Wednesday, March 5, 2014

နာဂစ် နေရာချထားရေး အစိုးရအဖွဲ့ ပြောကြားချက် လက်တွေ့နှင့်ကွဲလွဲဟု လွှတ်တော် ကိုယ်စားလှယ်ဆို




The Voice Weekly

မြန်မာနိုင်ငံ၌ လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ယနေ့တိုင် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ နာဂစ် ဒုက္ခသည်များအတွက် မြေနေရာချထားရေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွှတ်တော်တွင်း ပြောကြားချက်များနှင့် လက်တွေ့ အကောင်အထည် ဖော်မှုမှာ ကွဲလွဲလျက် ရှိကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီတိုင်းဒေသကြီး ပြောကြားသည်။

နာဂစ် ဒုက္ခသည်မိသားစု ၄၀၇ စုမှ လူဦးရေ ၁၀၀၀ ကျော်ကို လပွတ္တာမြို့အနီး သုံးမိုင်မြို့သစ်တွင် နေရာချထားပေးမည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်တို့က လွှတ်တော်အတွင်း ပြောကြားခဲ့သော်လည်း အောက်ခြေရှိ တာဝန်ရှိသူများက နာဂစ် ဒုက္ခသည်များအတွက် လပွတ္တာမြို့နယ်အတွင်း အစုလေးရွာအနီးရှိ တောများကို ခုတ်ထွင် ရှင်းလင်းပြီး မြေနေရာ ချထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ၎င်းကဆိုသည်။

သုံးမိုင်မြို့သစ်သည် နာဂစ် ဒုက္ခသည်များကို နေရာချထားပေးရန် အတွက် မြေကွက်များ ဖော်ထုတ်၍ တည်ဆောက်ခဲ့သည့် မြို့သစ်တစ်ခုဖြစ်ပြီး မြေကွက်ပေါင်း ၂၅၆၃ ကွက် ဖော်ထုတ်ခဲ့သည့်အနက် ၁၂၅၇ ကွက်ကို နေရာချထားပေးပြီး ဖြစ်ရာ မြေကွက်အလွတ် ၁၃၀၆ ကွက် ကျန်ရှိသေးကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

“သုံးမိုင်မြို့သစ်မှာ မြေကွက်တွေ အပိုင်ပေးမယ်ဆိုတော့ ဝမ်းသာခဲ့ပါတယ်။ မြို့နဲ့နီးတော့ အလုပ်အကိုင်၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အားလုံးအဆင်ပြေနိုင်တယ်ပေါ့။ ခုတော့ ငါးမိုင်နားက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တောစိုက်ခင်း နောက်ဘက်က တောကြီး ထဲမှာဆိုတော့ အားလုံးမှာ အခက်အခဲရှိတယ်။ ကျွန်မတို့ကို လပွတ္တာ သုံးမိုင်မြို့သစ်ကို ရည်ရွယ်ပြီး မူချခဲ့တာ ဖြစ်တဲ့အတွက် မပြောင်းနိုင်ဘူးလို့ ပြောထားတယ်” ဟု နာဂစ် ဒုက္ခသည်များဘဝ လူမှုဖူလုံရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ဌေးက ဆိုသည်။

လပွတ္တာမြို့နယ်ရှိ သုံးမိုင်မြို့သစ်တွင် အခြေတကျ အကွက်ကြီးများရိုက်ကာ စက်မှုလုပ်ငန်းရှင်များ၊ မော်တော်ကားဝင်းများ၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ရန် အခြေတကျ တည်ထားသော မြို့ဖြစ်၍ ဒုက္ခသည်များကို ထည့်သွင်း၍ မရကြောင်း၊ နာဂစ်ဒုက္ခသည်များက မြေကွက်များတွင် အမှန်တကယ် နေထိုင်ရန် မဟုတ်ဘဲ ရောင်းစားလို၍ ဖြစ်ကြောင်း၊ ပြောင်းရွှေ့ နိုင်သော်လည်း အပိုင်ပေးခြင်း မဟုတ်သည့်အတွက် ရောင်းစားခွင့် မရှိကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးလွင်က ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ရခြင်း ဖြစ်တဲ့အတွက် ငါးမိုင်တောမှာ နေရာချ ထားပေးတာပါ၊ အဲဒီမှာ နေလိုတဲ့ ဆန္ဒရှိရင် မြေကွက် ရိုက်ပေးပြီး တစ်ဦးချင်းကို မြေနေရာ ချပေးမှာပါ” ဟု ၎င်းကဆိုသည်။

နာဂစ် ကယ်ဆယ်ရေးစခန်းများ ဖျတ်သိမ်းစဉ်က လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ဒုက္ခသည်များကို ပိုင်ရှင်ရှိ မြေနေရာများတွင် ယာယီနေရာ ချပေးခဲ့ပြီး သုံးနှစ်အတွင်း ဖယ်ပေးရမည်ဟု ပြောခဲ့ရာ မူလပိုင်ရှင်များကလည်း ငါးနှစ်ကျော်လာပြီ ဖြစ်၍ ပြန်လည် ရရှိလိုပြီး ဖြစ်ကြောင်း၊ သုံးမိုင်မြို့သစ်တည်ရန် မြေကွက်ဖော်ချိန် က လျောက်လွှာ တင်ခဲ့သော်လည်း ယခုချိန်ထိ မြေနေရာမရသေးကြောင်း လပွတ္တာမြို့နယ် သုံးဆယ်ကုန်းရွာတွင် ယာယီနေထိုင်သည့် နာဂစ်ဒုက္ခသည် ဦးလှိုင်မြင့်က ပြောကြားသည်။

“ဒုက္ခသည်တွေ နေရာထိုင်ခင်းအတွက် ၂၀၁၃ခုနှစ် ဇွန်လ ၂၃ ရက်နေ့က လျှောက်လွှာ တင်ခဲ့တာ ခုထိမရသးဘူး။ ဒါ့ကြောင့် ဝန်ကြီးချုပ်ဆီကိုတော့ မြို့နဲ့နီးတဲ့နေရာမှာ ချထားပေးဖို့ စာတင်ထားတယ်” ဟု ၎င်းကဆိုသည်။

လပွတ္တာမြို့နယ်ရှိ နာဂစ် ဒုက္ခသည်များကို ဒေသအာဏာပိုင်များက ကြာကန်၊ မြွေဟောက်၊ မောင်းတီး၊ ကဿပေါင်း၊ ပိန္နဲတောင်၊ မင်းကုန်း စသည့်ရွာများ အပါအဝင် ကျေးရွာ ၁၃ ရွာရှိ ပိုင်ရှင်ရှိ မြေများတွင် ယာယီနေရာများ သတ်မှတ် ပေးပြီးနောက် နော်ဝေနိုင်ငံမှ ဒုက္ခသည် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (NRC) က ပျဉ်ခင်း၊ ထရံကာ၊ ဓနိမိုးနေအိမ်များကို ၂၀၀၈ ခုနှစ် ကတည်းက ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်၌ ယင်းနေအိမ်များမှာ ပျက်စီးလျက်ရှိပြီ ဖြစ်သည့်အပြင် မူလ မြေပိုင်ရှင်များကလည်း ခြောက်နှစ်ခန့် ကြာပြီဖြစ်၍ ပြန်လိုခြင်ပြီ ဖြစ်ကြောင်း ဒုက္ခသည် အချို့ထံမှ စုံစမ်းသိရှိရသည်။

0 အကြံပြုခြင်း: