Thursday, April 10, 2014

ထိုင်၍လည်းတောင်းပန်ပါမည်၊ ရပ်၍လည်းတောင်းပန်ပါမည်။



Soe Nyunt

             မြန်မာနိုင်ငံရဲ့ သမိုင်းဟာ အားလုံးသိတဲ့အတိုင်း

သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ စခဲ့ပါတယ်။ ဘုရင်ကိုသတ်နိုင်တဲ့သူ ဘုရင်ဖြစ်တဲ့ ခေတ်ပါ။

(၁၈၈၅) ခုနှစ်မှာ ဗြိတိသျှတို့ ကိုလိုနီ ဖြစ်ခဲ့ရတယ်။ ဒါဟာလည်း မြန်မာတွေ စည်းလုံးမှု

မရှိလို့ ဖြစ်ရတာပါ။ အင်္ဂလိပ်လက်အောက်သို့ ရောက်ခဲ့ပြီး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့အစည်းများ

ပေါ်ပေါက်လာကြပါတယ်။ အဲ့ဒီ့မှာလည်း ကွဲကြ၊ ပြဲကြတာပါပဲ။ ရဲဘော်သုံးကျိပ်ထဲမှာလည်း သခင်ကိုယ်တော်မှိုင်းနဲ့

သခင်ဘစိန်အုပ်စုဆိုပြီး ကွဲခဲ့ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲကာလအတွင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်း၊

သခင်နု စတဲ့ တက္ကသိုလ်ကျောင်းသားသခင်များ၊ ဗမာ့တပ်မတော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် စသည်တို့

စုစည်းပြီး ဂျပန်ကို တော်လှန်ခဲ့တယ်။ စစ်ကြီးပြီးတဲ့အခါမှာ ဖဆပလ နဲ့ ကွန်မြူနစ်တွေ

သဘောထားကွဲပြီး၊ ကွန်မြူနစ်ထဲမှာလည်း အလံဖြူ၊ အလံနီ ဆိုပြီး ထပ်ကွဲကြတယ်။ တပ်ကထွက်ပြီး

နိုင်ငံရေးထဲခြေစုံပစ်ဝင်တဲ့ ဦးအောင်ဆန်းတို့လည်း လုပ်ကြံခံလိုက်ရတယ်။ ကန္တီစာချုပ်အရ

တပ်မတော်ပေါ်လာတော့၊ တပ်ထဲမ၀င်နိုင်သူတွေကို ပြည်သူ့ ရဲဘော်ဆိုပြီး ဖွဲ့ပေးတယ်။ အဲ့ဒီ့မှာလည်း

ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုပြီး နှစ်ခြမ်းကွဲခဲ့တယ်။ တပ်ထဲမှာလည်း ကွန်မြူနစ်အုပ်စု၊ ဆိုရှယ်လစ်အုပ်စု

နှစ်ခြမ်းကွဲပြီး တပ်တချို့ တောခိုသွားတယ်။ စစ်တပ်ထဲမှာ နိုင်ငံရေးပါလာရင် ဒီလိုကွဲကြမှာပဲ။

ကိုလိုနီနယ်ချဲ့သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားအချို့ လက်နက် စွဲကိုင်တော်လှန်ခဲ့ကြတယ်။

အဲဒီအချိန်က ကာချုပ်က ကရင်လူမျိုး စမစ်ဒွန်း ဖြစ်နေတယ်။ သူ့ကို အစားထိုးဖို့ ဗမာထဲကရွေးကြတော့

ကွန်မြူနစ်အနွယ် ဗိုလ်ဇေယျကိုမပေးပဲ ဆိုရှယ်လစ်အနွယ် ဗိုလ်နေ၀င်းကို ဦးစီးချုပ်ခန့်ခဲ့တယ်။

ဗိုလ်အောင်ကြီးလည်း ဆိုရှယ်လစ်အုပ်စုကလာတဲ့ စစ်ဗိုလ်ပါ။ ဖဆပလအစိုးရဟာ စစ်ဒဏ်ကြောင့်

ပျက်စီးခဲ့ရတဲ့တိုင်းပြည်ကို ပြန်လည်မထူထောင်နိုင်ပဲ ပြည်တွင်းစစ် ဒဏ်ကို ကြံ့ကြံ့ခံ

တိုက်ခိုက်ခဲ့ရပါတယ်။ ပြည်တွင်းစစ် အရှိန်တန့်သွားသောအခါ တိုင်းပြည်ထူထောင်ရေး အတွက်

ပြည်တော်သာစီမံကိန်း ချမှတ်ပြီး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်ခဲ့တယ်။


            ဖဆပလအစိုးရ နှစ်(၄၀) တည်မြဲရမည်ဟု ကြွေးကြော်ခဲ့တယ်။

အစိုးရထဲမှာ ဆိုရှယ်လစ်ပါတီက ကြီးစိုးခဲ့တယ်။ ကိုရီးယားစစ်ကို အကြောင်းပြုပြီး ဆိုရှယ်လစ်ထဲက

ဆိုရှယ်နီ ဆိုပြီးတော့ အကွဲတခု ပေါ်ခဲ့တယ်။ နောက်တဖန် နုတင်အုပ်စုနဲ့ ဆွေငြိမ်းအုပ်စု

ဆိုပြီး ထပ်ကွဲကြတယ်။ သန့်ရှင်းနဲ့ တည်မြဲ လို့လည်း ပြောလို့ရတယ်။ သန့်ရှင်းထဲမှာလည်း

(ဦးဗိုလ်နဲ့ သခင်) ဆိုပြီး ကွဲကြတယ်။ ဦးနုရဲ့နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာဖြစ်ရမယ်လို့

ပြဋ္ဌာန်းခဲ့တဲ့အတွက်ကြောင့် တိုင်းရင်းသားများနဲ့ သွေးကွဲခဲ့ရတယ်။ (၅၈) ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီး

စစ်တပ်ကို အာဏာလွှဲလိုက်တယ်။ အဲ့ဒီ့မှာတင် စစ်တပ်က အုပ်ချုပ်ရေးအာဏာရဲ့အရသာကို သိသွားခဲ့တယ်။

ကြံ့ခိုင်ရေးအသင်းဖွဲ့ပြီး နိုင်ငံရေးခြေလှမ်းကို စ လှမ်းသလို ဗိုလ်အောင်ကြီး ကြီးမှူးပြီး

စစ်ဘက်ကုန်ဖြန့်ချီရေးတို့ (DSI)၊ ဘီ အီး ဒီ စီ တို့ဖွဲ့ပြီး စစ်တပ်က စီးပွားရေး စ

လုပ်တယ်။ (၆၂)ခုနှစ်မှာ ဖယ်ဒရယ်မူကို အကြောင်းပြပြီး အာဏာကို အပြီးအပိုင် သိမ်းလိုက်တယ်။

(၁၉၈၈) ခုနှစ်ကို ရောက်တဲ့အခါ စစ်အုပ်စု၏ မှားယွင်းသောစီမံခန့်ခွဲရေးကြောင့် တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့သည်။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာလည်း

နိုင်ငံရေးအင်အားစုများ သဘောထားကွဲခဲ့ကြပါတယ်။ (အောင် စု တင်) ဟာလည်း ပြယုဂ်တစ်ခုပါ။

အဲဒီလောက်နှိပ်ကွပ်နေတဲ့ကြားက ၁၉၉၀ ပြည့်ရွေးကောက်ပွဲကြီးမှာ NLD က အပြတ်အသတ်နိုင်ခဲ့တယ်။

စစ်တပ်က ရလာဒ်ကို လက်မခံခဲ့ဘူး။ အရေးတော်ပုံကြီးကို အုပ်စိုးသူများက ဖြိုခွင်းခဲ့ပြီးနောက်

(န.၀.တ)၊ (န.အ.ဖ) အမည်များနဲ့ စစ်တပ်ကတိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ အဲ့ဒီ့အဖွဲ့ တွေ

တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်က တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ လုပ်တဲ့သူနဲ့

ခံရတဲ့သူက ပိုသိပါတယ်။ စစ်ကောင်စီထဲမှာလည်း ကွဲကြ ပြဲကြတာပဲ။ ဥပမာကတော့ က က ကြည်းနဲ့

က က လှမ်းပေါ့ ဗျာ။ ဗိုလ်နေ၀င်းလည်း ဇာတ်သိမ်းမကောင်းခဲ့ပါဘူး။


            ဦးနေ၀င်းဟာ စစ်တပ်ကို နိုင်ငံရေးထဲက

ပြန်မထွက်နိုင်အောင် စီးပွားရေးလုပ်ခိုင်းခဲ့တယ်။ ကျနော်အခုရေးနေတာတွေဟာ ကျနော်ပြောချင်တဲ့ကိစ္စတခုရောက်အောင်

စကားပလ္လင်ခံခြင်း၊ နိဒါန်း ပျိုးခြင်းမျှသာ ဖြစ်ပါတယ်။


          ၂၀၀၈ တွင် စစ်တပ်က တိုင်းပြည်အတွက် ဖွဲ့စည်းပုံဥပဒေတစ်ခုရေးဆွဲပြဋ္ဌာန်းအတည်ပြုခဲ့တယ်။

ဖွဲ့စည်းပုံစာအုပ်အစိမ်း အုပ်ရေ(၅၀၀၀) တစ်နိုင်ငံလုံးအတွက် ဖြန့်ဝေခဲ့တယ်။ ပြည်သူလူထုရာခိုင်နှုန်း(၉၀)

ကျော်က ထောက်ခံတယ်လို့ စစ်တပ်ကပြောတယ်။ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်မို့လို့

ပြည်သူတွေ ခေါင်းငုံ့ခံခဲ့ရတယ်။ ဦးသိန်းစိန် အရပ်ဝတ်အစိုးရတို့၊ လွှတ်တော်တို့ ပေါ်လာတော့

အရင်ကလောက်တော့ ပေါ်ပေါ်ထင်ထင်ကြီး မနှိပ်ကွပ်တော့ပါဘူး။ (လက်ပံတောင်းမှလွဲ၍)


          ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲရောက်လာတဲ့အခါ

လူတွေအကြောက်တရားလျော့ပြီး အခြေခံဥပဒေကအစ မတရားမှုအပေါင်းကို ဖော်ထုတ်ခဲ့ကြတယ်။ တကယ်တော့

စစ်တပ်ဆိုတာ ဒီမိုကရေစီ မရှိပါဘူး။ အမိန့်ပေးစနစ်သာရှိပါတယ်။ သူ့မှာမရှိတဲ့ ဒီမိုကရေစီကို

တိုင်းပြည်ကို ဘယ်လိုပေးမှာလဲ။ ဦးနေ၀င်းလုပ်သလို မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့အတိုင်း စည်းကမ်းပြည့်ဝသော

ဒီမိုကရေစီဆိုပြီး ခေါင်းစဉ် အသစ်ထိုးကြတယ်။ တကယ်တော့ လွန်ခဲ့တဲ့(၁၆)နှစ်က အင်ဒိုနီးရှားနိုင်ငံကို

ပုံတူကူးချခြင်းသာ ဖြစ်ပါ တယ်။ အင်ဒိုနီးရှားတောင် မှားမှန်းသိလို့ ဒီစနစ်ကိုမသုံးပဲ

ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီစစ်စစ်ကို သုံးခဲ့တဲ့ အတွက် တိုင်းပြည်တိုးတက်မှုရခဲ့တယ်။

တိုင်းပြည်ကောင်းစေချင်ရင် အမှန်တရားကို မျက်ကွယ်ပြုလို့မရပါ ဘူး။ အမှန်တော့လည်း နှစ်ပေါင်းများစွာ

အမိန့်ပေးစနစ်အောက်မှာ နေခဲ့ရပြီး ၀ါဒဖြန့်ချီမှုတွေကို ဖြန့်ချီသူ ကိုယ်တိုင်က အမှန်တကယ်ပဲဟု

ယုံကြည်သွားခြင်းဖြစ်သည်။


          ဒီကနေ့ တိုင်းပြည်၏ နိုင်ငံရေးအခြေအနေသည်

ဖွဲ့စည်းပုံဆိုင်ရာအကျပ်အတည်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကိစ္စ၊

လယ်သိမ်းယာသိမ်းကိစ္စ၊ စည်းကမ်းမဲ့သယံဇာတထုတ်လုပ်မှုကိစ္စ၊ တရုတ်၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုအန္တရာယ်

စသည်များကို ရင်ဆိုင်နေရပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများ၌ လစ်ဟာခဲ့ရပါတယ်။


          နှစ်ပေါင်း(၅၀)ကျော် စစ်အုပ်ချုပ်ရေးကြောင့်

ဒီမိုကရေစီနှင့်ကင်းဝေးခဲ့ရတဲ့ ပြည်သူများအတွက် (တပ်မတော်အပါအ၀င်)ဒီမိုကရေစီကျင့်စဉ်များ

လိုက်နာမှုအားနည်းခဲ့ပါတယ်။ အချိန်ယူလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။


          အထူးသဖြင့် တပ်မတော်သည် ဒီမိုကရေစီစနစ်ကို

သက်ဝင်ယုံကြည်ပြီး Professional တပ်မတော် ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ငယ်စဉ်ကပြောသလို

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေချင်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလအတွင်း ခေါင်းဆောင်ကြီး၏

တင်ရှိခဲ့ဖူးသော ကျေးဇူးများကို မေ့ရမည်ဟု မဆိုလိုပါ။ ဗိုလ်ချုပ်တော်တော်များများဟာလည်း

ချမ်းသာကုန်ကြပါပြီ။ ဒီအချိန်ဟာ အနိုင်နဲ့ပိုင်းရမယ့်အချိန်ပါ။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း၏ အတွေးအခေါ်၊ အယူအဆ ပေါ်၌ မူတည်ပြီး ကောင်းကျိုး၊

ဆိုးကျိုးတစ်ခုခုဖြစ်နိုင်ပါတယ်။


          ပြည်သူလူထု ယူဆနေတာက အစိုးရနဲ့တပ်မတော်ဟာ

ခေါင်းဆောင်ဟောင်းကြီးတွေအတွက် ခွာစစ်နဲ့ ခံစစ်ကို လုပ်ပေးနေတယ်လို့ ယုံမှတ်နေကြပါတယ်။

ဒီကနေ့ တိုင်းပြည်အလှည့်အပြောင်းဟာ ကျွန်တော်တို့ နောင်လာမည့် သားစဉ်မြေးဆက်အတွက် မြန်မာနိုင်ငံတော်အတွင်းရှိ

တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် အဆုံးအဖြတ်ပေးရမယ့်အချိန်ရောက်နေပါပြီ။


          စိတ်ချပါ။ ကျွန်တော်တို့ဟာ မည်သူ့အပေါ်မှာမှ

အာဃာတတရားမထားပါ။ လက်စားချေလိုစိတ် မရှိပဲ သင်ပုန်းချေလိုစိတ်သာ ရှိပါသည်။ အတိတ်ကအမှားများကို

ပစ္စုပ္ပန်၌ သင်ခန်းစာယူပြီး အနာဂတ်မြန်မာနိုင်ငံ ဒီမိုကရေစီလူ့ဘောင် ထုဆစ်ပုံဖော်ရပါမည်။

ထိုသို့ ပုံဖော်ရာ၌ သန်း(၆၀)သော ပြည်သူလူထု (တပ်မတော်အပါအ၀င်) စည်းလုံးညီညာမှုဖြင့်

ပြုလုပ်ရမည်ဖြစ်ပါသည်။ စုန်းပြူးအချို့ကို တော့ လက်တွဲဖြုတ်ခဲ့ပါ။ တပ်မတော်သည် အမျိုးသားအင်အားစု၏

အရေးပါသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်အတွက် မရှိမဖြစ်သော အရာနှစ်ခုမှာ

ဒီမိုကရေစီစနစ်နှင့် တပ်မတော်သာဖြစ်ပါ သည်။ တပ်မတော်၏သဘာနှင့် ဖွဲ့စည်းပုံသည် မြန်မာနိုင်ငံတွင်

တစ်ခုတည်းသောကြီးမားသည့် Institution ကြီးဖြစ်ပါသည်။ ထိုအဖွဲ့အစည်းကြီးကသာ ဒီမိုကရေစီစနစ်ကို

ခွင့်ပြုပေးပါက ကျွန်တော်တို့အားလုံး သားရွှေအိုးထမ်းလာသည့်ကိန်း မြင်ရပါမည်။


မျှော်လင့်ချက်ကြီးမားစွာဖြင့်

ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)



0 အကြံပြုခြင်း: