Monday, March 24, 2014

''ဆရာမ မိချမ်းဝေသို့ အိတ်ဖွင့်ပေးစာ''



- ပိုပြည့်သူ (ပြည်ဦးလွင် NLD လူငယ်)

(၁.၃.၂၀၁၄) တနင်္ဂနွေ နေ့ထုတ် Street View ဂျာနယ် မှာ ဆရာမ မိချမ်းဝေ ဧရာဝတီ စာပေပွဲတော် အကြောင်း ရေးခဲ့တာ ဖတ်ရှုရပါတယ်။

ဒီနေရာမှ ကျွန်မကြိုတင်ပြီး ပြောပြထားချင်တာက ကျွန်မက ဆရာမ မိချမ်းဝေရဲ့ စာဖတ်ပရိသတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆရာမရဲ့ ဆောင်းပါးမှာ အမှတ်မထင် ပါလာတဲ့ စာသားလေးက ဆရာမရဲ့ စိတ်ခံစားချက်လေးကို ဖော်ပြ လိုက်တယ်လို့ ထင်မိပါတယ်။ ပါတီနာမည် တပ်မထား ပေမယ့် ဆရာမ ဘယ်ပါတီကို ပြောလဲဆိုတာ စာဖတ်သူတိုင်း သိမှာပါ။

“စာပေပွဲတော်သို့ စာပေ စိတ်နှင့်လာခြင်း မဟုတ်သူများကိုလည်း တွေ့ရသည်။ ထိုသူများသည် သူတို့ ခေါင်းဆောင် ဘာတွေပြော နေသည်ကိုလည်း စိတ်မ၀င်စား၊ သိလည်းမသိ (ဘိုလို ပြောနေခြင်းကြောင့်) သိရန်လည်း မကြိုးစား၊ လက်ခုပ်တီးဖို့ သက်သက် ရောက်လာသူတွေ ဖြစ်သည်။ ဆရာမရဲ့ မှတ်ချက် အတွက် ကျွန်မတို့ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘိုလိုပြော နေတာတွေကို သူတို့ နားမလည်ဘူး ဆိုတာလဲ မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခုပ်တီးဖို့ သက်သက်ပဲ ရောက်လာတဲ့ လူတွေရဲ့ ရင်ထဲကို ၀င်ကြည့်ရင် လူထုခေါင်းဆောင် အတွက် ဘယ်လောက် ဂုဏ်ယူနေမလဲ ဆိုတာ သိနိုင်ပါတယ်။ နိုင်ငံတကာက စာပေ ပညာရှင်တွေနဲ့ ဆွေးနွေးနေတယ် ဆိုတဲ့ အသိနဲ့တင် တစ်ကမ္ဘာလုံးက လေးစားရတဲ့ အမျိုးသမီးကြီးကို အားပေးဖို့ နေပူကျဲတဲမှာ ထိုင်ပြီး ဂုဏ်ယူဝံ့ ကြွားစွာ လက်ခုပ်တီး နေကြတာပါ။

ကျွန်မ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စဉ်းစား ဉာဏ်ရှိတဲ့ ပညာတတ် အလွှာကတော့ ကျိန်းသေ ထောက်ခံမှာပဲလို့ ထင်ခဲ့ဖူးတယ်။ နောက် ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDတို့ ၀င်ဆံ့လာမှုကို Elite အလွှာက လူတွေ သိပ်သဘောမကျတဲ့ အသံတွေ ထွက်လာပါတယ်။ NLDရဲ့ အားနည်းချက် က ဒေါ်စုသာ မရှိတော့ရင် ဘယ်သူတွေက ဆက်ပြီး ပါတီကို ဦးဆောင်နိုင်မှာလဲ “သူ့ပါတီမှာ ပညာတတ်တွေ နည်းတယ်၊ ဒေါ်စုသာ သမ္မတ ဖြစ်ရင် အဲဒီလူတွေ ၀န်ကြီးတွေ ဖြစ်ကုန်မှာပေါ့” ဒါကျွန်မတို့ နားကို ပုံစံမျိုးစုံနဲ့ ကြားနေရတဲ့ စကားသံတွေပါ။

ဒါဆိုရင် NLD အတွက် မဟုတ်ဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတွက်ရော “စွမ်းဆောင်ရည် ပြည့်တဲ့ လူငယ်ပညာတတ်တွေ ဘယ်နှရာခိုင်နှုန်း ရှိပါသလဲ။ ဒါက ကျွန်မတို့ အားလုံး အတွက် မဖြစ်မနေ မေးခွန်းပါ။

တစ်ကမ္ဘာလုံးက အသိအမှတ် မပြုတဲ့ နိမ့်ပါးတဲ့ ပညာရေးစနစ် အောက်မှာ ကံဆိုးစွာ ပညာသင် ခဲ့ရတဲ့ ကျွန်မတို့ ဘယ်လူငယ်တွေ ကရော ဘ၀အိပ်မက် အကြီးကြီး မက်နိုင်ခဲ့လို့လဲ။ တက္ကသိုလ်က ဘွဲ့တော့ ရခဲ့ပါရဲ့။ ရထားတဲ့ ဘွဲ့က လက်တွေ့မှာ အသုံးမ၀င်လို့ ကြုံရာကျပန်း လုပ်ကိုင် စားသောက်ရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။ မှားယွင်းတဲ့ ပညာရေး စနစ်က အလွတ်ကျက်၊ အလွတ်ဖြေ၊ ၏ သည် မလွဲစေရ စာမေးပွဲ စနစ်က ကျောင်းသားလူငယ်တွေ ရဲ့ Critical Thinkingကို ဖြစ်ထွန်းခွင့် မပေးခဲ့ဘူး။

ငွေကြေး တတ်နိုင်တဲ့ မိဘတွေက ကိုယ့်သားသမီးကို မြန်မာနိုင်ငံရဲ့ ပညာရေးကို မသင်ခိုင်းတော့ဘဲ နိုင်ငံတကာက ကျောင်းတွေမှာပဲ ပညာသင် စေခဲ့တယ်။ သူတို့တွေ ပညာ တတ်မြောက်လာတဲ့ အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေနဲ့တန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတဲ့ နိုင်ငံခြားမှာပဲ အခြေချ နေထိုင်ကြတယ်။

ကျွန်မတို့ မြန်မာ တိုင်းရင်းသား ပညာတတ်တွေ ကမ္ဘာအနှံ့မှာတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာပဲ မရှိတာပါ။

ကျွန်မတို့ မျက်စိပိတ်နားပိတ် ပါးစပ်ပိတ် အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ လူငယ် မျိုးဆက်တွေ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ စီးမျောဖို့ ကြိုးစား ရဦးမှာပါ။ အမျိုးသမီး အခွင့်အရေးတွေ၊ တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်မှုများ မဖြစ်ရေးတွေ၊ စည်းကမ်းတကျ စီတန်းတာတွေ၊ အမှိုက်ကို စည်းကမ်းမဲ့ မပစ်ဖို့တွေ (ကိုယ့်အလှည့် မရောက်ခင်၊ မတူကွဲပြားတာကို လက်ခံဖို့တွေ လိုက်နာ ဖို့တွေ ကျွန်မတို့ လူငယ်တွေ အများကြီး ကြိုးစားရဦးမှာပါ) ၂၀၁၃ ခု၊ Myanmar Egressက ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူဦးရေ ၂ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ ဘယ်လောက် ပွင့်လင်းမြင်သာ လာပါ တယ် ပြောပြော၊ အာဏာရှင် စနစ်နဲ့ နေခဲ့ရတဲ့ မြန်မာနိုင်ငံ သူ နိုင်ငံသားတွေ မှာ အကြောက်တရားက ကြီးစိုးတုန်းပါ။ ၁၉၆၂ မတ် ၂ရက် အိမ်စောင့် အစိုးရ အာဏာ သိမ်းပြီးချိန်က စပြီး Political Scienceလို ဘာသာရပ်တွေက သင်ရိုးကနေ တဖြည်းဖြည်း ပျောက်ကွယ် ခဲ့ရတယ်။ ၁၉၈၈ စစ်တပ် အာဏာသိမ်းပြီး ချိန်မှာတော့ နိုင်ငံရေးဆိုတာ စကားလုံး အဖြစ်တောင် ဟလို့ မရတော့တဲ့ အနေအထား ရောက်ခဲ့တာပါ။

ဒီလို ခေတ်စနစ်ဆိုးက လာတဲ့ လူငယ်တွေကို သိမှု နိမ့်ကျ လှချည်လား၊ နိုင်ငံရေး အသိ အမြင် နည်းပါးလှ ချည်လားလို့ ပြောနေမဲ့အစား လူငယ်တွေရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ဆောင်ရွက်ပေး သင့်ပါတယ်။ ကျွန်မတို့က မတတ်တာကို သင်လို့ ရပါတယ်။

လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ပဲ လိုအပ်တာပါ။

မကြာတော့တဲ့ ၂၀၁၅မှာ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု နှစ်ရပ် ကြုံရ မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲ နဲ့အတူ AFTA (Asean Free Trade Area) ထဲ ပါဝင် ရမှာပါ။ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လူငယ်တွေမှာ Capacity ပြည့်ဝဖို့ အထူး လိုအပ်နေပါပြီ။ ကျွန်မ ဆရာ ဦးဖေအောင်ဇင်က အမြဲ ပြောပါတယ်။ ခေတ်သစ် အသုံးအနှုန်း( အင်္ဂလိပ်စာ၊ အင်တာနက်၊ နည်းပညာ) မတတ်ရင် နောင်မှာ ခင်ဗျား စားပွဲထိုးတောင် လုပ်လို့ မရတော့ဘူးတဲ့။ ကျွန်မတို့ နိုင်ငံ အတွက် စိန်ခေါ်မှုက ပြင်းထန် လာပါပြီ။

စိတ်ဝမ်းကွဲပြီး အိမ်ကြက်ချင်း၊ အိုးမဲသုတ်ရင်း ခွပ်တာတွေလည်း ရပ်သင့် ပါပြီ။ ရောင်နီသန်းစပြု လာတဲ့ ဒီမိုကရေစီ အလင်းရောင်လေး မြန်မာနိုင်ငံမှာ ထိန်ထိန် သာအောင် အားလုံး လက်တွဲပြီး ကြိုးပမ်း သင့်ပါပြီ။ NLD တစ်ခုပဲ လက်ညှိး ထိုးပြီး NLD လူငယ်တွေ Capacity နိမ့်တယ်လို့ ပြောနေမယ့် အစား လူတိုင်း ကိုယ့် Capacity ကိုယ်မြှင့်သင့် နေပါပြီ။ ဒါက မြန်မာ တစ်နိုင်ငံလုံးရဲ့ အရေးလို့ လက်ခံသင့်ပါပြီ။

ဘဲအုပ်က တစ်ထောင် နှစ်ထောင် ဖြစ်နေရင်လည်း ဗေဒါပျံကတော့ အံကိုခဲပြီး ပန်းပန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

- ပိုပြည့်သူ (ပြည်ဦးလွင် NLD လူငယ်)

0 အကြံပြုခြင်း: