Sunday, April 13, 2014

ရိုဟင်ဂျာမဟုတ်ဘဲ အခြားလူမျိုးစုအမည်ဖြင့် ထည့်သွင်းခံက " ၈ "ပတ်အတွင်း သန်းခေါင်းစာရင်းကောက်ယူပေးမည်


သူရိယနေဝန်း

ရန်ကုန် ဧပြီ ၁၁

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု အမည်စာရင်းပေးသွင်းခြင်းကြောင့်
ထည့်သွင်းကောက်ခံခြင်းမပြုခဲ့သူများကို အခြားလူမျိုးစုအမည်ဖြင့်
သန်းခေါင်စာရင်းတွင်ထည့်သွင်းကောက်ခံမည်ဆိုပါက ၈ ပတ်အတွင်း
အချိန်မရွေး ကောက်ခံပေးသွားမည်ဟုလူဝင်မှုကြည့်ကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီကပြောသည်။

ယခုနှစ် မတ်လ ၃၀ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ ထိ သန်းခေါင်စာရင်း
ကောက်ခံရာတွင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာဟု ပြောဆိုထည့်သွင်း
ခိုင်းသူများကို ကောက်ခံခြင်းမပြုခဲ့ပေ။ ထိုကောက်ခံခြင်းမခံရသူများသည်
အခြားသန်းခေါင်စာရင်းကောက်ခံရာတွင်ပါဝင်သည့် လူမျိုး၊ လက်ခံသည့်
လူမျိုးစာရင်းကို ထည့်သွင်းမည်ဆိုပါကအချိန်မရွေးအကြောင်းကြားပေး
ခြင်းဖြင့် ၈ ပတ်အတွင်းလာရောက်ကောက်ခံပေးမည်ဖြစ်သည်။

"ရိုဟင်ဂျာကိုလက်မခံဘူး၊အခြားလူမျိုးထည့်မယ်ဆိုရင်အချိန်မရွေးလာ
ပြောပါ။ ၈ပတ်အတွင်း ကောက်ပေးပါ့မယ်"ဟု၎င်းကပြောသည်။

သန်းခေါင်စာရင်းကာက်ခံရာတွင်ရိုဟင်ဂျာအမည်ကို မထည့်သွင်းရခြင်းမှာ
၎င်းရိုဟင်ဂျာဟုဆိုသူများသည် ယခင်သန်းခေါင်စာရင်းကောက်ခံချိန်
ကာလသက်တမ်းတစ်လျှောက်တွင်ဘင်္ဂါလီဟုသာထွက်ဆိုခဲ့၍ ယခု
အချိန်မှသာရိုဟင်ဂျာဟုပြောဆိုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၄င်းတို့ ၏
မျိုးရိုးစဉ်ဆက်အထ္တိုပတ္တိ များမှာလည်း လ၀က ရုံးတွင် ရှိကြောင်း ဦးခင်ရီ
ကဆက်ပြောသည်။

ဇေဝေယံ




သန်းခေါင်စာရင်းမှာ ချန်လှပ်ထားခဲ့သူတွေကို ဆက်လက်ကောက်ခံမည်
--------------------------------------------------------------------------

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံစဉ် နိုင်ငံတော်က တရားမ၀င်သတ်မှတ်ထားတဲ့ လူမျိုးနာမည်ကို ပြောဆိုတာကြောင့် ကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့သူတွေကို လာမယ့်နှစ်လအတွင်း နိုင်ငံတော်က တရားဝင်လက်ခံထားတဲ့ တခြားလူမျိုးစုအမည်နဲ့ ပြန်လည်ထည့်သွင်းမယ်ဆိုရင် ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်က တရားမ၀င်လို့ သတ်မှတ်ထားတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအမည်ကို ထည့်သွင်းလိုသူတွေကို စာရင်းကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့တာကို အခွင့်အရေးပြန်ပေးတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။
"ခင်ဗျားတို့ လက်ရှိ လူမျိုးအမည်မှန်ကို ရေးရင်ရေး၊ မရေးရင် ကျနော်တို့ မရေးသွင်းဘူးလို့ပြောတယ်၊ လူမျိုးအမည်မှန်ကို တကယ်လို့ သူတို့ကမရေးရင် သန်းခေါင်စာရင်းဥပဒေအရ အရေးယူရတော့မယ်၊ အရေးယူရတော့မည်ဆိုရင် ကျနော်တို့ တိုင်းသူပြည်သားတွေအများကြီး အရေးယူခံရမည့် အနေအထားရှိတယ်၊ ဒါ့ကြောင့် ရိုဟင်ဂျာလို့ ပြောတဲ့လူတွေကို ကျနော်တို့က ကျော်သွားခဲ့တယ်၊ အဲဒီဟာတွေကို သူတို့ကို ပြန်ပြီးစဉ်းစားဖို့ အချိန်ပေးထားတယ်၊ တချို့လည်း သန်းခေါင်စာရင်းကောက်ပြီးသွားပေမဲ့ သန်းခေါင်စာရင်း ကွပ်ကဲမှုရုံးတွေမှာလာပြီးတော့ သူတို့ကို ဘင်္ဂါလီအနေနဲ့ပဲ ကောက်ခံပါဆိုပြီး သူတို့ရဲ့အထောက်အထားတွေပြပြီး ဘင်္ဂါလီအနေနဲ့ စာရင်းသွင်းနေတဲ့ အိမ်ထောင်စုတွေလည်း သွင်းနေတယ်၊ အဲဒါကို ကျနော်တို့ ၆ ပတ်ကနေ၊ ဂ ပတ်အထိ သည်းခြင်းခံပြီး စောင့်ပြီးယူနေတယ်"
အလားတူ တချို့ပြည်နယ်တွေမှာ လုံခြုံရေးအရ စာရင်းကောက်ခံခြင်းမပြုနိုင်တဲ့ ဒေသတွေအတွက်လည်း သန်းခေါင်စာရင်း ဆက်လက်ကောက်ခံနိုင်ဖို့ အချိန်ပေးထားတယ်လို့ သိရပါတယ်။
RFA

0 အကြံပြုခြင်း: