Friday, April 18, 2014

တကယ့်ဆရာရဲ့ နောက်ဆုံးကဗျာ (သင်္ဘောနစ်တဲ့နေရာမှာ ကြဲပေးပါ)



Thorn Nay Soe
-------------------------

ကလေးအယောက် ၂၀၀
သေတာရှင်တာ မသိရသေးဘဲ
တစ်ယောက်တည်း အသက်ဆက်ရှင်ဖို့ ခက်ခဲပါတယ်

ငါ့ကိုသာ အပြစ်ပုံချလိုက်ပါ
ငါက ခရီးကို စီစဉ်ခဲ့တာပါ

ငါ ခန္ဓာကို မီးသဂြိုလ်ပြီး
သင်္ဘောနစ်တဲ့နေရာမှာ ကြဲပေးပါ

အလောင်းတောင် ပြန်မတွေ့ ရတဲ့ကလေးတွေနဲ အတူ
တမလွန်မှာ ဆရာလုပ်ရင် လုပ်နေမှာ။

[18 ရက်နေ့မှာ အသက်မဲ့နေ့တဲ့
ကျောင်းအုပ်ချုပ်ရေးဆရာ ဂန်းမိုရဲ့  စာဖြစ်ပါတယ်။
ညီလေး King Fredy ဆီက ကူးယူပါတယ်။]

===============

ဖြစ်စဉ်အကျဉ်း။

တောင်ကိုးရီးယားမှာ ဂျေဂျူးကျွန်းဆီသွာတဲ့ သဘောင်္တစ်စင်း
ပင်လယ်ထဲနစ်သွားပါတယ်။ သင်္ဘောနစ်ရာ ပါသွားသူတွေအများစုဟာ
လေ့လာရေးခရီးထွက်လာတဲ့ အထက်တန်းကျောင်းသားလေးတွေပါ။

ကလေးတွေက ငါးထပ်ရှိတဲ့သင်္ဘောရဲ့ လေးထပ်မြောက်မှာ လိုက်လာခဲ့တာတဲ့။
သင်္ဘောနစ်တဲ့အချိန် မီးတွေပျက်သွားပြီး အလိုလျောက်တံခါးစနစ်တွေ ပျက်သွားတော့
ကလေးတွေ ပိတ်မိကုန်ပါတယ်။

တာဝန်မယူတတ်တဲ့ ကပ္ပတိန်က အသက်ကယ်လှေနဲ့ ကိုယ်လွတ်ရုန်းသွားတယ်။
မှောင်မဲပြီး ပွက်လောရိုက်နေတဲ့အခန်းထဲမှာ ကျန်ရစ်ခဲ့တာက ကျောင်းသားလေးတွေချည်းပေါ့။

အလုအယက် အိမ်ကို ဖုန်းတွေပြောကြရင် ဆူညံပြီး ဘယ်သူမှ မကြားရမှာမို့တဲ့
မက်ဆေ့လေးတွေ ကိုယ်စီပို့ကြတယ်။ သူတို့အမေတွေဆီကိုပေါ့။

"ကျနော်တို့ အားလုံး သေတော့မယ်ထင်တယ်။
ကျနော့်မှာ အမှားတွေရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။
ကျနော်အားလုံးကိုချစ်ပါတယ်"
တဲ့။ ကလေးတစ်ယောက်က ပို့တယ်။

နောက်ကလေးတစ်ယောက်ကတော့ ...
"ဒီတစ်ခါမှမပြောခဲ့ရင် ကျနော်တစ်သက်လုံး
ပြောခွင့်ရတော့မှာမဟုတ်ဘူး။ အမေ့ကိုချစ်တယ်" တဲ့။

သူတို့ မက်ဆေ့ခ်ျလေးတွေကိုရတဲ့ မိဘတွေက
စစချင်း ဘာဖြစ်မှန်းမသိဘူး။
"ဘာဖြစ်လို့ လဲ ကလေးရယ်၊
အမေမင်းကိုအမြဲတမ်းချစ်နေတာပဲလေ"
လို့ ပြန်ပို့သူလည်း ပို့တယ်တဲ့။

ဒါပေမယ့် သူတို့ လေးတွေကတော့ အဲ့စာကို မမြင်နိုင်တော့ပါဘူး။
နက်မှောင်နေတဲ့ပင်လယ်ရေပြင်ကြီးအောက်
ထာဝရပျောက်ဆုံးသွားခဲ့ရပြီလေ။

[ဖြစ်စဉ်အကျဉ်းကို အစ်မ Thiri Kalyar Share ထားတဲ့
ယဉ်ယဉ်နှောင်းရဲ့ Post ကနေသိရပြီး ပြန်ရေးသားပါတယ်။]


သင်္ဘောနစ်မြုပ်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော လက်ထောက် ကျောင်းအုပ်ဆရာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ဖွယ်ရှိ
------------------------------------

အောင်ဟိန်းခိုင် ၊ ဧပြီ ၁၈
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကိုရီယားကျွန်းဆွယ် အနောက်တောင်ဘက် တွင် နစ်မြုပ်လျက်ရှိသော သင်္ဘောပေါ်တွင် ပိတ်မိနေသော ကျောင်းသားများ၏ လက်ထောက် ကျောင်းအုပ်ဆရာသည် ကယ်ဆယ်ရေး သမားများနှင့်တွေ့ရှိကာ အသက်ရှင်လွတ်မြောက်ခဲ့ သော်လည်း ယနေ့ သောကြာနေ့ မနက်ပိုင်းမှာတော့ ယာယီကယ်ဆယ်ရေး စခန်းအနီးတွင် သေဆုံးလျက်တွေ့ရှိခဲ့သည်။

မီဒီယာများကို တရာဝင်ထုတ်ပြန် ပြောကြားမှု တစ်စုံတစ်ရာ မရှိသေးသော်လည်း ယာယီကယ်ဆယ်ရေး စခန်းကို ရောက်ရှိနေသော မီဒီယာများ၏ ပြောကြားချက်အရ အသက် ၅၂ နှစ် အရွယ်ရှိ လက်ထောက် ကျောင်းအုပ် ကမ်မင်ကျူ သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

သင်္ဘောနစ်မြုပ်ရာ နေရာ၏ အနီးတွင်တည်ရှိသော ဂျင်ဒိုကျွန်း ၏ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်များအရ ကမ်မင်ဂျူကို ယာယီကယ် ဆယ်ရေး စခန်းတည်ဆောက်ထားသော အားကစားခန်းမအနီးမှာ သေဆုံးလျက်တွေ့ရှိရသည်ဟုသာ ဖော်ပြထားသည်။

ကျောင်းသားကျောင်းသူအများစုပါဝင်သော လူပေါင်း ၂၆၈ ဦး ဇောက်ထိုးအနေအထားဖြင့် နစ်မြုပ် လျက်ရှိသော သင်္ဘောပေါ်တွင်နစ်မြုပ်နေချိန်ု၌ ကမ်မင်ဂျူတစ်ယောက် စိတ်ဖိစီးမှုများကိုမခံနိုင်တော့သည့်အဆုံး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ဖွယ်ရှိသည်။

ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” ကမ်မင်ဂျူ ဘာကြောင့် သေဆုံး ခဲ့ရသလဲဆိုတာ စုံစမ်းစစ်ဆေးနေတုံးပါ” ဟု ယာယီကယ်ဆယ်ရေးစခန်းကိုရောက်ရှိနေသော AFP သတင်းထောက်ကိုပြောကြားခဲ့သည်။

ကိုရီးယားအခြေစိုက် ယွန်ဟပ် သတင်းဌာန ကတော့ ကမ်မင်ဂျူကို ယာယီကယ်ဆယ်ရေးစခန်းအနီးမှာရှိတဲ့ သစ်ပင်တွင် သူ၏ခါးပတ်ကို အသုံးပြုကာ ကြိုးဆွဲချ သေဆုံးနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လူပေါင်း ၄၇၅ ဦးစီးနင်းလိုက်ပါလာပြီး ဗုဒ္ဓဟူးနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခန့်တွင် စတင်နစ်မြုပ်ခဲ့သော တန်ချိန် ၆၈၂၅ အလေးချိန်ရှိ Sewol သင်္ဘောပေါ်တွင် တောင်ကိုရီယားနိုင်ငံမြို့တော် ဆိုးလ်မြို့ တောင်ဘက်ပိုင်းတွင်တည်ရှိသော အန်ဆန်မြို့၊ ဒန်ဝန် အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၅၂ ဦးလိုက်ပါစီးနင်းခဲ့ခြင်းဖြစ်သည်။

ကိုရီယား သင်္ဘောနစ်မြုပ်မှု ၊ ခရီးသည်များ ဘေးမကင်းမီ သင်္ဘောကို စွန့်ခွာခဲ့သော ကပ္ပတိန်မှာ တာဝန်ရှိသလား…..

လက်ရှိအချိန်ထိ လူပေါင်း ၂၉၈ ဦးပျောက်ဆုံး လျက်ရှိသော ကိုရီယား သင်္ဘော နစ်မြုပ်မှုတွင် ခရီးသည်များ ဘေးကင်းရာသို့ မရောက်မီ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်ကို အပြစ်တင်လျက်ရှိသည်။ သင်္ဘော ပင်လယ် ရေအောက်သို့ မနစ်မြုပ်မီ လွတ်မြောက်ခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်တစ်ယောက် အဘယ့်ကြောင့် သင်္ဘော နစ်မြုပ်ခဲ့ ရကြောင်းနှင့် ခရီးသည်များ ဘေးမကင်းမီ အဘယ့်ကြောင့်သင်္ဘောကိုစွန့်ခွာခဲ့သလဲဆိုသည့် မေးခွန်းများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ကိုရီယား ပင်လယ်ရေကြောင်း လုံခြုံရေး အဖွဲ့အစည်း၏ ဥက္ကဖြစ်သူ ဘီမင်ဟွန် က “ကပ္ပတိန်ဟာ သင်္ဘောမနစ်မြုပ်မီ တစ်နာရီလောက်ကို အဓိပ္ပါယ် မဲ့တဲ့ လုပ်ရပ်တွေနဲ့ အချိန်ဖြုန်းခဲ့တယ်၊ ခရီးသည်တွေကို သူတို့ ရှိနေတဲ့ အခန်းလေးထဲမှာပဲ နေကြပါဆိုတဲ့ ညွန်ကြားချက်တွေက ခရီးသည်တွေကို ချောက်ထဲတွန်းပို့ခဲ့သလိုပါပဲ” ဟု ပြောကြားထားသည်။

သင်္ဘောနစ်မြုပ်ချိန်တွင်သင်္ဘောပေါ် တွင်ရှိနေခဲ့သော အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ မိမိတို့ရှိနေတဲ့ အခန်းထဲမှာပဲ နေကြပါဆိုတဲ့ ညွန်ကြားချက်ကို လျစ်လျူရှု့ပြီး သင်္ဘော၏ အပေါ်ပိုင်းသို့ ပြေးတက်ခဲ့ပြီးနောက်မှာတော့ အသက်ရှင်လွတ် မြေက်လာခဲ့သည်။

သူမ၏ ပြောကြားချက်အရ ” ကျွန်မ အခန်းထဲမှာပဲ နေကြပါလို့ပြောနေတဲ့ ညွန်ကြားချက်ကို လျစ်လျူရှု့လိုက်တယ် ၊ဘာကြောင့်လဲဆိုတော့ သင်္ဘောက တစ်ဖြည်းဖြည်း နစ်နေပြီး ရေတွေက ကျွန်မ ရှိ နေခဲ့တဲ့ အခန်းလေးထဲကိုဝင်လာနေပြီး ၊ ဒါနဲ့ ကျွန်မလဲ သင်္ဘောရဲ့ အပေါ်ပိုင်းကို ရောက်အောင် ပြေးလွှားခဲ့ပြီး လူတွေ ရှိနေတဲ့ ပြတင်းပေါက်ကနေသင်္ဘောအပြင်ဘက်ကို ထွက်ခဲ့တာ ၊ ခဏနေတော့ ကယ်ဆယ်ရေးသမား တွေရောက်လာပြီး ကျွန်မကို ကယ်ခဲ့တာ” ဟု သူမ၏ အတွေ့အကြုံကိုပြောပြသည်။

သင်္ဘောကို မစွန့်ခဲ့ပါဘူးဟု ကပ္ပတိန် လီဂျန်ဆွတ်က ပြောကြားနေသော်လည်း အသက်ရှင်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ လီဂျန်ဆွတ် ဟာကယ်ဆယ်ရေးသမားများ၏ ကယ်ဆယ်ခြင်းကိုခံခဲ့ရသော ပထဦးဆုံးလူများစာရင်းတွင်ပါဝင်သည်ဟု ဆိုသည်။

သင်္ဘောနစ်မြုပ်ရာဒေသနှင့် အနီးအနားတွင်ရှိသော ဂျင်ဒိုကျွန်းပေါ်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းကို တောင်ကိုရီးယားသမ္မတနှင့် ၀န်ကြီးချုပ်တို့ကိုယ်တိုင် လာရောက်အားပေးစကားများပြောကြားခဲ့သော်လည်း ပျောက်ဆုံးလျက်ရှိသော ကျောင်းသား ကျောင်းသူများ အတွက် ပူဆွေးလျက်ရှိသော မိဘများနှင့် ဆွေမျိုးမိဆွေများ၏ ကြမ်းတမ်းသောစကားလုံးများနှင့် အပြုအမူများကို ရင်ဆိုင်ခဲ့ရသည်။

သမ္မတ ပတ်ဂွမ်ဟီး ကယ်ဆယ်ရေးစခန်းတို့ ရောက်ရှိချိန်တွင် “ဘာလုပ်နေတာလဲ၊ လူတွေက သေနေပြီး ၊ အချိန်တွေက တဖြည်းဖြည်း ကုန်နေတာ” ဟုကြွေးကြော်သံများ နှင့်အတူ လူထု၏ တိုးဝှေ့ တွန်းထိုးခြင်းကိုခံခဲ့ရသလို ၀န်ကြီးချုပ် ဂျွန်ဟွန်ဝန် မှာလည်း လူထု၏တိုးဝှေ့ တွန်းထိုးခြင်းကိုခံခဲ့ရပြီး ရေဗူးများနှင့် ပစ်ပေါက်ခြင်း များကိုခံခဲ့ရသည်။

အထက်တန်းကျောင်းသားကျောင်းသူ ၃၇၅ ဦးနှင့်အတူ ဆရာ၊ ဆရာမ များ အင်ချွန်မြို့မှ ကိုရီယား အပန်းဖြေကမ်းခြေကျွန်းဖြစ်သည့် ဂျေဂျူ ကျွန်းသို့ လေ့လာရေးခရီး ထွက်လာစဉ်အတွင် ယခုကဲ့သို့အဖြစ်ဆိုးနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် ကျောင်းသားကျောင်းသူများ၏ မိဘများမှာ အထူးစိုးရိမ်ပူပန်နေကြသည်။

လူအုပ်၏ တွန်းထိုးတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် လူအုပ်အတွင်းမှပြန်လည်ထွက်ခွါရန်ကြိုးပမ်းခဲ့သော ၀န်ကြီးချုပ် ဂျွန်ဟွန်ဝန်မှာ ပျောက်ဆုံးလျက်ရှိသော ကျောင်းသား၏ မိခင်တစ်ဦးဖြစ်သူ၏ တားဆီးခြင်းခံခဲ့ရပြီး ” ထွက်ပြေးဖို့ မကြိုးစားပါနဲ့ ၀န်ကြီးချုပ် ၊ ကျေးဇူးပြုပြီးရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို ကျွန်မတို့ကိုပြောပြခဲ့ပါ” ဟု တောင်းဆိုခြင်းကိုခံခဲ့ရသည်။

လက်ရှိအချိန်တွင်ပျောက်ဆုံးလျက်ရှိသော လူပေါင်း ၂၉၈ ဦးလုံး ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိနိုင်ပါက တောင်ကိုရီယားနိုင်ငံအတွက် စစ်အေးကာလအတွင်း အဆိုးရွားဆုံးသော လူအသေအပျောက်အများဆုံး ဘေးအန္တရာယ် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်ထိ တန်ချိန် ၆၈၂၅ အလေးချိန်ရှိသော Sewol သင်္ဘောနစ်မြုပ်ရခြင်း၏ အကြောင်းအရင်းကို မသိရှိနိုင်သေးသော်လည်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သင်္ဘောမနစ်မြုပ်မီ ကျယ်လောင်သောအသံကြီးကိုကြားခဲ့ရပြီးနောက် သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူများကတော့ သင်္ဘောဟာ ကျောက်တောင် သို့မဟုတ် နစ်မြုပ်နေသော အရာဝတ္တုပစ္စည်းတစ်ခုနှင့်တိုက်မိခဲ့ဖွယ်ရှိသည်ဟု ထင်မြင်ချက်များပေးလျက်ရှိသည်။ သို့သော် ယခုလက်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့၏ရုံးခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော ကပ္ပတိန် ၏ပြော ကြားချက်အရ သင်္ဘောဟာ ကျောက်တောင်နှင့်တိုက်မိခဲ့ခြင်း လုံးဝ မဟုတ်ပါဘူး ဟု ငြင်းဆိုလျက်ရှိသည်။

အခြားယူဆ ချက်တစ်ခုမှာတော့ သင်္ဘောဟာ တင်ဆောင်လာသော ကားအစီးရေ ၁၅၀ နှင့်အတူ အခြားသောကုန်ပစ္စည်းများ မှ ဟန်ချက်မညီတော့ဘဲ နစ်မြုပ်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

သမ္မတ ပတ်ဂွမ်ဟီးကတော့ ” ကျွန်မအနေနဲ့ ယခုဖြစ်စဉ်မှာ တာဝန်ရှိတဲ့ လူတွေအားလုံးကို မိမိတို့ လုပ်ရပ်အတွက် တာဝန်ယူဖို့ အမိန့်ပေးသွားမည်ဖြစ်ပြီး ရာထူးမှလည်း နှုတ်ထွက်ခိုင်းသွားမှာပါ” ဟုလူထုနှင့်တွေ့ဆုံစဉ်ပြောကြားထားသည်။

သို့သော်လည်း စိုးရိမ်စိတ်များနှင့်ပြည့်နှက်လျက်ရှိသော လူထုကြီးက သမ္မတပတ်ဂွမ်ဟီးကို ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေပုံများကို ၂၄ နာရီ တိုက်ရိုက်ထုတ်လွှင့်ပြသရန်နှင့် လက်ရှိအချိန်ထိ ကယ်ဆယ်ထားပြီးသော လူဦးရေ စာရင်းနှင့်ပျောက်ဆုံးနေသောလူဦးရေ စာရင်းကို အချိန်နှင့်တပြည်းညီ ထုတ်လွှင့်ပေးရန် တောင်းဆိုထားသည်။

ကယ်ဆယ်ရေး သင်္ဘောအစင်းရေ ၁၀၀ နှင့် ရေငုပ် သမားအယောက် ၅၀၀ ဖြင့် လုပ်ဆောင်နေသော ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း ဆိုးရွားလှသော ရာသီဥတုအခြေအနေနှင့် ပင်လယ်ပြင်အနေအထားတို့ကို ရင်ဆိုင်နေရပြီး သင်္ဘောနစ်မြုပ်သည့်နေ့တွင် ကယ်ဆယ် ထားနိုင်သည့် လူပေါင်း ၁၇၉ ဦးကိုသာ ကယ်ဆယ်ထားနိုင်ပြီး ပျောက်ဆုံးလျက်ရှိသော လူပေါင်း ၂၉၈ ဦးကိုတော့ ကယ်ဆယ်နိုင်ခြင်းမရှိသေးပေ။ကမ်းခြေစောင့် တပ်ဖွဲ့၏ ကတော့ သင်္ဘောပေါ်တွင်ရှိနေခဲ့သော အသက် ကယ်လှေများ ဘာကြောင့်အသုံးပြုခဲ့သလဲနှင့် ကပ္ပတိန်က သင်္ဘော စတင်နစ်မြုပ်နေစဉ်မှာပင် အဘယ့်ကြောင့် ခရီးသည်များကို မိမိတို့ရှိနေသောအခန်းအတွင်းမှာပင် နေကြရန် ညွှန်ကြားခဲ့သလဲဆိုသည့် အချက်ကို စုံစမ်း စစ်ဆေးနေပြီဖြစ်သည်။

နစ်မြုပ်ခဲ့သော သင်္ဘော Sewol ကို ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေပေါင်း ၄၈၀ ရှည်လျားကာ အလွှာ ၅ ထပ် ပါဝင်သည်ဟု သိရသည်။

သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသော လူများ၏ ပြောကြားချက်အရ သင်္ဘောစတင်နစ်မြုပ်ချိန်တွင် သင်္ဘော၏ အပေါ်ဆုံးထပ်တွင် လူအနည်းငယ်သာရှိနေခဲ့ပြီး အလယ်ထပ်နှင့် အောက်ထပ်တွင် လူအများစု ရှိနေခဲ့ကာ သင်္ဘော စတင်နစ်မြုပ်သည်နှင့် လူအများဆုံးရှိသော အလယ်ထပ်နှင့် အောက်ထပ်မှာ ရေအောက်သို့စတင်နစ်မြုပ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ဂျေဂျူး ကျွန်းနှင့် အင်ချွန်း မြို့ကို တစ်ပတ် နှစ်ကြိမ် ပြေးဆွဲလျက်ရှိသာ ၎င်းသင်္ဘော၏ အများဆုံးတင်ဆောင်နိုင်သည့် ကုန်ပစ္စည်းပမာဏမှာ လူပေါင်း ၉၂၁ ဦး၊ ကားအစီးရေ ၁၈၀ နှင့် ကွန်တိန်နာ အလုံးရေ ၁၅၂ လုံးဖြစ်သည်။

( ref : telegraph)

0 အကြံပြုခြင်း: