Tuesday, March 18, 2014

တိုင်းရင်းသားများရဲ့ ဖယ်ဒရယ်တပ်မတော်ကိစ္စ လက်တွေ့မဆန်ဘူး ဘာတေးလစ်တနာ ရှုမြင်



 Kamayut Media on March 18, 2014 at 4:23 pm
kamayutmedia.com

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်တပ်မတော် အယူအဆ လက်တွေ့မဆန်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေး လစ်တနာက ယူဆပါတယ်။ ဘာ့ကြောင့် လက်တွေ့မဆန်ဘူးလို့ မြင်တာလဲ။

တပ်မတော်တစ်ခုတည်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ရင်းတွေ အစုအဖွဲ့လိုက် ရှိနေနိုင်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဆုံးဖြတ်နိုင်တဲ့ စစ်တပ်ငယ်လေးတွေမျိုး ဘယ်တိုင်းပြည်မှာမှ မရှိနိုင်တာကြောင့် ဘယ်လိုဖယ်ဒရယ်မျိုးလဲဆိုတာ သူနားမလည်ဘူးလို့ ဆိုပါတယ်။

ဘယ်လိုစနစ်မျိုး ထူထောင်မလဲစဉ်းစားတဲ့အခါ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ခပ်ဆင်ဆင်တူညီတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ငြိမ်းချမ်းရေးကဏ္ဍမှာ တရုတ်နိုင်ငံက အဓိကကူညီပေးနေပြီး တရုတ်စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတဲ့ ဝတပ်ဟာ မြန်မာပြည်ထဲမှာ ရှိနေတယ်ဆိုတာ သတိပြုစဉ်းစားရမယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့လက်ရှိ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် ဖွံ့စည်းပုံပြုပြင်ပြောင်းလဲရေး လိုအပ်နေတယ်လို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကနေ ဦးဆောင်စီစဉ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြာခဲ့တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေထောက်ပံ့မှုတွေ အများကြီးယူထားတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာဟာ ရည်မှန်းချက်ရောက်အောင် မလုပ်နိုင်သလို လုပ်ခွင့်လည်း မရှိတာကြောင့် ငြိမ်းချမ်းရေးအဖြေကို ရှာမပေးနိုင်ဘူးလို့ ဘာတေးက ဆိုပါတယ်။





(( ဧရာဝတီ ))
ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ ဆောင်ရွက်မှု များသည် စနစ်ပြောင်းပြန် ဖြစ်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တ်နာက ဝေဖန် ပြောဆို လိုက်သည်။

“အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကြည့်မယ် ဆိုရင် တကယ်တမ်း ဖြစ်သင့်တာက စကား ပြောပြီးမှ သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမှာပါ၊ အခုတော့ အရင် လက်မှတ် ထိုးမယ်၊ ပြီးမှ နိုင်ငံရေးအရ စကားပြောမယ် ဆိုတဲ့ ကိစ္စက စကားပုံ အနေနဲ့ပြောမယ် ဆိုရင် နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက်နေသလို ဖြစ်နေပါတယ်”ဟု ၄င်းက ပြောဆိုသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ယမန်နေ့က ကျင်းပသည့် “ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ” ဟောပြောပွဲတွင် ဘာတေးလ် လင့်တ်နာ(Bertil Lintner)က အထက်ပါ အတိုင်း မြန်မာ စကားပုံ တချို့နှင့် ခိုင်းနှိုင်း၍ ဝေဖန် ပြောကြားခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အခြေအနေကို ကြည့်မယ် ဆိုရင် သူတို့ အနေနဲ့ ရွေးကောက်ပွဲတွေ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်၊ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံး သွားပေမယ့် အဲဒီ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေနဲ့ ထိုး စစ် ဆင်တာတွေ တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အဲဒီအပေါ် ယုံကြည်ဖွယ် မရှိဘူးဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး”ဟု ဘာတေးလ် လင့်တ်နာက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လက်ရှိ လုပ်ငန်းများတွင် စီးပွားရေးဇုန် တခု ကဲ့သို့ သဘောထားပြီး အသုံးချနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုတဲ့ ကိစ္စက တကယ့် စီးပွားရေးကြီး တခုလို ဖြစ်လာပါတယ်၊ ဘာဖြစ်လို့လည်း ဆိုရင် နိုင်ငံတကာ အဖွဲ့တွေ အများကြီး ရောက်လာ ကြတယ်၊ အဲဒီ အဖွဲ့တွေက တိုးဝှေ့ ပြီးတော့ နေရာ ရအောင် လုပ်နေကြတယ်၊ ရေရှည်မှာ ဘာဖြစ်လာမလဲ ဆိုရင် သူတို့တွေဟာ မြန်မာပြည်ကိုထားပြီး တခြားနေရာ အသီးသီးကို ဆက်လက် သွားကြမှာပါ၊ ဒီမှာ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေ ရှုပ်ထွေးမှုတွေ ကျန်နေခဲ့ပါမယ်၊ ကျနော်တို့ အနေနဲ့ ဒီအပေါ် ခွဲခြမ်း စိတ်ဖြာပြီး ပြန်လည် သုံးသပ်ဖို့ လိုပါတယ်”ဟု ဘာတေးလ် လင့်တ်နာ က ထောက်ပြသည်။


0 အကြံပြုခြင်း: