Monday, March 31, 2014

ယူနတီသတင်းထောက်ကိုလူမော်နှင့်အဖွဲ့ဒီနေ့တရားခွင်

ဓါတ်ပုံ-မလွင်


Ma Lwin
March 25
တရားရုံးမှာ စစ်ဆေးချက်တွေအရ တော့ ပြစ်မှုမမြောက်တာက ထင်ရှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယူနတီမှာသတင်းရေးပြီး အမှုဖြစ်မှသာ တားမြစ်နယ်မြေ တို့ တပ်ပိုင်မြေတို့ ဆိုတဲ့ ဆိုင်းဘုတ်အသစ်တွေထောင်ကြတယ်။ တပ်မတော်သားကြီးများကတော့ ဟိုတုန်းတည်းကရှိတာပါလို့ ညာတယ်။ လယ်သိမ်းခံ ရွာရွှေ့ပြောင်းခံရသူ ခုလဲ တရားလိုပြစာရင်းမှာထည့်ထားလို့ ထွက်ဆိုချက်ပေးရတဲ့ ကိုကြည်ဝင်းကတော့ ဘုတ်တိုင်တွေက အမှုဖြစ်ပီးမှစိုက်တာပါတဲ့။ တဧကကို ငါးထောင်နှုန်းတောင်မရတဲ့ သူတို့လယ်သမားတွေက ညာမှာမဟုတ်ဖူး။ တကယ်ခံစားရသူတွေကိုး။ ဧကပေါင်း ၃၆၈၂၇ ဧက ဆိုတာနည်းသလား။ နစ်နာကြေးတစုံတရာ မပေးတာ လူလူချင်း စာနာစိတ်ရှိလား။
လုံခြုံရေးဂိတ်တွေထားပါတယ်လို့ လုံခြုံရေးအရာရှိက ထွက်ဆိုပေမယ့် ယူနတီသတင်းထောက်တွေက
ဝင်တယ်ဆိုတာကိုမသိတဲ့အထိ လုံခြုံရေးကောင်းမွန်တာတွေ့ရတယ်။ ဝင်တယ်ဆိုသော်ညား အထဲမှာအုတ်သယ်ပီးပြန်ထွက်လာတာပါ။ကြည့်ရုံလေးပါပဲ။ ဂျာနယ်မှာပါတဲ့ဓာတ်ပုံတွေက စက်ရုံအပြင်ကရိုက်တာကို ကလေးကို ပြရင်တောင်သိနိုင်တယ်။ ဒါပေမယ့်ဘူးခံပီးငြင်းတယ်။ လုံခြုံရေးပေါ့ဆမှုကိုကျတော့ အရေးမယူတာဟာ ဘက်လိုက်တာပါပဲ။ နောက်တခု လိုပြသက်သေကို ရွာအထိသွားခေါ်ပီး သတင်းတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းထားတာ သုံးရက်လုံးလုံး။ရုံးလာ ရုံးကပြန် ရဲနဲ့။ ဖြစ်သင့်လား ကျမ မိတ်ဆွေတွေပဲစဉ်းစားကြည့်ပါအုံး။
တရားလို ဗိုလ်မှုးဆိုသူက သူစွဲထားတဲ့ပုဒ်မဟာ ဘာပုဒ်မမှန်းမသိတာကလဲ ထူးဆန်းတာပဲ။ ထူးဆန်းပေမပေါ့။ သမ္မတရုံးက စွဲလိုက်ပါလို့ညွှန်ကြားပေသကိုး။ အဲလိုစွက်ဖက်ခွင့်ရှိလား။ နားမလည်လို့ပါ။ အခုလဲလယ်သိမ်းခံရွာတွေကို ၁၄၄ ဆိုတာကြီးထုတ်မယ်လို့ အုတ်အော်သောင်းနင်းဖြစ်နေလေရဲ့။
သြော် ဒုက္ခ ပါလား။ တရားလိုက ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမသိပဲ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကျတော့ သိတယ်ဆိုပြန်တယ်။

တရားခွင်မှာ စွပ်စွဲခံရသူရဲ့မိသားစုတွေထိုင်တာကို တရားသူကြီးက အမြင်ကတ်ဟန်တူပါရဲ့။ နေကောင်းကာစ ကျမသမီးကြောင့် ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကျမကို မျက်စေ့စပါးမွှေး စူးဟန်ရှိတယ်။ ကိုယ်ခွဲမရှိတဲ့ ကျမအတွက် ကလေးကိုအမြဲခေါ်သွားတာ အပြစ်လား။ အံမယ် သူကပြောသေး။ ကလေးကတရားခွင်မှာ ကလေးတွေကိုမရှိစေချင်တာ ကလေးတွေရဲ့အနာဂတ်ကြောင့်ပါ ဆိုပဲ။ ကျမကတော့ ရင်ထဲကမပါတဲ့ မမှန်တဲ့စကားကို ဘယ်တော့မှပြောလေ့မရှိ။ ကလေးရဲ့အနာဂတ်ကိုသာ သူတို့စာနာတတ်ရင် ကျမနဲ့သမီး ကိုထောင်ထဲကိုထည့်မှာမဟုတ်ဖူး။

ကျမ သမီးလေး ပင်ပန်းတဲ့ဒဏ်ကိုမခံနိုင်တော့ဘူး။ ဖျားတာ နဲ့ဝမ်းလျှောတာ အပြိုင်ဖြစ်သွားပြီး သတိလစ်တဲ့ထိဖြစ်သွားတယ်။ လက်တွေခြေတွေ ကောက်ကွေးသွားတဲ့ သမီးကိုကြည့်ပြီး ခေါ်မရလို့ ငိုမိတယ်။ ဆေးရုံကိုအပြေးသွားပြီး ဆေးတွေအတင်းထိုးခိုင်းရတယ်။ အောက်ဆီဂျင်ပေးရတယ်။ ခုတော့သက်သာနေပါပြီ။

0 အကြံပြုခြင်း: