Friday, March 7, 2014

ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်



Kyaw Naing

၁၉၈၈ခု မတ်လ ဒုတိယအပတ်။

ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။

နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးဆော်သြ ထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။

မတ်လ ၁၂ရက် စနေနေ့။

ညနေပိုင်းတွင် ကျောင်းဝင်းနှင့် မျက်နှာချင်းဆိုင်အင်းစိန်လမ်းမ၏ အခြားတစ်ဖက်ရှိ လက်ဘက်ရည်ဆိုင်သို့ သုံးယောက်သား လမ်းလျှောက်ရင်း ရောက်လာခဲ့ကြသည်။ လက်ဘက်ရည်ဆိုင်မှာ သာမာန် လက်ဘက်ရည်ဆိုင်လေးသာ ဖြစ်သည်။ ဆိုင်နံရံတွင် မြန်မာ ပြက္ခဒိန်များ၊ မှောင်ခိုဈေးမှ ဝယ်ယူထားသည့် ယိုးဒယား ရုပ်ရှင် မင်းသမီး ပိုစတာများ ချိတ်ဆွဲထားသည်။ လက်ဘက်ရည်ဆိုင်မှာ အဆန်းတကျယ် မဟုတ်သော်လည်း ရပ်ကွက် လူငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများအတွက် ပေါ်ပြူလာ ဖြစ်နေ၏။ လက်ဘက်ရည် ဈေးချိုပြီး မမတို့စိတ်ကြိုက် စတူရီယိုတေးများကိုလည်း အလှည့်ကျ နားထောင်နိုင်သည်။

ကျောင်းသား သုံးဦး လက်ဘက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူကြိုက်များ၊ ရေပန်းစားနေသော အဆိုတော် ကိုင်ဇာ၏ ချစ်တေး တစ်ပုဒ် ပျံ့လွင့်လျက် ရှိသည်။ စားပွဲဝိုင်းတစ်ခုမှ ရပ်ကွက် လူငယ်တစ်စုသည် ဆူဆူညံညံနှင့် အရက် မူးနေကြပုံ ပေါက်ကြောင်း သူတို့ သုံးဦး သတိပြုမိ ကြသည်။

ကျောင်းသားများသည် လက်ဘက်ရည်နှင့် မုန်းများ မှာယူကြသည်။ သူတို့နှင့် အတူ သူတို့အကြိုက် ရှမ်းအမျိုးသား အဆိုတော် စိုင်းထီးဆိုင်၏ တိတ်ခွေတစ်ခွေ ပါလာသည်။ စိုင်းထီးစိုင်၏ တေးသွားမှာ ဘော့ဒီလန် (Bob Dylan) ၏ တေးဂီတနှင့် ခပ်ဆင်ဆင် ဖြစ်သော်လည်း ရေးစပ် သီဆိုထားသည်မှာ မြန်မာ့ဟန် ဖြစ်သည်။

ကိုင်ဇာ၏ ချစ်တေးလှိုင် မဆုံးနိုင်၍ ကျောင်းသားသုံးဦး စိတ်မရှည်ဘဲ ဖြစ်လာရသည်။ သို့နှင့် ဆိုင်ရှင်ကို ခေါ်ပြီး သူတို့၏ စိုင်းထီးစိုင် တိတ်ခွေကို ဖွင့်ပေးရန်ပြောလိုက်သည်။ အရက်မူးနေသူ လူငယ်များ ထဲမှ တစ်ဦးက ဆိုင်ရှင်အား ထ၍ ကျယ်လောင်စွာ ကန့်ကွက်လိုက်သည်။

“စိုင်းထီးစိုင်လား၊ ဒီကောင်အလကားပါကွာ”

ကျောင်းသားများက ထ၍ ကန့်ကွက်သူကို လစ်လျူရှုထားပြီး၊ သူတို့၏ တိတ်ခွေကို နားထောင် လိုကြောင်း ဆိုင်ရှင်ကို ထပ်လောင်းတောင်းဆို ကြသည်။ ထိုအခိုက်မှာပင် အရက်မူးနေသူ တစ်ဦးက ထိုင်ခုံ တစ်လုံးကို ကောက်ကိုင်လိုက်ကာ ဝင်းမြင့်၏ ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ပွဲမှာမကြာလိုက်ပါ။ ကျောင်းသား သုံးဦး တပ်ခေါက်ခဲ့ရသည်။ ဝင်းမြင့်ခေါင်းကွဲသွား၍ စိုးရိမ်စိတ်ဖြင့် နီးစပ်ရာ ဆေးခန်းသို့ ခေါ်သွားကြသည်။ အဖြစ်အပျက်ကို ကျောင်းသားများက အနီးဆုံး အင်းစိန် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အသေးစိတ် မှတ်တမ်း ယူပြီးနောက် အချင်းဖြစ်ပွားခဲ့သည့် လက်ဘက်ရည်ဆိုင်သို့ သွား၍ တရားခံများကို ဖမ်းဆီးခဲ့သည်။ အမှုမှာ တရားဥပဒေ၏ လက်ထဲ၌ ရှိနေပုံရသည်။ ဒဏ်ရာ ရရှိခဲ့သော ဝင်းမြင့်မှာ ခေါင်းတွင် ပတ်တီး အဖွေးသားဖြင့် ကျောင်းဆောင်သို့ ပြန်ခဲ့သည်။

မတ်လ ၁၃ ရက် တနင်္ဂနွေနေ့။

ဝင်းမြင့်ကို ရိုက်သူမှာ ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ၏သား ဖြစ်နေသောကြောင့် ရဲက တရားခံများကို လွှတ်လိုက်သည်။ ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဆိုသည်မှာ နေဝင်း၏ တစ်ပါတီ အာဏာရှင် စနစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသော ရပ်ကွက် ဆိုင်ရာ လက်ရွေးစင် ထောက်တိုင်များပင် ဖြစ်သည်။

ဤသတင်းကို စက်မှုတက္ကသိုလ် ကျောင်းသားများ ကြားသိသော အခါ ဒေါသူပုန် ထကြတော့သည်။ ကျောင်းသား သုံးဆယ်ခန့် ပြည်သူ့ကောင်စီရုံးသို့ သွား၍ ကန့်ကွက်ခဲ့ကြသည်။ ကောင်စီဥက္ကဋ္ဌက ကျောင်းသားများ၏ နစ်နာချက်များကို နားမထောင် လိုကြောင်း ငြင်းပယ် လိုက်သဖြင့် ကျောင်းသားများက ခဲများနှင့် ကောင်စီရုံးကို ပစ်ပေါက်ကြရာ ရုံး၏ ပြတင်းတံခါးများ ပျက်စီး သွားသည်။ အတင့်ရဲသော ကျောင်းသားတစ်ချို့က ရုံးအတွင်းသို့ ဝင်ရောက်ကာ စားပွဲ ကုလားထိုင်များကို ရိုက်ချိုး ဖျက်ဆီးလိုက်ကြသည်။

သက်ဆိုင်ရာက မည်သို့မျှ မတုန့်ပြန် သေးသော်လည်း ကျောင်းသား များသည် အန္တရာယ်ကို ကြိုမြင်၍ ကျောင်းတွင်းသို့ ပြန်လာပြီး လူစုတော့သည်။ တက္ကသိုလ် ရှိရာ မြို့တိုင်း၌ ကျောင်းသားနှင့် ရပ်ကွက် လူငယ် ဖြစ်နေကျ ပြဿနာမျိုး ကြို့ကုန်း အနောက်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။

ယမန်နေ့က လက်ဘက်ရည် ဆိုင်သို့ ရောက်ခဲ့ကြသော ကျောင်းသား သုံးဦး အပါအဝင် ကျောင်းသားအုပ်ကြီးသည် ကြို့ကုန်း အနောက်ပိုင်းသားများကို သွားရောက် ရန်စ ကြရာမှ ရန်ပွဲ ဖြစ်ပွားပြီး ဒုတိယ ဝင်းမြင့် ဓားထိုးခံခဲ့ရသည်။

ကျောင်းသားများသည် ကျောင်းသို့ ပြန်ပြေး၍ လူစုကြပြန်သည်။ ဤတစ်ကြိမ်တွင် ကျောင်းသား ဦးရေ နှစ်ရာ သုံးရာခန့် လက်ဘက်ရည်ဆိုင် အနီးရှိ လမ်းဆုံသို့ ချီတက်ခဲ့ ကြသည်။ လမ်းဆုံ အရောက်တွင် မမျှော်လင့်သော မြင်ကွင်း တစ်ရပ်က စောင့်ကြိုလျက် ရှိသည်။ မီးသတ်ပိုက် အသင့်ပြင် ထားသော မီး သတ် ရဲများနှင့် ကြောက်ရွံ့ဖွယ် လုံထိန်း ၅၀၀ ခန့်က နံပါတ်တုတ်များ၊ ဂျီသရီး သေနတ်များ ကိုင်ဆောင်၍ စောင့်နေကြသည်။

ဒေါသ ယမ်းအိုး ပေါက်ကွဲချေပြီ။ လုံထိန်းများ ရှိရာသို့ ခဲများဖြင့် ပစ်ကြသည်။ ရုတ်တရက် မောင်းပြန် သေနတ်သံများ ထွက်ပေါ်လာပြီး ကျောင်းသား အတော်များများ လဲကျသွား၍ လမ်းမပေါ်တွင် သွေးချောင်းစီးလျက် ရှိ၏။ သွေးအလူးလူးနှင့် အသက် ၂၃နှစ်သာ ရှိသေးသော စက်မှု တက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် အား သူ့သူငယ်ချင်းများက ကျောင်းဆောင်သို့ သယ်ယူလာခဲ့ကြသည်။ အဆောင် ရောက်ပြီး ခဏ အကြာတွင် ဖုန်းမော်သည် သူ့ဆရာ လက်ပေါ်၌ ပင် အသက် ထွက်သွားသည်။ ကျောင်းသား နှစ်ဆယ် သုံးဆယ်ခန့် သေနတ် ဒဏ်ရာ ရခဲ့သည်။

“ဒဏ်ရာ ရတဲ့ အထဲမှာ ကျွန်တော့ သူငယ်ချင်း စိုးနိုင်နဲ့ မြင့်ဦး တို့လဲ ပါတယ်” ဟု အသက် ၂၄ နှစ် ရှိ စက်မှု တက္ကသိုလ် ကျောင်းသား မင်းနိုင်က ပြန်ပြောပြသည်။ မင်းနိုင်မှာ ဆန္ဒ ပြရာတွင် ပါဝင်ခဲ့ပြီး အထိအခိုက် မရှိ လွတ်မြောက် လာသူတစ်ဦး ဖြစ်သည်။

“သူတို့ကို ရန်ကုန် ဆေးရုံကြီး မှာ ကျွန်တော်တို့ သွားကြည့်တော့ စိတ်ဓာတ် အရမ်းကျ သွားတယ်။ ဒဏ်ရာကြီးတွေ ကိုယ်စီ ရနေတဲ့ ကြားထဲက ကုတင်တိုင်မှာ သံကြိုးနဲ့ ချည်ထား လိုက်သေးတယ်။ သူတို့ကို သီးသန့် ခွဲထားတဲ့ လူနာခန်း အဝင်ဝမှာ ဆိုရင်လည်း ရဲတွေ စောင့်လို့”

သေနတ်ဒဏ်ရာ ရထားသော ကျောင်းသား ၆ယောက်အား လက်ထိပ် ခတ်ကာ လှိုင် ရဲစခန်းသို့ ခေါ်သွားသည်။ လေးဦးမှာ သတိလစ် နေကြကြောင်း၊ သူငယ်ချင်းများ ထံမှ သိရသည်ဟု မင်းနိုင်က ပြောပြသည်။ သူတို့ ကြမ္မာ မည်သို့ ရှိသည်ကို မသိရသော်လည်း စိုးနိုင်နှင့် မြင့်ဦးတို့မှာ ရက်များမကြာမီ ဆေးရုံ၌ပင် သေဆုံးခဲ့ရသည်။ စိုးနိုင်၏ အသည်းထဲသို့ ကျည်ဆံဝင်သွားပြီး မြင့်ဦးမှာ ဝမ်းဗိုက်တွင် တစ်ချက်၊ ဆီးအိမ်တွင် တစ်ချက် ကျည်ဆံ ထိမှန်ခဲ့သည်။ အထက် အာဏာပိုင်တို့က သူတို့အား ခွဲစိတ် ကုသမည့် ဆရာဝန်များကို တားမြစ်ခြင်း မရှိခဲ့ပါက အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။

ရက်စက် ကြမ်းကြုတ်မှုမှာ ရင်နင့်စရာ ကောင်းလှသည်။ ကျောင်းသားများ ပို၍ စိတ်ထိခိုက် ကြေကွဲ ရသည်မှာ ပထမ ဦးဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော်သည် မဆလ ပါတီ၏ လူငယ် အစည်းအရုံး ဖြစ်သည့် ‘လမ်းစဉ် လူငယ်’ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး စက်မှု တက္ကသိုလ် ကြက်ခြေနီ အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဓာတု အင်ဂျင်နီယာ သင်တန်း တစ်လျှောက်၌ ထိပ်တန်းမှ ထူးချွန်ခဲ့သူ ဖြစ်သည်။

အစပိုင်းတွင် ဆက်စပ်မှု ရှိသည်ဟု ယူဆရသော ဖြစ်ရပ် တစ်ခုမှာ လက်ဘက်ရည်ဆိုင် အနီးရှိ ပြည်သူ့ဆိုင် မီးလောင်မှု ဖြစ်သည်။ ရဲက ကျောင်းသားများ မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆို နေကြသည်။ ပြဿနာများ ရှုပ်ထွေး နေသည်ကို အခွင့်ကောင်း ယူပြီး ငွေစာရင်းနှင့် ကုန်ပစ္စည်း စာရင်း မှတ်တမ်း စာအုပ်များကို မီးရှို့ ဖျောက်ဖျက်ခြင်းသာ ဖြစ်သည်ဟု လူတိုင်းက ယုံကြည် နေကြသည်။ မြန်မာ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လတွင် အစိုးရ ဆိုင်များ၏ နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်းများကို သက်ဆိုင်ရာသို့ တင်သွင်း ကြရသည်။ သို့ဖြစ်၍ နှစ်ဦး မတ်လ ရောက်တိုင်း မီးလောင်မှု ဖြစ်ပွားနေကျ ဖြစ်၏။

ထိုနေ့ ညတွင် ခံပြင်း ဒေါသထွက်နေကြသော စက်မှု တက္ကသိုလ် ကျောင်းသား များသည် ကျောင်းဆောင်များ၌ စည်းဝေး တိုင်ပင်ကာ အချက် (၇)ချက်ပါ တောင်းဆိုချက်များကို ရေးဆွဲ ခဲ့ကြသည်။ ထိုတောင်းဆိုချက်များမှာ ပစ်ခတ် သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်း တို့မှ ဖြစ်ရပ်မှန် အတိုင်း ပြည့်စုံစွာ ထုတ်ပြန်ပေးရန်၊ သေဆုံးသွားသော ကျောင်းသားများနှုင့် ဒဏ်ရာ ရရှိခဲ့သော ကျောင်းသားများ၏ မိသားစု တို့အား လျော်ကြေးပေးရန်နှင့် ပစ်ခတ် သတ်ဖြတ် ခဲ့သည့် တရားခံ အစစ်အမှန် များကို အပြစ်ဒဏ် ပေးရန်တို့ ဖြစ်သည်။ အခြား တောင်းဆိုချက် တစ်ခုမှာ “ကျောင်းသား များ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက် ပေးနိုင်သည့် ကျောင်းသား အဖွဲ့အစည်း” တစ်ခုကို တရားဝင် ဖွဲ့စည်းပေးရေးပင် ဖြစ်သည်။ ခံယူချက် ပို၍ ပြင်းထန်သော ကျောင်းသားများက မောင်ဖုန်းမော်အား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ဂုဏ်ပြု သင်္ဂြိုလ် ပေးရန် တောင်းဆို ခဲ့ကြသည်။ အမာခံ ကျောင်းသား ၁၃ ဦးက ကျစ်လျစ်သော သွေးသောက် အဖွဲ့ ဖွဲ့လိုက်ပြီး မိမိတို့ အနေနှင့် အဖြစ်မှန် ပေါ်ထွက်ရေးအတွက် အသက်ပင် စတေးရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်ဒီ သည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ရောက်ရှိလာပြီး ကျောင်းသားများ၏ တောင်းဆိုချက် အားလုံးကို ပယ်ချလိုက်သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေး၌ပင် ကျောင်းသား တစ်စုသည် မောင်ဖုန်းမော် သေဆုံးခဲ့သော နေရာတွင် လွမ်းသူ့ ပန်းခွေများ ချကာ ဂုဏ်ပြုခဲ့ကြသည်။ အချို့မှာ လမ်းပေါ်တွင် ဒူးတုတ်၍ ပန်းခွေရှေ့တွင် ဦးချ ငိုကြွေးပြီး ပစ်ခတ် သတ်ဖြတ်မှုကို မတရားမှု သက်သက်ဟု ခံပြင်းကာ ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။

မတ်လ ၁၄ ရက် တနင်္လာနေ့။

မုန်တိုင်းထန်သည့် ရက်သတ္တပတ် ကုန်လွန်ပြီးနောက် ကျောင်းသားများ စာသင်ခန်းဆီသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ ထိုနေ့ နံနက်တွင် အစဉ်အမြဲ အေးချမ်း သာယာလျက် ရှိသော စက်မှု တက္ကသိုလ် ပတ်ဝန်းကျင်သည် အပြောင်းလဲ ကြီး ပြောင်းလဲ သွားခဲ့သည်။

“လေကိုက ထိုင်းထိုင်း မှိုင်းမှိုင်းကြီး” ဟု မင်းနိုင်က ဆွေးမြေ့စွာ ပြန်ပြောပြသည်။

“ဒါပေမဲ့ တက္ကသိုလ် ဝန်းကျင်မှာ ကြိမ်ဒိုင်းတွေ၊ နံပါတ်ဒုတ်တွေ အသင့် ကိုင်ထားတဲ့ လုံထိန်း တသီတတန်းကြီးကို ရုတ်တရက် မြင်လိုက်ရတဲ့ အခါမှာ ဆွေးမြေ့နေတဲ့ စိတ်တွေဟာ ဒေါသ အဖြစ် ပြောင်းသွားတယ်။ ဒါက ရန်စတာပဲ။ ရှင်းနေပါတယ်။ ကျွန်တော် တို့လည်း သူတို့ကို ကလော်တုတ် ကြတာပဲ။ ဒါပေမဲ့ တုတ်တုတ်မှ မလှုပ်ဘူး”

မွန်းလွဲပိုင်းတွင် အစည်းအဝေးများ လုပ်သူ လုပ်ကြ၊ ကြေညာစာတမ်းများ၊ ပိုစတာများ ရေးသူ ရေးကြနှင့် ကျောင်းဆောင်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပစ်သတ် သတ်ဖြတ်မှုကို မေ့မေ့ပျောက်ပျောက် ဖြစ်မသွားစေရန် သူတို့ သံဓိဌာန်ချပြီး ဖြစ်သည်။ စက်မှု တက္ကသိုလ်မှ ဆော်သြ သူများသည် ရန်ကုန်ရှိ အခြား တက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက် စာတမ်းများ ဝေငှကာ အဖြစ်အပျက်များ အားလုံးကို ပြောပြကြသည်။ အဖွဲ့အစည်း ဖြင့် ဆန့်ကျင်ရေး အတွက် ပထမဦးဆုံး ခြေလှမ်း ကို လှမ်းခဲ့ကြပေပြီ။

မတ်လ ၁၅ရက် အင်္ဂါနေ့။

လုံထိန်းနှင့် စစ်သား ၆၀၀ကျော်တို့ စက်မှု တက္ကသိုလ်ကို ဝင်စီး ခဲ့ကြသည်။ မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် တက္ကသိုလ်ဝင်း အတွင်းသို့ ဝင်ရောက်လာကြပြီး စစ်ကားများ ပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများသည် နံပါတ်တုတ်များကို ဝင့်ကာ ကျောင်းသား အုပ်ဆီသို့ ညာသံပေး၍ ပြေးတက် လာကြသည်။

“ထိတ်လန့် တကြားနဲ့ ကျွန်တော်တို့ ပြေးကြ ရတာပေါ့။ အချန်မီ မပြေးနိုင်တဲ့ သူတွေကို ဖမ်းပြီး စစ်ကားပေါ် မောင်းတင် တော့တာပါ။ သုံးလေးရာ ထက် မနည်း အဖမ်း ခံခဲ့ရတယ်။ သေနတ်နဲ့တော့ မပစ်ဘူး။ ဒါပေမဲ့ အကြမ်းပတမ်း အရိုက်ခံခဲ့ရတဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ကျွန်တော်ရယ်၊ တခြား ကျောင်းသား ရှစ်ယောက်ရယ်၊ မြေအောက် ရေမြောင်းထဲ အသာလေး ဝင်နေလိုက် ကြပြီး လူဝင်ပေါက်ကို ပြန်ပိတ်ထားလိုက်တယ်။ လေးပေလောက် မြင့်ပြီး မှောင်မဲနေတဲ့ မြောင်းတစ်လျှောက် လေးဘက်ထောက် သွားခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်တို့ တစ်ယောက်မှ အထိအခိုက် မရှိခဲ့ဘူး” ဟု စက်မှု တက္ကသိုလ်ကျောင်းသား ထွန်းဦးက ပြန်ပြော ပြသည်။

ညပိုင်းတွင် မြန်မာ့ အသံမှ စက်မှု တက္ကသိုလ် အခင်းဖြစ်ပွားမှု သတင်းကို ထုတ်ပြန်ကြေညာသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျောင်းသားများ အပေါ် အပြစ် လုံးလုံး ပုံချ လိုက်သည်။ “ သို့ဖြစ်၍ မွန်းလွဲပိုင်း၌ ပြည်သူ့ရဲနှင့် တပ်မတော်သားများသည် စက်မှု တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး ရှင်းပြပြီး အခြေအနေကို ထိန်းသိမ်း လိုက်ကြကြောင်း” အလေးအနက် သတင်းလွှင့် တော့သည်။ ထပ်၍ ကွန့်သည်မှာ “ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အနှောက်အယှက်ပြု ဆူပူ ကြသော ကျောင်းသားများအား ဆိုင်ရာ အာဏာပိုင်များက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဟူ၍…..။

မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့။

သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်း ဟူသော သတင်းများသည် ရန်ကုန်မြို့ရှိ အခြား တက္ကသိုလ် နယ်မြေ များသို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ဆန္ဒပြပွဲ များသည် အစိုးရ ဆန့်ကျင်ရေး အသွင် သို့ သိသိသာသာ ကူးပြောင်း လာသည်။ အထူးသဖြင့် မနေ့ညက မြန်မာ့ အသံမှ မဟုတ်မမှန် သတင်းလွှင့် ပြီးသည့်နောက် အစိုးရ ဆန့်ကျင်ရေးမှာ ထင်ရှား ပေါ်လွင် လာသည်။ ၁၅ ရက်နေ့ထုတ် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် “မောင်ဖုန်းမော်သည် အရပ်သား များနှင့် ရန်ဖြစ်ရာမှ ရရှိသော ဓားဒဏ်ရာကြောင့် သေဆုံးသွား ရသည်” ဟု ဖော်ပြခဲ့သည်။

အင်းလျားကန် တောင်ဘက်ရှိ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဝင်း အတွင်း၌ ထောင်ပေါင်းများစွာ သော ကျောင်းသူ ကျောင်းသား များ စုရုံး ကြပြီး သူတို့သည်လည်း ညီနောင် စက်မှု တက္ကသိုလ် ကျောင်းသားများကို ထောက်ခံ ဆန္ဒပြ ခဲ့ကြသည်။ ထုံးသုတ် မွန်းမံထားသော ဗြိတိသျှ ကိုလိုနီခေတ်၏ အကြွင်းအကျန် ဖြစ်သည့် ဘွဲ့နှင်း သဘင် ခန်းမရှေ့တွင် မိန့်ခွန်းများ ပြောကြားကာ စာရွက် စာတမ်းများ ဝေငှ ခဲ့ကြသည်။

မွန်းလွဲ တစ်နာရီတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ကျောင်းသားများကို ပြေရာပြေကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။ အာဏာပိုင် တစ်ဦးက ကျောင်းသားများ၏ တောင်းဆိုချက် များကို ပရိယာယ် ကြွယ်ဝစွာဖြင့် မေးမြန်းသော အခါ လူအုပ်ကြီးက “ဖက်ဆစ် အစိုးရ ဖြုတ်ချရေး ---ဒို့အရေး--- ဒို့အရေး” ဟူ၍ သံပြိုင် ကြွေးကြော် ခဲ့ကြသည်။ တွန့်ဆုတ်သွားသော ဒေါက်တာ ချစ်ဆွေက ကျောင်းသားများအား “ကျောင်းဝင်း ထဲက မထွက်ရင် ဘာမှ မဖြစ်စေရဘူး” ဟု အာမခံချက် ပေးပြန် သည်။

“ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောင်တွေဘက်ကို ချီတက် ကြတယ်။ အမရ၊ တောင်ငူ၊ မန္တလေး အို… အဆောင်စုံပါဘဲ။ ‘ဒီမိုကရေစီ ရရှိရေး ---ဒို့အရေး’ ‘ တစ်ပါတီ စနစ် --- ကျဆုံးပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ကျောင်းပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင် ထပ်စေခဲ့သည်။ ကျောင်းဆောင် ထဲက ကျောင်းသားတွေ တစ်သုတ်ပြီး တစ်သုတ် ထွက်လာကြပြီး ဆန

္ဒပြပွဲမှာ ပါလာကြတယ်။ ချက်ချင်းပဲ ကျောင်းသား လေးငါးထောင် အထိ ဖြစ်လာတယ်” ဟု ကိုလင်းက ပြောပြသည်။ ကိုလင်းမှာ အသက် ၂၂ နှစ်ရှိ ဆေးကျောင်းသား တစ်ဦး ဖြစ်ပြီး မတ်လ အတွင်း ပထမ ဦးဆုံး လှုပ်ရှားမှုများ တွင် ပါဝင်ခဲ့သူ ဖြစ်၏။ မောင်ဖုန်းမော် နည်းတူ အရေးအခင်း မဖြစ်ပွား ခင်က လမ်းစဉ် လူငယ် စည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်သည်။

“ကျွန်တော်တို့ စက်မှု တက္ကသိုလ်ကို ချီတက် ကြစို့”

ဟောပြောသူ လူငယ် တစ်ဦးက အထက်ပါ အတိုင်း အရေးဆိုလိုက်သည့် အခါ ထောင်ပေါင်း များစွာသော ကျောင်းသား များက သူ့အဆိုကို လက်သီးလက်မောင်းတန်း၍ စိတ်ဓာတ် တက်ကြွစွာဖြင့် ကြိုဆို ထောက်ခံလိုက်၏။

ထွန်းဦးက “မွန်းလွဲ ၃နာရီမှာ ကျွန်တော်တို့ စပြီး ချီတက် ကြတယ်။ ပြီးတော့ လှိုင်ဒေသ ကောလိပ် ကို ဦးတည် ထွက်လာ ခဲ့တယ်။ ကျောင်းသားတွေ ထောင်နဲ့ ချီပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော် ရင်း ပြည်လမ်းမကြီး တစ်လျှောက် ချီတက် လာခဲ့ကြတယ်။ တကယ့်ကို စိတ်ဓာတ်တက်ကြွ စရာကြီးဘဲ။ ကျွန်တော့် တစ်သက်မှာ ဒီလိုဟာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး” ဟု ပြောပြသည်။

တပ်တော်ဦးမှာ ခွပ်ဒေါင်း အောင်လံက တလူလူ လွင့်နေသည်။ ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းမကြီး ဂိတ်မှာ စုပြုံ ထွက်လာကြသော ကျောင်းသား ထုကြီး ၏ ရှေ့ဆုံးရှိ လူငယ် တစ်ဦးက မြန်မာ့ အမျိုးသားရေး သမိုင်း တစ်လျှောက်လုံးတွင် အသုံးပြုခဲ့သော အနီရောင် အောက်ခံ၌ ရွှေဝါရောင် ခွပ်ဒေါင်း ပါရှိသည့် အောင်လံကို ခပ်မြင့်မြင့် လွှင့်ထူ၍ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်လျက် ရှိသည်။ လမ်းတလျှောက်တွင် လုံချည် စိမ်းဝတ် ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသူ၊ ကျောင်းသား များက ချီတက် လာသော ကျောင်းသားထု ထဲသို့ ဝင်ရောက် လက်တွဲ ခဲ့ကြသည်။ ကျောင်းသား ထုကြီးမှာ လူပင်လယ် အလား ကြီးထွား တိုးပွား လာကာ လမ်းတစ်လျှောက်တွင် လှိုင်းလုံးကြီးများ ပမာ တလိမ့်လိမ့် တက်လာပြီး ကြွေးကြော်သံများကို လည်း စည်းချက် ညီညီ သံပြိုင် ချီ၍ ကြွေးကြော် နေကြသည်။ အခြေအနေမှာ အားတက် ကြည်နူးဖွယ်ရာပင်။ ဆန္ဒပြသူ အားလုံး နီးပါးမှာ နုနယ် ငယ်ရွယ်သူများ ဖြစ်ကြသည့် အလျှောက်၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလက ဖြစ်ပေါ်ခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကိုပင် သေချာစွာ သိရှိပုံ မရကြပေ။

ထွန်းဦးက ဆက်၍ ပြောသည်မှာ -

“ အင်းလျား ကန်ဘောင်နဲ့ ပြည်လမ်းမ ကြားမှာ ‘တံတားဖြူ’ ရယ်လို့ လူသိများတဲ့ မြောင်းကူးတံတား ရှိတယ်။ တံတားဖြူ ကို ကျော်တယ် ဆိုတာနဲ့ ကျွန်တော်တို့ အားလုံး ဗြုန်းစားကြီး ရပ်တန့်သွားတယ်။ သံဆူးကြိုး ခွေတွေကို ကျွန်တော်တို့ ရှေ့ လမ်းမပေါ်မှာ ဖြတ်ပြီး ကာထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီနောက်မှာ စစ်သားတွေက ကျွန်တော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတယ်။ ဘရင်းကယ်ရီယာ (စက်သေနတ် တပ်ဆင်ထားတဲ့ သံချက်ကာကား) ကိုတော့ တပ်ဖွဲ့ရဲ့ နောက် လမ်းခလယ်မှာ ရပ်ထားတယ်။ ကျွန်တော်တို့ အတော်ကို ထိတ်လန့် သွားကြတယ်”

“တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ အားလုံး အမျိုးသား သီချင်းကို ရော၊ စစ် သီချင်းကို ရော တပြိုင်ထဲ ဝိုင်းဆိုကြတယ်။ ‘ပြည်သူ့ တပ်မတော်၊ တို့ တပ်မတော်’ လို့ တစ်ချို့က အော်ကြတယ်။ နောက်လှည့်ကြည့် လိုက်တဲ့ အခါမှာ အသက်ရှု ရပ်သွား သလား အောက်မေ့ လိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ဘယ်ဘက်မှာ ဆိုရင် အိမ် ခြံစည်းရိုး အမြင့်ကြီး တွေက ကာရံ ထားတယ်။ ညာဘက်မှာ တော့ အင်းလျား ကန်ဘောင်ရိုးပဲ ရှိတော့တယ်။ ကျွန်တော်တို့ အားလုံးပိတ်မိ နေပြီ ဆိုတာကို နားလည် လိုက်ကြတယ်”

အမိန့်ပေးသံ တစ်ခု ထွက်လာပြီး လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက် ကြတော့သည်။ နံပါတ်တုတ်များ ဝီခေါ် နေသည်။ အရိုးတွင်တွင် ကျိုးအက်သံများ အတိုင်းသား ကြားနေရသည်။ သွေးများ လူးနေသည့် ကျောင်းသားများ၏ ညီးတွားသံများ၊ ငယ်သံပါအောင် အော်ဟစ်နေသံများ ပွက်လော ရိုက်သွားသည်။ ကန်ဘောင်ရိုး လှေခါးများ အပေါ် ပြေးတက် တိမ်းရှောင်ရန် ကြိုးစားကြသည့် တုန်လှုပ် ခြောက်ခြားနေသော ကျောင်းသားများမှာ ကျွဲအုပ် နွားအုပ် အလား အတုန်းအရုန်း ပိတ်၍ အရိုက်ခံ ရလေတော့သည်။ တစ်ချို့ လုံထိန်းများက ကျောင်းသူလေးများကို မဲ၍ ရိုက်ကြပြီး လက်ဝတ် တန်ဆာများ နာရီများကို ချွတ်ယူ ကြပြန်သည်။

တစ်ချို့က ပြေးလွှားနေသော ကျောင်းသားများကို အင်းလျားကန်ထဲသို့ မောင်းချကာ ခေါင်းကို ရေထဲနှစ်၍ မသေမချင်း သတ်ကြသည်။ ကံသီ၍ လွတ်မြောက် လာခဲ့သော ဆန္ဒပြကျောင်းသားများထဲတွင် ထွန်းဦးလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ထွန်းဦးမှာ လမ်း ဘယ်ဘက်ရှိ ခြံစည်းရိုးကို ကျော်၍ ခြံဝင်း အတွင်းသို့ ပြေးဝင် နိုင်ခဲ့သည်။ ထို လူသတ်ပွဲကြီးကို မျက်ဝါးထင်ထင် တွေ့မြင် နေရ၍ ဒေါသ ထွက်နေသည့် ပြည်သူတို့က ခြံထဲ ပြေးဝင် လာကြသော ကျောင်းသားများကို မိမိတို့ အိမ်များတွင် ပုန်းအောင်းခွင့် ပေးခဲ့သည်။

လူသတ်ပွဲများ တစ်နာရီခန့် ကြာသွားသည်။ လမ်းမ တစ်လျှောက် သွေးအိုင် များတွင် တုံးလုံးပက်လက် လဲ နေသော အလောင်းများမှာ ဖရိုဖရဲ ဖြင့် ပြန့်ကျဲလျက် ရှိသည်။ ‘တံတားဖြူ’ သည် လည်း မဖြူနိုင်တော့။ တံတားနီ ဘဝသို့ ရုတ်ခြည်း ကူးပြောင်း သွားခဲ့ရသည်။ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသော ကျောင်းသူ ကျောင်းသားလေး များ၏ အရေအတွက် မှာ နှစ်ဆယ် ဟူ၍ လည်းကောင်း၊ ခုနှစ်ဆယ် ဟူ၍ လည်းကောင်း၊ တစ်ရာကျော် ဟူ၍ လည်းကောင်း အမျိုးမျိုး ခန့်မှန်း နေကြသည်။ လုံထိန်း တပ်ဖွဲ့ နောက်တွင် ရှိသော လော်ရီ ကားကြီးများ ရှေ့သို့ မောင်းထွက်လာပြီး သေဆုံး သူများနှင့် ဒဏ်ရာရ၍ လဲနေသူများကို ကားပေါ်သို့ ပစ်တင်လိုက်ကြသည်။ ယင်းလော်ရီ ကားများ ထွက်ခွာ သွားပြီးသည့်နောက် အသင့် စောင့်နေသော မီးသတ်ကားများ ရောက်ရှိ လာပြီး လမ်းမကြီး ပေါ်၌ လည်းကောင်း၊ တံတားဖြူ ၌ လည်းကောင်း၊ အင်းလျား ကန်ဘောင်ရိုး လှေခါးထစ်များ ပေါ်တွင် လည်းကောင်း ကျန်ရှိခဲ့သော သွေးအိုင် များကို မီးသတ်ပိုက်ဖြင့် ပက်ဖြန်း ဆေးကြော လိုက်ကြသည်။ မီးသတ်ကားများ ထွက်ခွာ သွားသော အခါ အရာရာတိုင်းမှာ ဘာမှ မဖြစ်ခဲ့ သကဲ့သို့ နေခြည်အောက်တွင် နဂို အတိုင်း ကျန်ရစ် ခဲ့သည်။

သိသာ ထင်ရှား သည်မှာ ဤ သတ်ဖြတ်မှု ကြီးသည် ကျောင်းသားများ အတွက် ပြစ်ဒဏ်ပေး သင်ခန်းစာ တစ်ခု အနေဖြင့် အသေးစိတ် သေချာစွာ စီစဉ် ထားသော အစီအစဉ် တစ်ခုသာ ဖြစ်ပေသည်။ ဤ အစီအစဉ် အတွက် ပြည်လမ်း ရှိ မြန်မာ့ အသံ အဆောက်အဦး မှ နေ၍ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီစဉ် ညွှန်ကြားခဲ့သူမှာ ဦးနေဝင်း၏ ညာလက်ရုံးလည်း ဖြစ်၊ မဆလ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပြီး လုံထိန်း တို့၏ အကြီးအကဲလည်း ဖြစ်သူ ဦးစိန်လွင် ပင်တည်း။

မျက်မြင် သက်သေများ၏ ပြောပြချက် ကြောင့် တံတားဖြူ သွေးချောင်းစီး လူသတ်ပွဲကြီး သတင်းသည် ရန်ကုန်မြို့ တစ်မြို့လုံး တစ်မုဟုတ်ချင်း ပျံ့နှံ့ သွားခဲ့သည်။ တစ်ချို့က မယုံချင် ကြသေးပေ။ အထူးသဖြင့် မြန်မာပြည်သည် ရွှေစေတီ များ အစီအရီဖြင့် ပြုံးပန်း ကြည်လင်ပြီး ယဉ်ကျေး သိမ်မွေ့သည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် နားလည် ထားသော ရန်ကုန်မြို့တော် ရှိ နိုင်ငံခြားသားတို့ အဖို့ ပို၍ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ သို့သော် စစ်အစိုးရ လက်အောက်တွင် ၂၆ နှစ် တိုင်တိုင် နေထိုင် လာခဲ့ရသော ရန်ကုန် မြို့သူမြို့သား အများစုမှာ ၁၉၆၂ ခုနှစ် နှင့် ၁၉၇၀ ခုနှစ်များတွင် ဖြစ်ပွား ခဲ့သော ကျောင်းသား အုံကြွ မှု ကြီးများကို အစိုးရ၏ ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည့် သာဓက များကြောင့် ထိုသတင်းကို သံသယ ကင်းစွာဖြင့် လက်ခံ ယုံကြည် ခဲ့ကြသည်။ အစိုးရသည် ယခင် အခါများထက် ပိုမို ရက်စက်စွာ နှိပ်ကွပ်ရန် ပြင်ဆင် ထားသောကြောင့် ပြည်သူတို့ ထိတ်လန့် တုန်လှုပ် ခဲ့ရသည်။

ညဥ့်နက်ပိုင်းတွင် ကိုလင်းသည် တုန်လှုပ် ခြောက်ခြားမှု ဝေဒနာများကို သက်သာစေရန် ပြည်လမ်းမရှိ လက်ဘက်ရည်ဆိုင် တစ်ဆိုင် သို့ ထွက်လာ ခဲ့သည်။ တုန်လှုပ် ခြောက်ခြားစရာ အတွေ့အကြုံ များကို ကိုလင်းက အောက်ပါအတိုင်း ဝမ်းနည်းကြေကွဲစွာ ပြန်ပြောပြရှာသည်။

“၁၆ ရက် နေ့ ည သန်းခေါင်ယံ မတိုင်မီ အချိန်လေး မှာ လုံထိန်းတွေ ပါလာတဲ့ အနီရောင် ‘ဒက်ဆန်း ပစ်ကပ်’ ကားတစ်စီး ကျွန်တော်တို့ဘက် လာနေတာ တွေ့ရတယ်။ ကားကို အင်းလျားကန် နဘေးမှာ ရပ်လိုက်ပြီး ကားပေါ်က မိန်းကလေး သုံးယောက်ကို ကန်ဘောင်ရိုးပေါ် ဆွဲခေါ် သွားကြတယ်။ ကျွန်တော်တို့လည်း အပြင် မထွက်ရဲ ကြဘူး။ ခဏ အကြာမှာ အဲဒီကား ပြန်ထွက်သွားတယ်။ သူတို့ ခေါ်လာတဲ့ မိန်းကလေး သုံးယောက် ပြန်ပါ မသွားဘူး။ ဒါနဲ့ ကျွန်တော် ကန်ဘောင်ရိုးပေါ် တက်ကြည့်တော့ ကိုယ်အောက်ပိုင်း သွေးတွေ တသွင်သွင် စီးနေပြီး သတိ မေ့သလို ဖြစ်နေတဲ့ မိန်းကလေး သုံးယောက်ကို တွေ့ရတယ်။ သူတို့ကို ကျွန်တော်တို့ လက်ဘက်ရည် ဆိုင်ထဲ သယ်လာခဲ့ကြတယ်။ သူတို့ ညီးညူ နေကြတာ တစ်ညလုံး လိုလို ပါပဲ။ သွေးလွန်ပြီး သေသွားမယ်လို့တောင် ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ ညဥ့်အမှောင်ကြီးထဲ မထွက်ရဲ ကြလို့ မိုးလင်းတဲ့ အထိ စောင့် နေခဲ့ရတယ်”။

မတ်လ ၁၇ ရက် ကြာသာပတေးနေ့။

“မနက် ၅နာရီလောက် မိန်းခလေးတွေကို ရန်ကုန် ဆေးရုံကြီးသို့ ကျွန်တော်တို့ ပို့ပေးလိုက်တယ်။ သူနာပြု ဆရာမ တစ်ယောက်က ဒီလို အမှုမျိုး အများကြီး ဆေးရုံ ရောက်နေတယ်လို့ ပြောတယ်။ မိန်းခလေး တစ်ဦး ဆိုရင် အုပ်စုလိုက် မတရား ပြုကျင့် ခံရလို့ သားအိမ်ကွဲ ပြီး သေဆုံး သွားတယ်လို့ သိလိုက်ရတယ်”

ပြည်သူများ အနေနှင့် မခံမရပ် ဖြစ်လာပြီး အမျက်ဒေါသ ပိုမို ကြီးထွား လာသည်ကို ဂရု ပြုမိ၍ လားမသိ။ ထိုနေ့တွင် အစိုးရက ဖြစ်ပွားခဲ့သော အရေးအခင်း ပြဿနာ များကို စစ်ဆေးရန် ‘စုံစမ်း စစ်ဆေးရေး ကော်မရှင်’ တစ်ခု ဖွဲ့စည်း ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ပထမဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော် ကိစ္စကိုသာ စုံစမ်း စစ်ဆေးမည်ဟု ဆို၏။ မောင်ဖုန်းမော်သည် ဓားထိုးခံရပြီး သေဆုံးခြင်း မဟုတ်၊ သေနတ် ဒဏ်ရာကြောင့် သေရခြင်း ဖြစ်ကြောင်း စသည်ဖြင့် မမျှော်လင့်ဘဲ အစိုးရက ဝန်ခံလာခဲ့သည်။ သို့ရာတွင် တံတားဖြူ ပစ်ခတ် သတ်ဖြတ်မှုကိုမူ တစ်ခွန်းတစ်ပါဒမျှ မဟခဲ့ပေ။

စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် အတွက် ပြည်သူ့ တရားသူကြီး အဖွဲ့ဝင် ဦးဘမော် ဦးစီးပြီး ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့မှ ဦးလှတင့် နှင့် ပြည်သူ့ လုပ်ငန်း စစ်ဆေးရေး အဖွဲ့မှ ဒေါက်တာ မောင်ရှိန် တို့ ပါဝင်သော ၃ဦး ကော်မရှင်ကို အစိုးရက ဖွဲ့စည်း ပေးလိုက်သည်။ အခြား တိုင်းပြည် များတွင် နိုင်ငံတော် တရားရုံးချုပ် ဟူ၍ လည်းကောင်း၊ နိုင်ငံတော် လုပ်ငန်း စစ်ဆေးရေး ဌာနချုပ် ဟူ၍လည်းကောင်း ခေါ်ကြမည် ဖြစ်သည်။ အဖွဲ့အစည်း အသီးသီး၏ ရှေ့မှ ‘ပြည်သူ့’ ဟူသော ဝေါဟာရကို သုံးထားခြင်းမှာ ဦးနေဝင်း အစိုးရ၏ ထွင်လုံး တစ်ခု ဖြစ်ပြီး သူ၏ စစ်အာဏာရှင် စနစ်ကို ‘ဆိုရှယ်လစ် ဒီမိုကရေစီ’ အဖြစ် လှည့်စား ထားသော အသုံးအနှုန်း ဖြစ်သည်။

မည်သို့ဆိုစေ စစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးလိုက်သည့် ကိစ္စမှာ မကြုံဘူးသော ဖြစ်ရပ် တစ်ခုပင် ဖြစ်သည်။ ကျောင်းသားများ အဖို့ အောင်ပွဲ တစ်ရပ်လည်း ဖြစ်သည်။ ဤကဲ့သို့ ဖွဲ့စည်း ပေးလိုက်ခြင်းသည် ကျောင်းသားများကို မငြိမ်သက် သွားစေသည့် အပြင် ရှေ့ဆက် တိုက်ပွဲ ဝင်ရန် တွန်းအား ပေးသကဲ့သို့ ဖြစ်နေသည်။

ပင်မ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ရှေ့တွင် ကျောင်းသား နှစ်ထောင်ကျော် ထပ်မံ စုဝေးကြပြီး လွတ်လပ်သော ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ကျောင်းသား တစ်ဦးပြီး တစ်ဦး တက္ကသိုလ် အပန်းဖြေ ရိပ်သာ နားရှိ စင်မြင့်ပေါ်မှ နေ၍ အစိုးရကို ဆန့်ကျင် ရှုတ်ချကြောင်း ဟောပြောကြလေသည်။ တတိယနှစ် (သင်္ချာ) မှ ကျောင်းသား တစ်ဦး ဖြစ်သူ မောင်မောင်ကျော် သည်လည်း ပထမဦးဆုံး ဟောပြော ကြသည့် ပုဂ္ဂိုလ် များထဲတွင် ပါဝင်သည်။ ထို့နောက် အာဝဇ္ဇန်း ရွှင် သော မင်းဇေယျာ ဆိုသူ လူငယ် တစ်ဦးနှင့် ရဲရဲတောက် သတ္တိခဲမလေး ယုယုမော် တို့ကလည်း ဟောပြော ကြသည်။

တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ တိုက်မောင်းကလည်း သူပါဝင်ခဲ့သော ၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှု အရေးတော်ပုံ ကြီးတွင် ကျောင်းသားများက ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဈာပနကို ခမ်းနားစွာ ဂုဏ်ပြု ကျင်းပလိုခဲ့ကြပုံ၊ ဦးသန့်၏ ရုပ်အလောင်း ထားရှိရာ ရန်ကုန် တက္ကသိုလ် နယ်မြေ သို့ စစ်သားများ ဝင်စီးကာ ရုပ်အလောင်းကို သိမ်းပိုက် လိုက်ကြပုံ၊ ကျောင်းသား ကျောင်းသူ အမြောက်အမြား သေဆုံး ခဲ့ရပုံ များကို ပြန်လည် ပြောကြားခဲ့သည်။ အခြား ဟောပြောသူများ၏ မီးမောင်းထိုး ရှင်းလင်း တင်ပြချက် များတွင် ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ချုပ် မှ မြန်မာ နိုင်ငံအား ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ တစ်ခု အဖြစ် အဆင့် ချ သတ်မှတ် လိုက်ပုံ၊ အာရှနှင့် ပစိဖိတ် ဒေသတွင် သယံဇာတ အလွန်ကြွယ်ဝသော နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံ အဖြစ်သို့ ရောက်လာခဲ့ရပုံ ဤသို့ ဖြစ်ရသည်မှာလည်း ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဟု အယောင်ဆောင် လိမ်လည်မှု အောက်တွင် စစ်တပ်က ၂၆ နှစ်တိုင်တိုင် အမှားမှား အယွင်းယွင်း အုပ်ချုပ် ခဲ့မှုကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ပါဝင်သည်။

၁၇ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် ဖြစ် ရပ် တစ်ခုသည်လည်း ကျောင်းသား များကို ခံပြင်း ဒေါသ ထွက် စေခဲ့သည်။

အသက် ၂၅ နှစ် ရှိ ဓာတုဗေဒ ဘွဲ့လွန် ကျောင်းသား ရန်နောင်က ပြန်ပြောပြသည်မှာ-

“အဲဒီ မနက်က မောင်ဖုန်းမော် ကို ကြံတော သုဿန်မှာ မီးသင်္ဂြိုလ် မယ်လို့ ကျွန်တော်တို့ ကြားသိ ရတယ်။ ကျွန်တော်တို့ တစ်တွေ ထောင် နဲ့ ချီ ပြီး ကြံတော သုဿာန်မှာ သွားစောင့် နေကြတယ်။ လုံထိန်းလက်ချက်ကြောင့် ပထမဦးဆုံး သေဆုံး ရတဲ့ ကျောင်းသားကို နောက်ဆုံး အနေနဲ့ ဂါရဝ ပြုချင် ကြလို့ပါ။ ကျွန်တော်တို့ နာရီပေါင်း မြောက်များစွာ စောင့် နေခဲ့ရတယ်။ မွန်းလွဲ တစ်နာရီလောက် ကျတော့ မောင်ဖုန်းမော် အလောင်းကို မထင်မရှား အခေါင်း တစ်ခုထဲမှာ ထည့်ပြီး သယ်ဆောင် လာတဲ့ ကားကို ပုလိပ် အစောင့်အရှောက် အပြည့်နဲ့ မောင်းယူ သွားပြီး တာမွေ သင်္ချိုင်းမှာ မီးသင်္ဂြိုလ် လိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ အရမ်း ဒေါသထွက် ခဲ့ကြတယ်။

ရန်နောင် ကျောင်းဆောင် သို့ ပြန်ရောက်သည့် အခါ ရန်ကုန် ပင်မ တက္ကသိုလ်ဝင်း ပတ်ပတ်လည် ၌ ကွန်မန်ဒို တပ်သားများ က နေရာယူ စောင့်ကြပ် နေသည်ကို တွေ့ရသည်။ သူတို့ လည်ပင်းတွင် စည်းထားသော လည်စည်း အနီများကို ကြည့်ခြင်းအားဖြင့် အထူး တပ်ရင်း မှ ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်း နိုင်သည်။ တက္ကသိုလ် နယ်မြေ ပတ်လည်ကို စစ်သားပေါင်း တစ်ထောင်ကျော်၊ လုံထိန်း တစ်ထောင်ကျော် ဖြင့် ဝိုင်းရံ ပိတ်ဆို့ ထားပြီး ဘရင်း ကယ်ရီယာများ၊ မီးသတ်ကား များလည်း ဝင်း အပြင်ဘက်တွင် အသင့် ရပ်ဆိုင်း ထားသည်။ မွန်းတည့် ချိန်တွင် ဒေါက်တာ ချစ်ဆွေ က ကျောင်းသား များကို မိန့်ခွန်း ချွေပြန်၏။ ကျောင်းဝင်း အတွင်း၌ ကျောင်းသားများအတွက် လုံခြုံ မှု ရှိပါသည်တဲ့။

“ဒါပေမဲ့ အပြင် တော့ မထွက်ကြနဲ့” ဟု သူက ထပ်၍ ကွန့်သည်။

မည်သို့ ဆိုစေ ထိုအချိန် ကာလတွင် တက္ကသိုလ် ဆရာ တစ်ဦး၏ ဂတိ စကားမှာ အရေးမပါ အရာ မရောက် လှပေ။

မွန်းလွဲ ၂ နာရီတွင် စစ်သားများက သေနတ် ကိုင်ဆောင်၍ လည်းကောင်း၊ လုံထိန်းများက နံပါတ်တုတ် ကိုင်ဆောင်၍ လည်းကောင်း၊ ပင်မ တက္ကသိုလ် နယ်မြေ ကို ဝင်စီး ကြတော့သည်။ မျက်ရည်ယို ဗုံးများ ကျောင်းသားထု အတွင်းသို့ ပစ်ခွဲ ခဲ့ကြသည်။

“စစ်သားတွေ ဝင်လာတဲ့ အချိန် ကျွန်တော် အင်းလျား ဆောင်မှာ ရှိနေတယ်။ အလုံပိတ် အချုပ်ကားတွေ စစ်သားနဲ့ လုံထိန်းတွေ နောက်ကနေ ကျောင်းထဲ မောင်းဝင်လာတယ်။ ရဲချုပ် ဦးသိန်းအောင် ကိုယ်တိုင် ပါလာတယ်။ သူက ကျွန်တော်တို့ကို အဆောင်ထဲက ထွက်လာ ကြဖို့၊ မင်းတို့ကို မဖမ်းဘူးလို့ ပြောပေမဲ့ ကျွန်တော်တို့ ထွက်လာ ကြတဲ့ အချိန် မှာတော့ အချုပ်ကား တွေထဲ အတင်းဝင်ခိုင်းပြီး မောင်းထွက် တော့တာဘဲ။ ကျွန်တော်တို့ အဆောင် တစ်ခုထဲမှာပဲ ကျောင်းသား ၁၅၀ တောင် အဖမ်း ခံလိုက်ရတယ်။ ဒီ အထဲမှာ ကျောင်းသူ ၄၀ လည်း ပါတယ်” ဟု ရန်နောင်က ပြန်ပြောပြသည်။

ရဲများက ကျောင်းဆောင်များ ထဲသို့ ဝင်မွှေပြီး ကျောင်းသူ ကျောင်းသား စုစုပေါင်း တစ်ထောင်ခန့် ဖမ်းဆီး ခေါ်ဆောင် သွားသည်။ အဖမ်း ခံရသည့် အထဲတွင် ရန်ကုန် ပင်မ တက္ကသိုလ်မှ သမိုင်း အဓိက တတိယနှစ် ကျောင်းသား မောင်မောင်သွင် လည်း ပါဝင် ခဲ့လေသည်။

“ကျွန်တော် ခန့်မှန်း တတ်သလောက် ဆိုရင် ကျွန်တော်တို့ ဖမ်းလာခဲ့တဲ့ အချုပ်ကား ဟာ လူတစ်ယောက် ၂၀ လောက်ပဲ ဆန့်တယ်။ ဒါပေမဲ့ ဖမ်း ထည့် လာတာက အယောက် ၁၀၀ နီးပါး ရှိတယ်။ ပူလိုက် အိုက်လိုက် တာလည်း လွန်ပါရော။ အသက်ရှု မဝလို့ ကျွန်တော်တို့ ခေါင်းတွေ မူးပြီး လူက ယိုင်ထိုး ချင် သလို ဖြစ်နေတယ်။ အများစု ဆိုရင် မျက်ရည်ယို ဗုံးကြောင့် ခံစား နေရတဲ့ ဝေဒနာ၊ အရိုက်ခံရတဲ့ ဒဏ်ရာ တွေကြောင့် နုံးချည့် နေကြတယ်။ ကျွန်တော်တို့နဲ့ အတူ ပါလာတဲ့ မိန်းကလေး တွေကို ရှေ့ပိုင်း က လေဝင်ပေါက် သေးသေးလေးတွေ နား ရွှေ့ပေးလိုက်လို့ သူတို့ လေရှု နိုင်သေးတယ်။ ကျွန်တော် ဘာမှ မမြင်ရဘူး။ ဒါပေမဲ့ တလျှောက်လုံး ကွေ့ကောက်ပြီး မောင်းနေလို့ ထောင်ကို တော်တော်နဲ့ မရောက်နိုင်ဘူး။ ကြည့်ရတာ လူတွေ အာရုံ မစိုက်မိအောင် ဟိုကွေ့ ဒီပတ်နဲ့ မောင်းလာပုံ ရတယ်”

အချုပ် ကားထဲ၌ ကျောင်းသား အချို့ မွန်းပိတ်၍ အသက်ရှု ကြပ်ပြီး သေဆုံး ခဲ့ရသည်။ အသက် ၁၂ နှစ် အရွယ် ကလေး ငယ် တစ်ဦး မှာ လူများ ပြွတ်သိပ် နေသည့် အချုပ်ကား တစ်စီးထဲတွင် ညှပ်ပိတ်၍ သေဆုံး သွားရသည်။ ထိုသို့ ခွေးတင်ဝက်တင် တင်၍ ကျောင်းသူ ကျောင်းသား တစ်ထောင်ခန့် ကို ဖမ်းဆီး ခေါ်ဆောင်ကာ ရန်ကုန်မြို့ မြောက်ဘက်ရှိ နာမည် ဆိုးလှသော အင်းစိန်ထောင် သို့ ထည့်သွင်း လိုက်တော့သည်။ ဆန္ဒပြ သော ကျောင်းသား များ ပျော့ညံ့ ဒူးထောက် လာစေရန် အစိုးရသည် သံလက်သီး ဖြင့် စတင် ထိုးနှက် လေပြီ။

“ဒီ့နောက်မှာ တော့ ကျွန်တော်တို့ တစ်တွေ မစည်းရုံးလို့ မဖြစ်တော့ဘူး ဆိုတာ သိလိုက်တယ်လေ”

“အသက်ပေါင်းများစွာ စတေးထားပြီး ဖြစ်လို့ လက်လျော့ လို့တော့ မဖြစ်ဘူး။ ဒါ့အပြင် ကျွန်တော်တို့က အထက်စီး ရနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျွန်တော်တို့ကို ကိုယ်ချင်းစာ ပြီး အားပေး ကြပါတယ်။ တက္ကသိုလ် အတွင်း ဆန္ဒပြပွဲ တိုင်းလိုလို ထမင်းထုပ်တွေ၊ ငွေတွေ၊ ဆေးပေါ့လိပ်တွေ ပို့ပေး ကြတယ်။ မဟုတ်မဟတ် အုပ်ချုပ်နေတဲ့ အစိုးရကို လူတွေက စိတ်ကုန် နေကြတယ် ဆိုတော့လဲ ကျွန်တော်တို့ကို ဆက်လက် ဆန္ဒပြ ကြဖို့ အားပေးကြတယ်။ ကြောက်စိတ်ဝင်ဖို့ နေနေသာသာ ဆန့်ကျင် လှုပ်ရှားမှုတွေမှာ လူထုက ပိုမို အားပေးလာတယ်”

ရန်ကုန် တက္ကသိုလ် ပင်မ နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တစ်ထောင် နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ စသည့် ကျောင်းဝင်း လေးခု၊ ဆေး တက္ကသိုလ် ၂ ခု၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် တို့အပြင် အထက်တန်းကျောင်း များနှင့် ပါ ဆက်သွယ်ရေး လုပ်ငန်းများကို လျှို့လျှို့ဝှက်ဝှက် တိတိကျကျ ဖြစ်ရေးအတွက် အောင်ဝင်းနှင့် ကျောင်းသား တစ်စု ကလည်း ဆောင်ရွက် ခဲ့ကြသည်။

ဆန္ဒပြဖို့ လမ်းမပေါ် ပထမ ဦးဆုံး ထွက်လာကြတုန်းက ကျွန်တော်တို့ အတွေ့အကြုံ မှ မရှိကြဘဲ။ ဒါနဲ့ ကျွန်တော်တို့ ၁၉၇၄ ခုနှစ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လှုပ်ရှား ခဲ့တဲ့ ကျောင်းသား ဟောင်းတွေနဲ့ ဆက်သွယ်ပြီး အကြံဥာဏ် တောင်းခဲ့ကြတယ်။ သူတို့ အတွေ့အကြုံ တွေကို ကျွန်တော်တို့ လေ့လာ ခဲ့ကြတယ်”

ကျောင်းသား လှုပ်ရှားမှု အဖွဲ့အစည်း သဏ္ဍာန်ကို စစ်တပ်နှင့် မဆလ ပါတီ၏ ပုံစံမျိုး အတုယူ ဖွဲ့စည်း ကြခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း စစ်တပ်နှင့် မဆလ ပါတီ အဖွဲ့အစည်း များ၏ ဖွဲ့စည်းပုံ တို့နှင့်သာ ထိတွေ့ နားလည်ခဲ့ကြရသောကြောင့် ဖြစ်သည်။ ပြန်ကြားရေး ဌာန တစ်ခု ဖွင့်ပြီး၊ စာရွက် စာတမ်းနှင့် ပိုစတာများ ထုတ်ဝေ ဖြန့်ချီရေး၊ ကျောင်းသား များ၏ တောင်းဆိုချက်များကို လူထုအား အသိပေး ဖြန့်ချီရေး တို့ကို တာဝန်ယူ လုပ်ကိုင် ခဲ့ကြသည်။

ဘဏ္ဍာရေးဌာန တစ်ခု ဖွင့်ပြီး အလှူငွေ ကောက်ခံ၍ ထမင်းထုပ်နှင့် ရေ တို့ကို တက္ကသိုလ် နယ်မြေရှိ ဆန္ဒပြ ကျောင်းသားများထံ ဝေငှ ဖြန့်ဖြူး ပေးကြသည်။ ကြက်ခြေနီ အဖွဲ့ဝင် ကျောင်းသား ကျောင်းသူများက ဆေးဝါးများ ကောက်ခံ စုဆောင်းကာ ရှေးဦး သူနာပြု တာဝန်များကို ဆောင်ရွက် ကြသည်။

လုံခြုံရေး ဌာနဟု ခေါ်သော အဖွဲ့ တစ်ခု ဖွဲ့စည်းပြီး စစ်တပ်နှင့် ရဲများ၏ လှုပ်ရှားမှုများကို အထဲတွင် စိမ့်ဝင် နေသော အစိုးရ သတင်းပေးများကို စီစစ် ဖော်ထုတ်ခြင်း ဖြစ်သည်။ အစပိုင်း ကတည်းက ပြည်သူများသည် သတင်းပေးနှင့် ထောက်လှမ်းရေး များကို လွန်စွာ မုန်းတီး ခဲ့ကြသည်။ သို့သော် ကျွမ်းကျင် ထက်မြက်လှသော စစ်ထောက်လှမ်းရေး ယန္တရား၏ ဘေးအန္တရာယ်ကို ကျောင်းသားများက ကောင်းစွာ သဘောပေါက် ကြသည်။

“ကျောင်းဆောင် တစ်ခုမှာ ကျွန်တော်တို့ရဲ့ အကျဉ်းထောင် ကိုတောင် ဖွင့်လှစ် နိုင်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ မသင်္ကာတဲ့ သတင်းပေးတွေကို စစ်ဆေး ကြတယ်။ ကျောင်းသား သုံးယောက် အပြစ် ရှိတာ တွေ့ရလို့ သတ်ပစ် ခဲ့ကြတယ်” ဟူ၍ အောင်ဝင်းက ပြောပြသည်။

မတ်လ ၁၈ ရက် သောကြာနေ့။

တစ်ဖြေးဖြေး ရုပ်လုံးပေါ်လာသော ကျောင်းသား အဖွဲ့အစည်း သည် မြေစမ်း ခရမ်း ပျိုး တိုက်ပွဲ ဝင်လေတော့သည်။ အသစ်တဖန် ဖွဲ့စည်း လိုက်သော ကျောင်းသား သမဂ္ဂ က ၁၇ ရက် နေ့ကို နောက်ဆုံးထားပြီး လက်ဘက်ရည်ဆိုင် အရေးအခင်းနှင့် ဆက်စပ် ဖြစ်ပွား ခဲ့သော ပြဿနာများ၏ ဖြစ်ရပ်မှန် များကို သက်ဆိုင်ရာက ကြေညာ ပေးရမည် ဟု အစိုးရအား ရာဇသံ ပေးခဲ့သည်။

အာဏာပိုင်တို့က ကျောင်းသားများ၏ တောင်းဆိုချက်ကို ဥပေက္ခာ ပြုပြီး သူတို့ ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ကျောင်းသား တစ်ဦး သေဆုံး ရခြင်း ကိစ္စ နှင့် ထိုကဲ့သို့သော အမှု ကိစ္စမျိုး ထပ်မံ မဖြစ်ပွား စေရန်၊ လိုအပ်သော တရားဝင် အစီရင်ခံစာကို တစ်လအတွင်း ပြုစု တင်ပြရန် တာဝန်ပေးလိုက်သည်။ (နောက်ဆက်တွဲ (၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များကို ကြည့်ရန်၊ မှတ်ချက် စုဆောင်း တင်ပြသူ)

“ဒီအချက်ကို မူတည်ပြီးတော့ ကျွန်တော်တို့ဟာ တက္ကသိုလ် နယ်မြေများနဲ့ အင်းလျား တစ်ဝိုက်ကနေ အပြင်ထွက် မြို့ထဲ ဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြဖို့ ဆုံးဖြတ် ကြတယ်” ဟု ထွန်းဦးက ပြန်ပြောပြသည်။

“ကျောင်းသူ ကျောင်းသား တွေဟာ အဖွဲ့လေးတွေ ခွဲပြီး ဆိုင်ရာ တက္ကသိုလ်များနဲ့ ကျောင်းဆောင် များ ကနေ ထွက်လာခဲ့ကြတယ်။ တစ်ယောက် စကား တစ်ယောက်နားရောက်အောင် သတင်း ဖြန့်ကြတယ်။ ကျွန်တော်နဲ့ နောက် ၅ယောက်ဟာ ကားစီးပြီး ဆူးလေ ဘုရားလမ်း ကို ချိန်းဆို ထားတဲ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ရောက်လာကြတယ်။ ဒီနောက်တော့ စောင့် နေတဲ့ လူအားလုံး စုစည်း ပြီး တန်းစီ လှည့်လည် ကြတော့တာပဲ”

အံ့သြ တုန်လှုပ် သွားသော မြို့သူမြို့သားများက ကျောင်းသားများကို ကြည့်ရှု နေကြစဉ် ကျောင်းသား ၃၀၀ ခန့်သည် လက်သီး လက်မောင်း တန်းကာ ကြွေးကြော် သံများ ဟစ်ပြီး မြို့လည်ခေါင်ရှိ ဆူးလေ ဘုရားကို ပတ်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။ အတွေဝေဆုံး အထိတ်လန့်ဆုံး ဖြစ်သွားခဲ့သူများမှာ နိုင်ငံခြားသား ခရီးသည် လူငယ်တစ်စုပင် ဖြစ်သည်။ သူတို့ လက်ထဲရှိ လမ်းညွှန် စာအုပ်များ၊ မြေပုံများကို ပစ်ချပြီး စိတ်ရှုပ်သွား ကြသည်။ ဤ နိုင်ငံသည် ငြိမ်းချမ်းသာယာသော မြန်မာ ရွှေပြည်မှ ဟုတ်ပါလေစ။

ထိုရုံးမှ မိန်းကလေး များသည် သံဘာဂျာ တံခါးကို အလျင်အမြန် ပိတ်လိုက်ကြသည်။ နိုင်ငံခြား ခရီးသည် လူငယ် တစ်ဦးက သံတံခါး ပေါက်ကြားမှ နေ၍ သူ၏ ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူ လိုက်သည်။ ထိုဓာတ်ပုံ များသည် နောင်တွင် ကမ္ဘာ့ သတင်းများက ဖော်ပြခဲ့သော မြန်မာပြည် မှ မတ်လ ဆန္ဒပြပွဲ ဓာတ်ပုံများပင် ဖြစ်သည်။ ကမ္ဘာ့သတင်း ဓာတ်ပုံ များတွင် အခြား ကမ္ဘာလှည့် ခရီးသည် တစ်ဦးက တည်းခိုခန်း တစ်ခု အပေါ်မှ ရိုက်ယူ သွားသော ဓာတ်ပုံ အချို့ကိုလည်း တွေ့မြင် ရသည်။

“ဘာဖြစ်တာလဲဗျ”

စိုးရိမ် သွားသည့် ကမ္ဘာလှည့် ခရီးသည် တစ်ဦးက မေးလာခဲ့သည်။

“အဲ့ဒါ ကျောင်းသား တွေပေါ့။ သူတို့ အစိုးရကို ဆန္ဒပြပြီး ဆန့်ကျင် နေတာလေ” အမျိုးသမီး စာရေးမငယ် တစ်ဦးက တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။

“ခင်ဗျား သူတို့ကို ထောက်ခံ သလား”

“ထောက်ခံတာ ပေါ့ရှင်။ ဒီအစိုးရကို လူတိုင်းက စိတ်ကုန် နေပြီ။ ဒါပေမဲ့ ကျွန်မတို့ ဘာတတ်နိုင် မှာလဲ။ သူတို့မှာ သေနတ်ရှိတယ်။ ကျွန်မ လက်ထဲမှာ ဘာမှ မရှိဘူး”

“တစ်နာရီ အတွင်းမှာ ပြည်သူ ၁၂၀၀၀ ကနေ ၁၅၀၀၀ အထိ ကျောင်းသား တွေနဲ့ ပူးပေါင်း လာကြတယ်။ တစ်ချို့ ပြတင်းပေါက်ကနေ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော် သံတိုင်းကို လက်ခုပ် တီးပြီး အားပေးကြတယ်။ ကျောင်းသား တွေက အစိုးရပိုင် ပစ္စည်းတွေကို ဖျက်ဆီး ကြပြီး နိုင်ငံပိုင် ကားတွေကို မီးရှို့ကြတော့ ပြတင်းပေါက်မှာ ရှိတဲ့ လူတွေက အားရပါးရ အော်ဟစ် အားပေးကြတယ်” ဟူ၍ ထိုနေ့က ဟိုတယ်နှင့် ခရီး သွား လာရေးရုံး အတွင်း ရှိနေခဲ့သော ဘာလင်မြို့မှ အနောက် ဂျာမန်ကျောင်းသား တစ်ဦးဖြစ်သူ သောမတ်စ်က သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ သူက ဆက်၍ “လူတွေက အသေအချာ ရွေးပြီးမှ လုပ်တာ။ မီးပွိုင့် တွေကို ရိုက်ချိုး၊ အစိုးရ ကားတွေကို မီးရှို့နဲ့ အစိုးရပိုင် ပစ္စည်းတွေကိုပဲ ဖျက်ဆီး ကြတာပါ။ ပုဂ္ဂလိက ပိုင် ပစ္စည်းတွေကို ဖျက်တာမျိုး ဗရမ်းဗတာ လုယက် ကြတာမျိုး တစ်ခုမှ ကျွန်တော် မမြင်ခဲ့ပါဘူး” ဟု ဆိုသည်။

ဆူးလေ ဘုရား အနီး ရှိ မဟာ ဗန္ဓုလ ပန်းခြံ၌ တာဝန်ကျနေသော ပြည်သူ့ ရဲတပ်ဖွဲ့မှ တပ်သား ၅၀ခန့် သည် ဒေါသ ထွက်နေသော လူအုပ်ကြီး ကိုမြင်၍ ထိတ်လန့်တကြား ဖြစ်ပြီး ထွက်ပြေး ကုန်ကြသည်။

သို့သော် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်းများ မိနစ် အနည်း ငယ် အတွင်း ရောက်ရှိ လာပြီး နံပါတ် တုတ်များဖြင့် ဝင်ရိုက်ကာ လူစုပေးတော့သည်။ ဤနေရာသည် ရန်ကုန်မြို့လယ်ရှိ နိုင်ငံခြား သံရုံး များ၏ ရှေ့တွင် ဖြစ်သောကြောင့် အခြေအနေမှာ လွန်ခဲ့သော တံတားဖြူတွင် ဖြစ်ပွားခဲ့သည့် အနေအထားမျိုး မဟုတ်တော့ပေ။ အချုပ်ကား များ၊ စစ်ကားများ တစ်ဝုန်းဝုန်း တစ်ဂျုံးဂျုံး ထိုးဆိုက်လာကာ ရာပေါင်းများစွာသော ဆန္ဒပြ သူများကို ဖမ်းဆီးပြီး အချုပ်ကားပေါ်သို့ တင်၍ အင်းစိန်ထောင် သို့ ဦးတည် မောင်းလေ တော့သည်။

“ကျွန်တော် ပလီတွေကို အသွား အော်ဟစ် သံတွေနဲ့ အတူ သေနတ် ပစ်ဖောက်တဲ့ အသံတွေကိုပါ ကြားလိုက် ရတယ်။ အချိန်ကတော့ ၂နာရီ ခွဲလောက် ရှိမယ်။ ရွှေတိဂုံ ဘုရားလမ်း သိမ်ကြီးဈေး ညာဘက် ပြည်သူ့ ကုန်တိုက်ကြီး ရှေ့မှာ လူအုပ်ကြီး က မနည်းဘူး။ အဲဒီ လူအုပ်ကြီး ထဲက တစ်ချို့ ကုန်တိုက် အောက်ထပ်ကို မီးရှို့ ကြတော့ ဘေးမှာ ရှိတဲ့ လူထုကြီးက လက်ခုပ်တီးပြီး အားပေးကြ၊ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ကြနဲ့ တကယ့် ပွဲကြီးပွဲကောင်း ပါဘဲ” ဟု ရန်ကုန်မြို့မှ အသက် ၂၃နှစ် အရွယ် မူဆလင် ကျောင်းသား တစ်ဦးဖြစ်သူ ဇော်ဇော်က ပြန်ပြောပြသည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ရပ်ကွက် အလိုက် ‘အုံကြွမှုကြီးများ’ ဖြစ်ပွား လာလေပြီ။ လုံထိန်းများလည်း ဟိုမှ သည်ပြေးကာ လူစုခွဲရန် ကြိုးစား ခဲ့ကြသည်။ သို့သော် အချည်းနှီးပင်။ အခြေအနေကား ထိန်း၍ မရနိုင်တော့ပြီ။

ပြည်သူ့ ကုန်တိုက်ကြီး မီးစွဲလောင် နေသည်။ မီးငြိမ်း သတ်ရန် ဗိုလ်ချုပ် အောင်ဆန်း လမ်းတလျှောက် မောင်းနှင် လာသော မီးသတ်ကား ၃စီးကို ဒေါသမီး တောက်လောင်နေသည့် လူအုပ်ကြီးက ပိတ်ဆို့ကာ ကားတစ်စီးကို စတင်၍ မီးရှို့ လိုက်ကြသည်။ နောက်မှ လိုက်လာသော ကျန် မီးသတ်ကားနှစ်စီးမှာ အမြန် ပြန်ကွေ့ပြီး မောင်းပြေးတော့သည်။ လူအုပ်ကြီးက တယ်လီဖုန်း ကြိုးများကို ဖြတ်တောက် ပစ်၍ မီးပွိုင့် များကိုလည်း ပိုမို ရိုက်ခွဲ ခဲ့ကြသည်။ ချက်ချင်းပင် မြို့တော် နေရာ အနှံ့ အပြားမှ မီးခိုးလုံး မဲကြီးများ တလူလူ တက်လာသည်။

ထိုနေ့ မွန်းလွဲပိုင်း ၌ ကရင်ပြည်နယ် မြို့တော် ဖားအံ မြို့တွင် စခန်းချထားသော တပ်မ ၂၂ မှ တပ်သား အမြောက်အမြား သည် ကားများနှင့် ရောက်ရှိလာကြသည်။ ထို့နောက် ယင်းမြို့တွင် အခြေစိုက်သော တပ်မ ၄၄ မှ လည်းကောင်း၊ ရန်ကုန်မြောက်ဘက် မှော်ဘီ လေတပ်စခန်း ရှိ တပ်မ ၇၇ မှ လည်းကောင်း၊ အထူး တပ်သားများ ရောက်ရှိ လာကြသည်။ သံချပ်ကာ ကားများမှာ သမ္မတ နေအိမ်တော် နှင့် ဦး နေဝင်း၏ အေဒီလမ်းရှိ အင်းလျား ကန် အနီးမှ နေအိမ် တို့ကို စောင့်ကြပ် နေရာယူထားသည်။ မြို့လယ်သို့ ကျောင်းသားများ ထပ်မံ၍ အင်အား မဖြည့်ဆည်း နိုင်ရန် ရွှေတိဂုံ ဘုရားလမ်း တလျှောက်တွင် ဘရင်း ကယ်ရီယာများဖြင့် စောင့်ကြပ် ပိတ်ဆို့ထားသည်။

အနောက် ဂျာမန် ကမ္ဘာလှည့် ခရီးသည် တစ်ဦးဖြစ်သူ သောမတ်စ်သည် ရွှေတိဂုံ ရင်ပြင်၌ အင်္ဂလိပ်လို ရေးထားသော စာတမ်းတစ်ခုကို တွေ့ရှိ၍ သူ့မှတ်စု စာအုပ်တွင် ကူးယူ လာခဲ့သည်။ ထိုစာတမ်းတွင် တက္ကသိုလ် ကျောင်းသားများ က ကမ္ဘာ့ကုလသမဂ္ဂ မှ တဆင့် တိုင်းမ် မဂ္ဂဇင်း အယ်ဒီတာ ထံသို့ အကူအညီ တောင်းခံထားသည်။

S.O.S To Editor Time

c/o UN

Help us!

Burma University Students

မြင်မြင်သမျှ လူများကို ဖမ်းဆီးရန် အာဏာပိုင် များက အမိန့် ပေးထားပုံ ရသည်။ သောကြာနေ့ မွန်းလွဲပိုင်း ဖြစ်သည့် အတွက် ထောင်နှင့် ချီသော မူဆလင် များသည် ဆူးလေ ဘုရား အနောက်ဘက် ကုန်သည်လမ်း တစ်ဝိုက်ရှိ ပလီများတွင် ‘ဂျူမ’ ဘုရား ရှိခိုးပြီး ပြန်လာချိန် ဖြစ်သည်။ ဘုရား ရှိခိုးပြီး ပြန်လာ သူများကို အချုပ်ကား၊ လော်ရီကား များနှင့် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အင်းစိန်ထောင် မဆန့်တော့သည့် အခါ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် လမ်းပေါ်မှ ပြည်သူများကို ရန်ကုန်မြို့ မြောက်ဘက် ကီလိုမီတာ ၁၀၀ ဝေးသော သာယာဝတီထောင်သို့ ပို့ဆောင် ချုပ်နှောင် ထားလိုက်သည်။

အုံကြွမှု ကြီးကို ဦးဆောင် သည်ဟု သံသယ ရှိသူများအား မင်္ဂလာဒုံရှိ နာမည်ကြီး အကျဉ်းထောင် ‘ရေကြည်အိုင်’ သို့ အပို့ခံ ရပြီး ခရီး ဆုံး ကြရသည်။ ယင်း ထောင်မှာ ကြောက်မက်ဖွယ် သူရဲဖြစ်သော စစ်ထောက်လှမ်းရေး အဖွဲ့၏ ကြီးစိုးရာ နေရာ ဖြစ်သည်။

ရန်ကုန်မြို့တွင် တာဝန်ကျနေသော မူဆလင် နိုင်ငံတစ်ခုမှ သံတမန် တစ်ဦးက သူ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ အစီရင် ခံရာတွင် ပြည်သူများကို ဖမ်းဆီးရန် အမိန့် ပေးပုံ ကို ဤသို့ကောက်ချက်ချ ထားသည်။

“လူစု လူဝေးဟူသော ဝေါဟာရသည် တောင် အာရှတိုက် နွယ်ဖွား များကို ဆိုလိုရာရောက်နေသည်။ ထိုသူများ အားလုံးလိုလိုသည် နိုင်ငံခြားသားမှတ်ပုံတင် ကဒ်ပြားများ ကိုင်ဆောင် ထားသည့် နှိမ်ထားခြင်း ခံရသူများ ဖြစ်ကြသည်။ ၁၉၈၂ ခုနှစ်တွင် အတည်ပြုသော နိုင်ငံသား ဥပဒေ ပုဒ်မ အရ ဧည့်နိုင်ငံသား ဟု ဆိုကာ စွန့်ပယ်ခြင်း ခံရသော မြန်မာ ပြည်သူများ ဖြစ်ကြသည်။ အများစုမှာ ရန်ကုန် မြို့လယ် တဝိုက်တွင် လမ်းဘေး ဈေးသည် အဖြစ်ဖြစ်စေ၊ နေ့စား အလုပ်သမား အဖြစ်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပြုကြရသည်။ မြို့တွင်း၌ ဖြစ်ပေါ်နေသော လှုပ်ရှားမှု တို့က မူဆလင်များ အတွက် ပြဿနာ တစ်ရပ် တိုးလာစေသည်။ အဘယ့်ကြောင့် ဆိုသော် သောကြာနေ့ ဘုရားရှိခိုး အပြီးတွင် လမ်းမပေါ်သို့ စုပြုံ ထွက်လာသော မူဆလင်များသည် အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံ များဖြင့် ညံနေသော ဆန္ဒပြပွဲများ အလယ်တွင် အမှတ်မထင် ရောနှောကာ ချောင် ပိတ်မိ၍ ဖြစ်သည်။”

ဆန္ဒပြပွဲများတွင် ပါဝင် လှုပ်ရှားရန် မြို့တော် ရန်ကုန်သို့ ရရာ ကားကြုံ၊ ရထားကြုံ စီးပြီး ဆင်းလာ ကြသော အထက် အညာ တက္ကသိုလ် များမှ ကျောင်းသားများ မှာ ကုသိုလ်ကံ ကောင်းသည်ဟု ဆိုရမည်။ မန္တလေး တက္ကသိုလ်မှ ကျောင်းသား ၇၀ နှင့် ပျဉ်းမနား ရေဆင်း တက္ကသိုလ်မှ ကျောင်းသား ၂၀ တို့ကို သက်ဆိုင်ရာက ရန်ကုန်မြို့ အနီးရှိ လှည်းကူး ဘူတာ မှ တားဆီး၍ နေရပ်သို့ ပြန်ပို့ လိုက်ကြသည်။

အဓိကရုဏ်း ၇ရက် မြောက်သောနေ့ ဖြစ်သည့် သောကြာနေ့ ညပိုင်းတွင် ရန်ကုန်မြို့သည် စိတ်တုန်လှုပ် ချောက်ခြားဖွယ် တိတ်ဆိတ် ငြိမ်သက်နေသည်။ မြန်မာ့ အသံ အဆောက်အဦး အနောက်ဘက် ရှိ ကြံတော သုဿန် မီးသင်္ဂြိုလ်စက်၏ မီးခိုး ခေါင်းတိုင်မှ မီးခိုးလုံးကြီးများမှာ အဆက်မပြတ် တလူလူ ထွက်လျက် ရှိသည်။ ပစ်ခတ် သတ်ဖြတ်ပွဲမှ လူသေ အလောင်းများကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်၏။ ထောင်နှင့် ချီပြီး အဖမ်း ခံခဲ့ရသောကြောင့် လမ်းတကာတွင် လူသူ ကင်းရှင်း နေသည်။ ညမထွက်ရ အမိန့်ကို တရားဝင် ကြေညာခြင်း မရှိဘဲ အစိုးရကားများက တစ်လမ်းဝင် တစ်လမ်းထွက် အသံချဲ့စက် ဖြင့် မြို့နေ လူအပေါင်း တို့အား လမ်းပေါ်သို့ မထွက် ကြရန် အမိန့်ပေး ကြေညာလျက် ရှိသည်။ ပြည်သူများက လမ်းပေါ်သို့ မထွက် ကြတော့ သော်လည်း ပထမဆုံး လူထု အုံကြွမှုကြီးမှာ ရန်ကုန်တစ်မြို့လုံးကို ကိုင်လှုပ် နိုင်ခဲ့သည်။ အမျက်ဒေါသ ထွက်နေသော ပြည်သူ တစ်ရပ်လုံး၏ ပစ်မှတ် မှာ လုံထိန်းများ၏ အကြီးအကဲ လည်း ဖြစ်၊ ဦးနေဝင်း၏ လူယုံလည်း ဖြစ်နေသော ဦးစိန်လွင် သာ ဖြစ်တော့သည်။ တိုက်ဆိုင်မှု သက်သက်ဟု ဆိုရမည်မှာ အရေးအခင်း စတင်ခဲ့ရာ ကြို့ကုန်း အနောက်ပိုင်းရှိ လက်ဘက်ရည်ဆိုင် အမည်သည် ‘စန္ဒာဝင်း’ ဖြစ်ပြီး ဦးနေဝင်း အချစ်ဆုံး သမီး၏ အမည်သည်လည်း ‘စန္ဒာဝင်း’ ဖြစ်နေခြင်း ဖြစ်သည်။


ပြည်ပတွင် ထုတ်ဝေ ဖြန့်ချီခဲ့တဲ့ (၁၇) နှစ်မြောက် အာဇာနည် ဖုန်းမော်နေ့ လက်ကမ်း စာစောင်မှ ကောက်နှုတ်ချက်များ။

၁။ မောင်ဖုန်းမော်- ၂၅နှစ် (ဆေးရုံ မရောက်မီ သေဆုံး) ပဉ္စမနှစ် ရန်ကုန် စက်မှု တက္ကသိုလ်-ဓာတု အင်ဂျင်နီယာကျောင်းသား။

၂။ မောင်စိုးနိုင်- ၂၂နှစ် ( ဆေးရုံတွင် ခွဲစိတ် ကုသမှု ခံယူပြီးနော် ၅-၄-၈၈ နေ့တွင် သေဆုံးသည်) ပဉ္စမနှစ် စက်မှု တက္ကသိုလ်- သတ္တု တူးဖော်ရေး ကျောင်းသား။

၃။ မောင်မြအောင် - ၂၃နှစ်၊ တတိယနှစ် ရူပဗေဒ ကျောင်းသား၊ အိုအေစစ် အဆောင်၊ အနောက်ကြို့ကုန်း။

၎။ မောင်မြသင်း-၁၉နှစ်၊ ပထမနှစ် စက်မှု တက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှု တက္ကသိုလ် ကျောင်းသား။

၅။ မောင်မြင့်ဦး- ၂၃နှစ်၊ နောက်ဆုံးနှစ် စက်မှု တက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှု တက္ကသိုလ်ဝင်း။

၆။ မောင်ဌေးဝင်း-၂၁ နှစ် ဒုတိယနှစ် စက်မှု တက္ကသိုလ် ကျောင်းသား။

၇။ မောင်သန်းဝင်း -၂၂နှစ်၊ နောက်ဆုံးနှစ် စက်မှု တက္ကသိုလ် ကျောင်းသား။

၈။ မောင်ဇော်ဝင်း- ၂၈နှစ်၊ အရပ်သား၊ ဘီ ၉၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။


(၂) စိုးနိုင်- ဒဏ်ရာ ရပြီးနောက် မကျဆုံးမီ ပြောဆိုသွားသော စကားများ

“ကျနော်တို့ ထွက်ပြေးသည့် နောက်ဘက်မှ လှမ်းပစ်သည်ကို ခံလိုက်ရသဖြင့် ကျောတွင် ပူကနဲ ဖြစ်သွားပါသည်။ နောက်မှ ပြေးရင်း အောင့် လာ သဖြင့် လက်ဖြင့် စမ်းကြည့် ရာ လက်တွင် သွေးများ ပေနေပါသည်။ သွေးများ ယိုစီးလာ ပြီးနောက် နာကျင်လာသဖြင့် ငါတော့ ထိသွားပြီလို့ ပြောသည့် အခါ သူငယ်ချင်းများက ဆရာ တစ်ယောက် အိမ်သို့ ပွေ့သွားပါသည်။

ဆေးကုသ ခံနေရစဉ် အတွင်း ခြေထောက်ကို လက်ထိပ်ဖြင့် ခတ်ထားသဖြင့် စိတ်မချမ်းမြေ့ ဖွယ်ရာများ ခံစား နေရပါသည်”

(စိုးနိုင်သည် ၁၄.၃.၈၈ နေ့ နံနက် ၁:၂၅ နာရီတွင် ဆေးရုံသို့ တက်ရောက်ခဲ့ပြီး ၅.၄.၈၈ ညနေ ၆း၃၀ နာရီတွင် ကွယ်လွန်သည်။)


(၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များ

အချို့ တပ်ဖွဲ့ဝင်များ၏ အပြုအမူနှင့် အမူအရာ များမှာ ကျောင်းသားများ ကိုသာ ဦးတည် နှိမ်နင်းသည့် အမူအရာကို ပြသ သည်ဟု ယူဆဖွယ် ရှိပါသည်။ အနီးအနားတွင် ရှိနေသော ဆရာ အချို့၏ အဆိုအရ လုံထိန်း တပ်ဖွဲ့ဝင် များသည် ကျောင်းသား အုပ်စုကိုသာ အဓိက ဦးတည် လိုက်ခြင်းကြောင့် မူလက မျှော်မှန်းထားသကဲ့သို့ အရပ်သားများ ကိုရော၊ ကျောင်းသားများကိုပါ လူစု ခွဲလိမ့်မည်ဟု အထင် ရှိ နေသည့် ကျောင်းသားများ သည် လုံထိန်း တပ်ဖွဲ့ဝင် များ အပေါ် ဒေါသ ဖြစ်ကာ ကျောင်းသားနှင့် လုံထိန်း အပြန်အလှန် ခဲပေါက် သည်ကို တွေ့ရပါသည်။

ထို့ကြောင့်လည်း ကျောင်းသားများက စတင်၍ ခဲများဖြင့် ပစ်ပေါက်ကြ၍ လုံထိန်း တပ်ဖွဲ့ဝင်များ ကလည်း ကျောင်းသားများ ပစ်သော ခဲများဖြင့် ပြန်လှန် ပစ်ခတ်ခြင်း ပြုရာမှ အစ ကျောင်းသားများ နှင့် အရပ်သား အဓိကရုဏ်း အသွင် မှ ကျောင်းသားများနှင့် လုံထိန်း တပ်ဖွဲ့ဝင်များ အဓိကရုဏ်း အသွင် သို့ ကူးပြောင်း သွားသည်ဟု ကော်မရှင် က သုံးသပ်ပါသည်။

လူစု ခွဲရာ၌ မျက်ရည်ယို ဗုံးများဖြင့် စတင် ပစ်ခတ်ကြောင်း၊ လေ တိုက်ခတ်မှုကြောင့် မျက်ရည်ယိုဗုံးများမှာ ထိရောက်မှု မရှိဘဲ လူစု ကွဲ မသွားသဖြင့် ၁၂ ဘိုး ရီမင်တန် ပြောင်းချော သေနတ်များဖြင့် ပစ်ခတ်ကာ လူစု ခွဲ လိုက်ရကြောင်း၊ ထိုသို့ မဆောင်ရွက်မီ လူစု ခွဲကြရန်နှင့် လူစု မခွဲလျှင် အင်အား သုံး၍ လူစု ခွဲရပါမည်ဟု လည်းကောင်း၊ ၁၀ မိနစ် ခြား နောက်ထပ်မံ၍ လူစု ခွဲကြရန်နှင့် လူစု မခွဲလျှင် မျက်ရည်ယိုဗုံး ပစ်၍ လူစု ခွဲမည်။ လူစု မကွဲလျှင် သေနတ်ဖြင့် ပစ်ခတ်မည် ဟူ၍ လည်းကောင်း၊ ၃ကြိမ်စီ သတိပေး ကြေညာကြောင်း အဓိကရုဏ်း နှိမ်နင်းရေး တပ်စုမှူးက ဆိုပါသည်။ လူစုခွဲရန် အမိန့်ကို လိုက်နာရန် တာဝန် ရှိသည့် ကျောင်းသားများ ကမူ ယင်းသို့ ကြေညာ သည်ကို မကြား ရကြောင်း ထွက်ဆိုသည့်အပြင် ပတ်ဝန်းကျင် ရှိ ဆရာ အချို့ကလည်း ထိုကဲ့သို့ သတိပေး ကြေညာသည့် အသံကို မကြားရကြောင်း လက်ပစ်ဗုံး ပစ်သံနှင့် တစ်ဆက်တည်း သေနတ်သံ ကဲ့သို့ အသံများ ကြားရသည့် သဘော ထွက်ဆို ထားကြပါသည်။ ထိုကြောင့် လူစုခွဲသည့် ပုဂ္ဂိုလ်က သေနတ် မပစ်မီ ကြိုတင် သတိပေး ကြေညာရာ၌ လိုက်နာရန် တာဝန်ရှိသော ကျောင်းသားများ ကြားနိုင်အောင် ကြေညာ သင့်သည်ဟု ကော်မရှင်က သုံးသပ် ခဲ့သည်။

ယခု အရေးအခင်း၌ အဓိကရုဏ်း နှိမ်နင်းရာတွင် ပါဝင် ကွပ်ကဲ ဆောင်ရွက် သည့် ပုဂ္ဂိုလ်များမှာ တပ်မတော် မှ ပြည်သူ့ ရဲတပ်ဖွဲ့ သို့ အသွင် ကူးပြောင်းလာသည့် ပုဂ္ဂိုလ် များ ဖြစ်ကြောင်း တွေ့ရှိ ရသည်။ ထို့ပြင် အဓိကရုဏ်း နှိမ်နင်းသည့် အတွေ့အကြုံ မရှိခဲ့သေးကြောင်းလည်း ကော်မရှင်မှ မေးမြန်း၍ သိရပါသည်။ ထို့ကြောင့် အဓိကရုဏ်း နှိမ်နင်းရာတွင် မြို့ပြ အင်အားကို အသုံးပြု ဆောင်ရွက် ရာ၌ လိုက်နာ ရမည့် အဆင့်ဆင့်သော အချက်များကို တပ်အင်အား ဖြင့် နှိမ်နင်းသည့် နည်းလမ်းများဖြင့် ရောထွေးကာ ကိုင်တွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်နိုင်သည် ဟုလည်း ကော်မရှင် က သုံးသပ် ပါသည်။

အမိန့်ပေးသူ- ရန်ကုန်တိုင်း ပြည်သူ့ ရဲတပ်ဖွဲ့ မှူး ဦးဖေကြည်။

Field commander မှာ အဓိကရုဏ်း နှိမ်နင်းရေး တပ်စုမှူး ဦးအောင်မြင့်။

သေနတ်ဒဏ်ရာနှင့် လဲနေသော မောင်မြသင်း၊ သေနတ် မှန်မည် စိုး၍ ပုန်းကွယ်ဝပ်နေကြသော မောင်ဇော်ဝင်း၊ မောင်ဌေးဝင်း၊ မောင်သန်းဝင်း တို့ ကဲ့သို့သော အန္တရာယ် မပြုနိုင်တော့သည့် သူများကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင် လူငယ် အချို့က တုတ်ဖြင့် ရိုက်ခြင်း၊ ခြေဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်ခြင်း စသည်တို့ကို ဆက်လက် ပြုမူခြင်းမှာ မပြုလုပ်သင့် ဟု ဆိုခဲ့ပါသည်။

* * * * * * * * *

ဘာတီးလင့်တနာ Bertil Lintner- "Outrage Burma struggle for Democracy" first Burmese edition published in the UK in 1990 by Peacock press, Edinburgh. Scotland စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၁) “ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်” ကို မူရင်းအတိုင်း မျှဝေပါသည်။
လင့်-https://www.box.com/shared/6mn6mkbn7h

ဓာတ်ပုံ- အင်းလျားကန်ဘောင် အောက်မေ့ဖွယ် အခမ်းအနားတွင် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူခဲ့ကြပုံ (၁၉၈၈ စက်တင်ဘာ ၅ရက်)

ဆက်လက် ဖော်ပြပါဦးမည်။
လေးစားစွာဖြင့်
ကျော်နိုင်
June/29/2013




စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံ လိုက်ရ တာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။
တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေး အသု ဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေး ရဲ့အကိုက မသေပါဘူး။
သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)
ဧရာဝတီ

0 အကြံပြုခြင်း: