုလ်စစ်သား မလုပ်ခဲ့တဲ့ အရပ်ဘက်ဌာနက ၀န်ထမ်းဟောင်းတွေနဲ့ 
လူတန်းစား ခွဲခြားလိုက်တာဖြစ်ပြီး “စစ်တပ်ထဲဝင်ရင် ရှေ့ ရေးအေးမယ်” ဆိုတဲ့
စည်းရုံးမြူဆွယ်မှုတရပ်လို့  ရှုမြင်မိတယ်။ ပြည်သူသာအမိ ပြည်သူသာအဖ လို့ 
ပါးစပ်က အမြှုပ်ထွက်အောင် ပြောနေပေမယ့် လူထုကြား လက်တွေ့ လုပ်ရပ်က
“တပ်မတော်သာ တပ်မတော်သာအဖ” ဖြစ်နေတာ သိက္ခာမဲ့လှတယ်။

စစ်တပ်ကိုယ်စားပြု လူလုံးထွက် ပြောဆိုပြခဲ့တဲ့ ဒု/ဗမက သက်နိုင် ဆိုသူရဲ့ 
နောက်ဆုံး ကြိမ်းလုံး ကတော့ “မိကျောင်းကန်မြေနေရာတွေကို ဘာကိစ္စနဲ့ မှ
ပြန်ပေးစရာ မလိုဘူး၊ ဘယ်သူ ဘယ်အဖွဲ့ အစည်းတွေ ဘာလုပ်ချင်သလဲ၊
ပြောကြစမ်း” ဆိုတဲ့သဘောဆီ ဦးတည်နေတယ်လို့  သုံးသပ်မိတဲ့အတွက်
ဒီဘက်ခေတ်ထဲ ဆီသည်မ လက်သုတ်ဝတ် လို ဖြစ်လာတဲ့ “နိုင်ငံရေးယဉ်ကျေးမှု”
ဆိုတဲ့ စကားလုံးဟာ လူထုအတွက်မဟုတ်ပါလား ဆိုပြီး စေ့စေ့တွေးမိတော့တယ်။

0 အကြံပြုခြင်း: